Friday, April 18, 2014

တစ်နေ့ကျရင်

တစ်နေ့ကျရင်
ငါ့ဘ၀ကို ငါကိုယ်တိုင်ပဲ့ကိုင်လို့
ငါ့လမ်းငါလျှောက် မိဘနေရာလည်း
ရောက်ချင်ရောက်ရလိမ့်မယ်။

တစ်နေ့ကျရင်
ငါ့အသက်တွေ ကြီးရင့်လို့
ငါအလေးထား လေးစားရတဲ့ လူကြီးနေရာလည်း
ရောက်ချင်ရောက်ရလိမ့်မယ်။

တစ်နေ့ကျရင်
ဆံဖြူသွားကျိုး အသားမတိုးတော့တဲ့
ပိန်ကုံးချိနဲ့ မလေးစားဖွယ် အဖွားအရွယ်လည်း
ရောက်ချင်ရောက်ရလိမ့်မယ်။

တစ်နေ့ကျရင်
မိသားစုကို အရေးထား မိဘကိုလေးစားသကဲ့သို့
ငါ့အနာဂတ်တွေက ငါ့အပေါ်တူညီတဲ့ရောင်ပြန်
ပေးချင်လည်းပေးကြလိမ့်မယ်။

တစ်နေ့ကျရင်
ငါမုန်းမိတဲ့ မိဘကိုမလေးစား မိသားစုကိုအရေးမထားတဲ့
အနာဂတ်မျိုးကိုလည်း
ပိုင်ဆိုင်ချင်ပိုင်ဆိုင်ရလိမ့်မယ်။

ဘာပဲဖြစ်ဖြစ်ပေါ့လေ။
တစ်နေ့ကျရင် ငါဘယ်လိုဘ၀မျိုး
အနာဂတ်မျိုးကိုပဲ ရခဲ့ရခဲ့

ကိုယ့်ခန္ဓာကိုယ်သယ်
ကိုယ့်ဦးနှောက်ကိုယ်ပိုင်
အသိဥာဏ်တွေ မယွင်းပျက်
အဘယ်သူကိုမှ ကိုယ့်အတွက်
အပူမဆင်းသက်စေမယ့်
အခြေအနေမျိုးနဲ့ပဲ

လူ့လောက က ပြန်ထွက်သွားချင်တယ်။

0 comments: