ဒီနေ့
ဒီဇင်ဘာ ၃၁ရက်။ ၂၀၁၂မှာ ကမ္ဘာပျက်မယ်လို့ ပလူပျံအောင်ပြောနေသံများကြားက
ဆက်လက်ရှင်သန်ကျန်နေသေးတဲ့ သက္ကရာဇ်တစ်ခုရဲ့ နောက်ဆုံးလက်ကျန်ရက်တစ်ရက်။
ထို့အတူ
ကျနော့်ရင်ထဲက ၀မ်းနည်းမှုတွေအစိုင်အခဲလိုက် ပုံပျက်ပန်းပျက်
ပြိုကျထွက်အန်လာတဲ့ရက်တစ်ရက်။
ပြင်းထန်စွာအောင့်နေတဲ့
ဝဲဖက်ရင်ညွှန့်ကို ချွေးစေးတွေနဲ့ စေးထန်းနေတဲ့ ညာဖက်လက်နဲ့ ခပ်သာသာလေး
ဖိထားလိုက်ရင်း...ပြတင်းတံခါးဆီကိုသွားဖို့ အားယူထလိုက်တယ်။
"ကျွတ်...ကျွတ်....ရင်ဘတ်အောင့်လိုက်တာ"...... ခပ်သာသာလေးတကိုယ်ထဲ
ကြားရုံငြီးလိုက်မိတယ်။ ကျန်နေသေးတဲ့ ဗယ်ဖက်လက်ကလေးနဲ့
ပါးလွှာတဲ့လိုက်ကာစလေးကို မ တင်ဖို့တောင် အင်အားတွေ
ဆုတ်ယုတ်နေခဲ့ပြီလား။ပွင့်သွားတဲ့ လိုက်ကာအောက်မှာတော့ မိုးရွေတွေက ဖွေးလို့။
လျှပ်စီးရောင်တလက်လက်ကြားမှာ မိုးကြိုးပစ်သံတွေကဆူညံနေခဲ့တယ်။လျှပ်ရောင်အောက်က
တချက်တချက်မြင်လိုက်ရတဲ့ အမှောင်ကမ္ဘာ မိုးရေထဲမှာ ချစ်သူကပဲပြုံးပြနေသလိုလို။
........လွမ်းလိုက်တာကွာ။
တအိမ်လုံးမှာတစ်ယောက်ထဲမို့
တိတ်ဆိတ်နေတဲ့ အချိန် စားပွဲပေါ်မှာတင်ထားခဲ့တဲ့ ဖုန်းလေးက
တီးလုံးသံလေးထွက်လာခဲ့တယ်။ သွေးပျက်မတတ်ခံစားရမှုတွေကြားထဲက မျက်ဝန်းလေး
လက်ကနဲနေအောင်ပဲ ၀မ်းသာမှုတွေလှိုက်လှဲခုန်တက်လာတယ်။
ဟင့်အင်း...မိုးချိမ်းသံတွေကြောက်တတ်တဲ့ ကျနော်တစ်ယောက်ထဲမဟုတ်ဘူး။ ပြင်ပလောကနဲ့
ဆက်သွယ်ဖို့ လက်ကိုင်ဖုန်းလေးရှိသေးတာပေါ့။ဝမ်းသာမှုနဲ့အတူ အမှောင်ကမ္ဘာမိုးရေ
မြင်ကွင်းကို ကျောခိုင်းလို့ မတ်မတ်တောင်မလျှောက်နိုင်လောက်အောင် ယိုင်နဲ့နေတဲ့
ခြေလှမ်းနဲ့ ဖုန်းလေးဆီ အားယူလျှောက်ခဲ့တယ်။ အနားနီးလာလေလေ
ချစ်သူအတွက်သီးသန့်ရွေးချယ်ထားတဲ့ Ringing Tone မဟုတ်တာ သေချာသွားလေလေဖြစ်ခဲ့တယ်။
ချစ်သူဆီကမဟုတ်ခဲ့ရင်တောင် ငါ့ဆီအဖော်ပြုမယ့် ဖုန်းလေးတချက်ပဲ။ ဖုန်းနားရောက်တော့
မွေ့ယာပေါ် ပစ်လှဲလိုက်ရင်း ဘယ်သူခေါ်ပါလိမ့်လို့တောင်စစ်ဆေးကြည့်မနေတော့ဘဲ
ကောက်ကိုင်လိုက်တယ်။
"ဟဲလို"
လက်ခံစကားပြောတဲ့
အသံကခြောက်သွေ့စေးကပ်နေတဲ့ လျှာများကြားက အက်ရှတိုးတိတ်ပြီးထွက်သွားတယ်။
"သားလေးလား
မေမေပါသားရဲ့။ ငါ့သားနေကောင်းလား။ နေ့ခင်းကမေမေမှေးကနဲ အိပ်ပျော်သွားတုန်း
ငါ့သားလေးကို အိပ်မက်လို့။ ခုဘာတွေလုပ်နေလဲသား။ မင်းညီမလေးတွေကတော့ ထုံးစံအတိုင်း
မေမေတို့ကို ဟော့ပေါ့ လုပ်ကျွေးမယ်ဆိုပြီးစီစဉ်နေကြပြီ။ နှစ်တိုင်းလိုပဲ
ငါ့သားလေးကိုသတိရလို့ဆက်လိုက်တာ။ ဖုန်းကလည်းခေါ်ရခက်လိုက်တာကွယ်။ အကြာကြီးခေါ်ရတယ်။
ခုမှဝင်သွားတာ။ သူငယ်ချင်းတွေနဲ့လျှောက်လည်နေပြီလားသား။ ပျော်အောင်နေနော်"
ဆက်တိုက်ကြားနေရတဲ့
သတ္တုသံကြားကမေမေ့အသံမှာ မေတ္တာဓာတ်နဲ့ မောဟိုက်မှုတွေပါနေတယ်။
ဝမ်းနည်းမှုကြောင့်ပေါက်ကနဲကျလာတဲ့ မျက်ရည်တွေကြားမှာ ကျနော့စကားသံကြားရဖို့
အာရုံစူးစိုက်နားထောင်နေရှာရင်း စိုးရိမ်နေရှာမယ့် ငွေရောင်ဆံပင်အချို့နဲ့
မေမေ့မျက်နှာကို မြင်လိုက်ရတယ်။
ခြောက်သွေ့အေးစက်နေတဲ့
နှုတ်ခမ်း၂လွှာကို လျှာနဲ့အသာသပ်လိုက်ရင်း "ဟုတ်ကဲ့မေမေ ကျနော်နေကောင်းပါတယ်။
သူငယ်ချင်းတွေနဲ့ count down လုပ်ဖို့ မြို့ထဲသွားလည်မယ်လေ။
ခုဒီကောင်တွေကိုစောင့်နေတာ မိုးရွာလို့နောက်ကျနေတယ်ထင်တယ်။ဟော...လာပြီထင်တယ်မေမေ
တံခါးခေါက်သံကြားတယ်။"
"အေး...ဟုတ်ပြီသား..ပျော်ပျော်ပါးပါးသွားကြနော်။
မေမေတို့က မိသားစုနဲ့ပျော်နေပြီးသားလေးတစ်ယောက်ထဲ မိသားစုကို လွမ်းနေမလားလို့
မေမေဆက်လိုက်တာ။ နောက်မှပြန်ဆက်မယ်နော်သား။ဒါပဲနော်"
"ဟုတ်ကဲ့မေမေ....တာ့တာ"
မေမေနဲ့စကားကြာကြာပြောလျှင်
ကျနော့်ဝေဒနာတွေ မေမေရိပ်မိရော့မည်။ ဒီတော့ သူငယ်ချင်းတွေလာခေါ်ပြီလို့ရယ်သာ
မုသားသုံးရသည်ပေါ့။ ကျနော့်ကို ခွင့်လွှတ်ပါမေမေ။ အသက် ၆၀ကျော်တဲ့မေမေ့ကို
သားသမီးတွေရဲ့ ပဋိဒေ၀မီးတွေ မတောက်လောင်စေချင်တော့ပါဘူး။ တကယ်တော့
သူငယ်ချင်းတွေကဖုန်းဆက်ရင်တောင် မကြားတော့တဲ့ တေးဂီတသံတွေနဲ့ သက်ဝင်လှုပ်ရှားနေတဲ့
မြို့လယ်ကောင်လူစည်ကားရာအရပ်ကိုရောက်နေကြပြီလေ။ သူတို့ကအတင်းခေါ်ခဲ့ပေမယ့်
သိပ်နေမကောင်းတာကြောင့်နေခဲ့လိုက်တယ်။ ဒါကြောင့်လည်းမေမေ့သား
ရင်ဘတ်အောင့်နေတာတောင် တွဲခေါ်မယ့်သူမရှိတာကြောင့် ဆေးခန်းမသွားနိုင်ခဲ့ဘူးမေမေရယ်။
သက်ပြင်းကို မှိုင်းတွဲ့စွာချလိုက်မိသည်။ မျက်စိမှိတ်လိုက်တဲ့အခိုက်
ချစ်သူ့မျက်နှာ အရိပ်ထင်ပြန်သည်။
နယူးရီးယားည
၁၂နာရီတိတိအချိန်မှာ မင်းကို ပထမဆုံး New Year Wish လုပ်သူဟာ
ကိုယ်ပဲဖြစ်ပါရစေ.......
နာရီကို
ကြည့်လိုက်တော့ ည ၁၁နာရီ။ ရင်ဘတ်အောင့်ခြင်းက တိတ်ဆိတ်မှုကြားမှာ
ပိုမိုဆိုးရွားလာသယောင်။ "အီးစီဂျီရလဒ်တွေအရ မင်းနှလုံးက အခြေအနေမကောင်းဘူး။
အချိန်မရွေး heart attack ရနိုင်တယ်။ နောက်တစ်ခါ ရင်ဘတ်အောင့်ရင် ဆေးခန်းလာဖို့
သတိရပါ။ ပေါ့မနေပါနဲ့။ မင်းကို ဆရာစိုးရိမ်တယ်။" ဆရာန်ရဲ့စကားတွေက ကျနော့်နားမှာ
ဝဲပျံနေတယ်။ အသက်ရှူရတာခက်ခဲနေတယ်။အနီးအနားကဆေးခန်းတွေကလည်း ပိတ်လောက်ပြီ။
မိုးတွေကသည်းသည်းထန်နေတာမို့ ဒီလိုအခြေအနေမျိုးနဲ့လည်း ဆေးခန်းမရောက်နိုင်။
ဆေးရုံကားခေါ်ပြီး ဆေးရုံကားကြီးနဲ့ ဆေးရုံသွားရဲတဲ့ သတ္တိလည်းမရှိဘူး။
အာရုံပြောင်းဖို့အတွက်
အိပ်ရာထဲမှာပဲလှဲလျောင်းနေရင်းကြည့်လို့ရတဲ့ ကွန်ပျူတာအသေးလေးဆီ လက်လှမ်းလိုက်တယ်။
ကျနော်ခုချိန်မှာ အပြင်ကမ္ဘာနဲ့ ဆက်သွယ်ဖို့လိုနေပြီ။
ကွန်ပျူတာ
password လေးနှိပ်အပြီးမှာ ခင်မင်ရတဲ့ မိတ်ဆွေတွေကို မှတ်မှတ်ရ ဆုတောင်းလေး
လုပ်ပေးချင်တာကြောင့် ဆုတောင်းစာလေးတွေရေးနေခဲ့တယ်။ အာရုံတွေပြောင်းပြီး
ရင်ဘတ်အောင့်တာအနည်းငယ်သက်သာသယောင်ယောင်။ အားလုံးလုပ်ပြီးချိန်မှာ
နာရီထပ်ကြည့်တော့ ၁၁နာရီ ၄၃။ အင်း....၁၂နာရီတောင် ထိုးတော့မယ်။ ဒီအချိန်မှာ
အပေါင်းအသင်းများတဲ့ ချစ်သူမြတ်နိုးလေး အင်တာနက်အသုံးပြုနေမှာ သေချာတယ်။ ချစ်သူနဲ့
စကားပြောလိုက်ရရင် ကျနော့် ဝေဒနာတွေ အတော်အသင့်လျော့နည်းသွားမှာပါ။ သတိရစိတ်က
ရင်ထဲမှာ လှိုက်တက်လာတာကြောင့် မက်ဆေ့ဂ်ျလေး ပို့လိုက်တယ်။
မြတ်နိုး....ဘာတွေလုပ်နေလဲ
သူကချက်ခြင်းပဲ
မက်ဆေ့ဂ်ျဖွင့်ကြည့်တာကြောင့် Read: Just Now ဆိုတဲ့ စာသားလေးက ပေါ်လာတယ်။
သူဖတ်ပြီးဆိုတော့ ငါ့ဆီစာပြန်မှာပဲ ဆိုတဲ့အတွေးလေးနဲ့ သူ့မက်ဆေ့ဂ်ျလေး
ပြန်လာမလားလို့ ကျနော်မကြာခဏပဲ ဖွင့်ကြည့်နေမိတယ်။
၂ မိနစ်။
၅မိနစ်။
၉မိနစ်။
အချိန်တို့သာတရွေ့ရွေ့
ကုန်သွားတယ် သူ့ဆီက ပြန်စာမလာခဲ့။
၁၂
နာရီတိတိအချိန်မှာတော့ ချစ်သူအတွက် သီးသန့်ရေးထားတဲ့ စာတိုလေးနဲ့
ဖုန်းမက်ဆေ့ဂ်ျပို့လိုက်တယ်။ ကိုယ့်ဆန္ဒပြည့်ဝပါပြီ။
၁၂နာရီတိတိအချိန်ကိုပဲစောင့်နေခဲ့တာ။ ၁၂နာရီနဲ့တစက္ကန့်မှာ မင်းဆီကိုဆုတောင်းလေး
ရောက်သွားစေချင်လို့။
သူ့ဆီက
ပြန်လာခြင်းမလာခြင်းကိုတော့ ကျနော်မမျှော်လင့်တော့ပါ ။
ကျနော်နားလည်လိုက်ပါပြီလေ။ဂုဏ်ရည်တူ အသိုင်းအ၀ိုင်းကိုမှ အလေးထား၊
အသိအမှတ် ပြုချင်ခဲ့တဲ့ မြတ်နိုး။ မြတ်နိုးတို့ အထင်ကြီးတဲ့
အသိုင်းအ၀ိုင်းဟာ ကျနော်လို အညတရကောင်မှမဟုတ်ဘဲ။ ဘုမသိ ဘမသိနဲ့
ဒီအသိုင်းအ၀ိုင်းကြား မျက်လုံးလေး အကြောင်သားနဲ့ ရောက်လာခဲ့ရသူ ကျနော်သာ
မှားခဲ့တာပါလေ။ ဒီတော့လည်း ဂုဏ်ရည်တူတို့ ပျော်ရွှင်နေတာကိုသာ
အထီးကျန်စိတ်စွက်တဲ့ ၀မ်းနည်းမှု နှလုံးသားနဲ့ အငေးသားလေး
ကြည့်နေရုံသာ။
"မြတ်နိုး"
လေးစားတဲ့ ဂုဏ်ပုဒ် ဂုဏ်ဒြပ်တွေ ကျနော်မပိုင်ဘူး။ " မြတ်နိုး"
အထင်ကြီးတဲ့ အလုပ်တွေ ကျနော် မလုပ်တတ်ဘူး။
"မြတ်နိုး"
အချိန်ပေး ဂရုစိုက်စကားပြောနေသူထဲမှာကျနော်မပါဘူး။
နောက်ဆုံးအဆင့်
ကျနော်ဟာ "မြတ်နိုး" ဂရုတစိုက် အမြဲတစေ သွားရောက်နေကျ wall page
တခုလောက်တောင် အရေးမပါပါဘူးလေ။
ဒါပေမယ့်
တခုတော့ စဉ်းစားလိုက်ပါ မြတ်နိုးရယ်။ လူတိုင်းမှာ သူ့အရည်အချင်းနဲ့သူ
ကိုယ်စီရှိကြစမြဲပါ။ မြတ်နိုးအထင်ကြီးတဲ့လူတွေဆီမှာ မရှိတဲ့ အရည်အချင်းတွေ
ကျနော့်ဆီမှာရှိနေနိုင်တာကို သတိမပြုမိခဲ့ရင်တောင်မှ...မြတ်နိုးအထင်ကြီးသူစာရင်းထဲမပါတာကြောင့်
ဥပက္ခာတော့ မထားသင့်ပါဘူးလို့.။ နာကျင်စွာတွေးရင်း နှုတ်ခမ်းကို
ဖိကိုက်မိတော့ သွေးစက်တို့က တပေါက်ပေါက်ကျသည်။
မျှော်လင့်ချက်တို့ကိုလျှော့ချပြီး
အိပ်ရာပေါ်ပြန်လှဲလိုက်ချိန်မှာတော့ ၀မ်းနည်းမှုကြောင့်ကျနော့်ရင်ထဲတွင် စူးအောင့်
နာကျင်မှုတို့ ပိုတိုးလာခဲ့တယ်။ မရည်ရွယ်ပါဘဲ လျက်
ချစ်သူဓာတ်ပုံကိုတွေတွေကြည့်ရင်း
မျက်ရည်ပူလေးတစက်ပေါက်ကနဲ ကျလာတယ်။ ကျနော်ယောက်ျားပါ။ မငိုသင့်ပါဘူး။ မိမိကိုယ်ကို
အားတင်းရင်း ကျနော့်ကို ဂရုစိုက် ချစ်ခင်ကြတဲ့ တအိမ်ထဲနေသူငယ်ချင်းတွေဆီကို
"Happy New Year ပါ။ မင်းတို့ပြန်လာလို့ ငါသတိလစ်နေရင်တော့ ငါ့ကို
ဆေးရုံပို့လိုက်ပါ။ မလစ်ခဲ့ရင်တော့ နှစ်သစ်ကူးကို မင်းတို့နဲ့အတူတူ
အိမ်မှာပဲနေပြီး ပျော်ကြတာပေါ့။" ဆိုတဲ့ မက်ဆေ့ဂ်ျလေး ပို့အပြီးမှာ
ချက်ခြင်းဆိုသလိုပဲ သူငယ်ချင်းတွေကဖုန်းဆက်ခေါ်ပြီး....
"သူငယ်ချင်းမင်းဘယ်လိုဖြစ်တာလဲ
အားတင်းထားနော်။ မင်းဘာမှမဖြစ်စေရဘူး။ ငါတို့ခုပဲကားငှားပြန်ခဲ့ပြီ။
ငါတို့စိတ်ချမယ်နော် သူငယ်ချင်း ခုပြန်လာပြီ။ ငါတို့အမြန်ဆုံးပြန်လာပြီ "
လို့ပြောခဲ့ကြတယ်။
ကျနော်အမျှော်လင့်ဆုံး
ချစ်သူဆီက ကျနော့်အတွက် အမှတ်တရဂရုစိုက်မှုတွေကို သိမ်းဆည်းထားခွင့်
မရခဲ့ပေမယ့်...ခင်မင်သူတွေဆီက ဖုန်းမက်ဆေ့ဂ်ျတွေ အီးမေးလ်တွေ
အင်တာနက်နဲ့ပက်သက်လို့ ချိတ်ဆက်ထားတဲ့ လူမှုကွန်ယက် website တွေကနေ
နှစ်သစ်ကူးဆုတောင်းတွေကိုတော့ ကျနော် သိမ်းထားခွင့်ကြုံခဲ့ပါတယ်။
ကျနော်ခင်တဲ့ လူတွေဆီက ကျနော့်အတွက် တုံ့ပြန်ခင်မင်မှုလေးတွေကို
ကျနော်ချစ်တယ်။
ကျနော်အတွေးနဲ့
ကြည်ကြည်နူးနူးလေး နှုတ်ခမ်းလေးကွေးညွှတ်ပြုံးလိုက်တယ်။
အဲ့သည့်အချိန်မှာ
အပြင်းထန်ဆုံး မိုးကြိုးပစ်သံနဲ့ တချိန်ထဲ ကျနော့်နှလုံးသားနေရာက မခံရပ်နိုင်အောင်
အစူးနစ်ဆုံးအောင့်တက်သွားပြီး ...မျက်လုံးတွေပြာဝေသွားပြီးတဲ့နောက်.................................ကျနော့်အတွက်
မနက်ဖြန်ကို ပိုင်ဆိုင်ခွင့်ရှိပါဦးမလား မသေချာတော့။
Saturday,
January 5, 2013 at 5:21pm
0 comments:
Post a Comment