Friday, April 18, 2014

ထင်ကျန်စေခဲ့သော စတေးခြင်း ခြေရာငယ်



၁)
Tom Booker သည် အမေရိကန်ပြည်ထောင်စုထဲမှ မွန်တာနာ (Montana) အမည်ရှိသော သာယာကျယ်ပြန့်လှသည့် နေရာလေးတွင် နေထိုင်သူဖြစ်ပါသည်။ သူ့အဖိုးနှင့်ဖခင်တို့က (သခင်စကား မနာခံဘဲ) ဆိုးသွမ်းနေသော မြင်းများကို လူအများ နားမလည်နိုင်သော လေသံတိုးငြင်းမျှပြောဆိုရုံဖြင့် မြင်းများကို လိမ္မာ ယဉ်ကျေးလာအောင် ပြုလုပ်နိုင်သူများအဖြစ် ထင်ရှားခဲ့သည်။ ထိုသို့သော ပညာကို သားငယ်ဖြစ်သူ Tom ကအပြည့်အ၀ ရရှိခဲ့ကာ ထိုဖက်တွင် ပါရမီအတော်ပင်ထူးချွန်ခဲ့ပေသည်။ Tom ၏  အဖိုးနှင့် ဖခင်ရှိစဉ်အချိန်ကတော့ ဆောင်းဦးပေါက်ကာလများသို့ရောက်ချိန်တွင် မိသားစုဝင်အားလုံး မြင်းကိုယ်စီစီးကာ တောထဲသို့ပျော်ပွဲစားသွားလေ့ရှိသည်။

ပျော်ပွဲစားထွက်သည့်အခါတိုင်း လတ်ဆတ်စိမ်းစိုသောမြက်ခင်းပြင်များပေါ်တွင် လှဲချရင်း ကျယ်ပြောလှသော အပြာနုရောင် ကောင်းကင်ပြင်ကြီးကို မော်ကြည့်ကာ သာရကာတို့၏ အသံကို နားဆင်ရင်းဖြင့် ပျော်ရွှင်ဖွယ်ကောင်းသော မိသားစု၏ အချိန်များကို ပိုင်ဆိုင်ခဲ့ပေသည်။

လူကြီးမိဘများ တိမ်းပါးသွားချိန်တွင် Tom ၏အကို Frunk က ထိုကဲ့သို့အချိန်ကာလမျိုးကိုပြန်ရချင်သည်ဟု မကြာခဏပြောလေ့ရှိသည်။ Tom ကတော့ ယခုအချိန်မှာ လက်ရှိအဖြစ်ကို လက်ခံထားဖို့ကိုသာ အကိုဖြစ်သူအား ဖြောင်းဖြခဲ့သည်။ မိဘများရှိစဉ်အခါက Tom အား မိသားစုအားလုံး နားမလည်နိုင်သော အချက်ရှိခဲ့သည်။ ထိုသည်ကတော့ Tom သည် မြင်းများကို ယဉ်ပါးလာအောင် ထိန်းကျောင်းနိုင်သော စွမ်းအင်တမျိုးရှိလျက်နှင့် အဘယ်ကြောင့်များ ထိုအလုပ်နှင့် အသက်မွေးမှုမပြုလေသနည်းဟူ၍ပင်။

အရွယ်ရောက်လာသော Tom တစ်ယောက် မိသားစုထင်မှတ်မထားသော လုပ်ရပ်တစ်ခုကိုလည်း လုပ်ခဲ့သေးသည်။ အောက်စဖို့သို့ ပညာသွားသင်ပြီး ကျောင်းပိတ်၍ ပြန်လာသောအခါတွင်မတော့ ခေတ်ပေါ်ဂီတပညာသင်ကျောင်းမှ ကျောင်းသူလေး Rachel ကိုခေါ်လာခဲ့ပြီး ချစ်စရာ့သားငယ် Hal ကိုမွေးဖွားခဲ့သည်။ Tom သည် ဇနီးသည်နှင့် သားငယ်ကို အလွန်ချစ်ခင်တွယ်တာကာ ခင်ပွန်းကောင်းပီသခဲ့ပေသည်။ သို့သော် တောတောင်သဘာဝတွင်မြတ်နိုးနေသားကျနေသော Tom ထံပါးတွင် စာပေ၊ ဂီတ၊ မြို့ပြယဉ်ကျေးမှုတို့တွင်သာ အသားကျပျော်ဝင်နေသော Rachel ကြာရှည်စွာမပျော်ပိုက်နိုင်တော့။ ထို့ကြောင့် တခုသော ဆောင်းဦးပေါက်အချိန်တွင် သားကလေးကို ယူဆောင်ခေါ်ငင်လို့ Rachel တစ်ယောက် သူမ , ပျော်မွေ့ရာမြို့ပြသို့သာ ပြန်သွားခဲ့သည်။ ထိုအချိန်မှစ၍ Tom သည် သူတွယ်တာမြတ်နိုးရာမြင်းများကို ကူညီကယ်တင်ပေးသော အလုပ်ဖြင့် ဆေးခန်းဖွင့်ကာ သူ့ဘ၀ကို ရှေ့ဆက်လှမ်းခဲ့ပေသည်။

(၂)
ချမ်းအေး၍ ဆီးနှင်း ထူထပ်လှသော ဆောင်းဦးမနက်ခင်းတစ်ခုတွင် ဂရေ့စ်နှင့် သူမ၏ အနှစ်သက်ဆုံးမြင်းကြီး Pilgrim ၊ ဂရေ့စ်၏ သူငယ်ချင်း ဂျူဒီ နှင့် သူမ၏မြင်းကြီး Gulliver တို့သည် မြစ်တစ်စင်းအပေါ်ဖြတ်သန်းနေသော တံတားဟောင်းလေးတစ်ခုကို ရှာဖွေဖို့ရန် ထွက်လာခဲ့ကြသည်။ တံတားလေးကိုတွေ့သောအခါ ဂျူဒီ က၀မ်းသာအားရဖြင့် သူမ၏ မြင်းကြီးနှင့်အတူ တံတားပေါ်သို့ အရင်ဆုံး တက်သွားခဲ့သည်။ ဂရေ့စ်ကိုလည်း လိုက်ခဲ့ဖို့ရန်လှမ်းခေါ်သည်မို့ဂရေ့စ်နှင့် Pilgrim လည်းတံတားပေါ်တက်ရန် ကြိုးစားခိုက်တွင် ဂျူဒီ၏မြင်းကြီးခြေချော်ကျသွားသည့်အချိန်နှင့် ကြုံလိုက်ရသည်။ မင်းကြီးပြန်အထတွင် ဂျူဒီ ၏ခြေထောက်တစ်ဖက်မှာ မြင်း၏ ဇက်ကြိုးနှင့် ငြိပါသွားသောကြောင့် ခေါင်းနှင့်မြေကြီး ပြင်းထန်စွာ ရိုက်မိပြီး ဂျူဒီ ခမျာ မလှုပ်နိုင်ရှာတော့ပေ။ ဂရေ့စ်နှင့်သူ့မြင်းကြီးလည်း ဂျူဒီ တို့ကိုကယ်ဖို့ကြိုးစားခဲ့သော်လည်း အချိန်တို့က နောက်ကျသွားခဲ့ပါပြီ။

ထို့အချိန်မှာပဲ နီးကပ်ကျယ်လောင်လှသော ကားဟွန်းသံကြောင့် သက်ရှိ ၄ဦးသားတို့သည် အပြင်းအထန်ကြောက်ရွံ့မှုများနှင့်  ရှောင်တိမ်းချိန်မရလောက်အောင်ဖြစ်သွားခဲ့ကြသည်။ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခုကတော့ မတ်တပ်က မလဲဘဲကျန်နေသေးတဲ့ Pilgrim ဟာ သူ့နားကို ဘရိတ်အုပ်ချိန်မရအောင် ရောက်လာခဲ့တဲ့ ထရပ်ကားရဲ့ ဦးခေါင်းခန်းကို ရှေ့ခြေ၂ခြောင်းမြှောက်ထောင်လို့ ရန်မူလိုက်တာပါပဲ။ ဒါကြောင့် ဂရေ့စ်လည်း မြင်းပေါ်က ပြုတ်ကျလို့ မြစ်ဘေးနား ပြုတ်ကျသွားခဲ့သည်။ ထို့အတူ Pilgrim လည်း ဂရေ့စ်နှင့်အတူ မြစ်ဘေးကို ရောက်သွားခဲ့လေသည်။

၃)
နယူးယောက်မြို့မှ အောင်မြင်သော ရှေ့နေတစ်ဦးဖြစ်တဲ့ ဂရေ့စ်ရဲ့ဖခင်ဟာ ရုံးကပြန်ရောက်လာချိန်မှာတော့ မက်ဆေ့ဂ်ျစက်ကလေးမှ မက်ဆေ့ဂ်ျများက စောင့်ကြိုနေခဲ့ပါသည်။ တစ်ခုက အိမ်ပြန်နောက်ကျမည်ဟု အကြောင်းကြားထားတဲ့ ဖက်ရှင်မဂ္ဂဇင်းတိုက်မှာ အလုပ်လုပ်နေသူ ဇနီးသည်ထံမှ၊ နောက်မက်ဆေ့ဂ်ျတစ်စောင်ကတော့ သမီးဖြစ်သူ ဂရေ့စ် ဆေးရုံသို့ရောက်နေကြောင်း Pilgrim ကိုထားရာမြင်းဇောင်းရှိ အမျိုးသမီးထံမှ အကြောင်းကြားစာ။ ထို့ကြောင့် ဇနီးဖြစ်သူ အန်န်နီ ကိုချက်ခြင်းပင်ဖုန်းဆက်ခေါ်ပြီး ဆေးရုံသို့သွားခဲ့သည်။

ဇနီးဖြစ်သူဆေးရုံသို့ရောက်လာသောအခါ ဂရေ့စ်၏ ခြေထောက်တစ်ဖက်ကို ပေါင်နားမှစ၍ ဖြတ်ပစ်ရတော့မည့်အကြောင်းပြောပြခဲ့တော့ ၀မ်းနည်းကြေကွဲမှုလွှမ်းသွားတဲ့ ဇနီးသည်ကို နှစ်သိမ့်ဖို့ရာ စကားစရှာမရခဲ့။ ဂရေ့စ်ဆေးရုံတက်နေစဉ် တလျှောက်လည်း ဇနီးမောင်နှံ ၂ဦး တယောက်တလှည့်စောင့်ပေးရင်းနှင့် စိုးရိမ်ပူပန်မှုများကြီးစိုးခဲ့ကြသည်။ Pilgrim ၏ဒဏ်ရာများကို ကြည့်ရှုပေးနေသော ဆရာဝန်က Pilgrim ဟာ ပြင်းထန်တဲ့ ဝေဒနာကို ခံစားနေရတဲ့အပြင် ရိုင်းစိုင်းခက်ထန်နေတာကြောင့် ပစ်သတ်ခွင့်ကို ပိုင်ရှင် (အန်န်နီ) ဆီကတောင်းပေမယ့် အန်န်နီ ကခွင့်မပြုခဲ့ပါ။ သူ့သမီးနဲ့ Pilgrim က ခွဲမရအောင် ချည်နှောင်ထားသူများဖြစ်တယ်လို့ သူမယူဆထားလို့ပါပဲ။ ထို့အတူမြင်းများကို စိတ်ဝင်စားချစ်ခင်တတ်တဲ့ ၀ါသနာကလည်း သမီးဖြစ်သူနဲ့တူနေတာကြောင့် ကယ်တင်ချင်ခဲ့သူပါ။

၎)     
ဆေးရုံက ဆင်းလာတဲ့ ဂရေ့စ်ရဲ့ ပထမဆုံးဆန္ဒကတော့ Pilgrim ကိုတွေ့လိုမှုပဲဖြစ်ခဲ့ပါတယ်။ ဖခင်ဖြစ်သူကို တောင်းဆိုပြီး မိသားစု ၃ဦးသား Pilgrim ကိုသွားကြည့်ချိန်မှာတော့ Pilgrim အတွက်  ဂရေ့စ်၏ ၀မ်းနည်းမှုနှင့်  စိတ်ထိခိုက်မှုတို့ကပြင်းထန်လွန်းလှသည်။ သွားဝါများကို နောက်သို့လှန်ဆွဲထားသကဲ့သို့ထင်ရစေသောအံကြိတ်မှု၊  မျက်နှာတလျှေက် ရုပ်ဆိုးစေသော အစင်းကြောင်း အမာရွတ်ကြီးနှင့် မြေကြီးထိအောင် ငိုက်စင်းကျနေသော လည်ပင်းတို့က Pilgrim ၏ စိတ်ဓာတ်ကျမှုနှင့် ရှင်သန်မနေချင်သောစိတ်တို့အား အထင်းသားပြနေခဲ့သည်။

ဂရေ့စ်မှာလည်း သာမန်ကလေးတစ်ယောက်ကဲ့သို့ ပြန်မဖြစ်နိုင်တော့သာ ခြေတဖက်မဲ့ ဘ၀ကို အားငယ်စိတ်ပျက်ကာ မကျေမနပ်ဖြစ်လာခဲ့သည်။ သူမ၏ အတွေးထဲတွင် သေဆုံးသွားသော သူငယ်ချင်း ဂျူဒီနှင့် အသက်ရှင်နေခြင်းအတွက် မကျေနပ်ရန်လိုကာ ခက်ထန် ရိုင်းစိုင်းနေသော သူမ၏ မြင်းကြီး Pilgrim တို့၏ အဖြစ်ကိုသာမြင်ယောင်ကာ မပျော်ရွှင်နိုင်ခဲ့။

အန်န်နီ တစ်ယောက် သမီးဖြစ်သူ၏ စိတ်ခံစားချက် ပျော်ရွှင်မှုများကို ပြန်လည် တည်ဆောက်ပေးနိုင်ရန်အတွက် သူမလုပ်နိုင်မည့် နည်းလမ်းများကို ရှာဖွေဖတ်ရှုရင်းဖြင့် The horse whisperer များအကြောင်းကို သိလာခဲ့ရသည်။ ထို့နောက်မတော့ Pilgrim ၏ ဝေဒနာများကို ကြည့်ရှုပေးနေသည့် ဒေါက်တာဆီမှ Tom Booker ၏ လိပ်စာကို ရရှိခဲ့သည်။ ပထမဆုံး Tom ကို နယူးယောက်သို့ဖိတ်ခေါ်ပြီး Pilgrim ကိုလာရောက်ကြည့်ရှုစေခဲ့သည်။ သို့သော် အခြေအနေဆိုးရွားလွန်းကာ ရိုင်းစိုင်းခက်ထန်လွန်းလှသော Pilgrim ကြောင့် ကုသဖို့ရန်လက်လျှော့ကာ ပြန်သွားခဲ့သည်။

သို့သော် အန်န်နီကတော့ လက်မလျှော့ခဲ့။ သူမ၏ သမီးလေး ပျော်ရွှင်စေရေးအတွက် Pilgrim ကိုပြန်ကောင်းစေလိုသည်။ သည်အတွက် Tom Booker ဆီသို့သွားနိုင်ရန်အတွက် အစီအစဉ်များရေးဆွဲတော့သည်။ Tom နေထိုင်သောမြို့လေးအနီးရှိတည်းခိုခန်းတွင် ဂရေ့စ်နှင့်သူမအတွက် အခန်းငှားသည်။မြို့ပြင်ရှိမြင်းဇောင်းတွင်တော့ Pilgrim ကိုထားရန်စီစဉ်ထားသည်။ အားလုံးအဆင်သင့်ဖြစ်ချိန်တွင်တော့ ခင်ပွန်းဖြစ်သူနှင့် သမီးဖြစ်သူကိုပြောပြခဲ့သည်။ သူမ၏ စိတ်ထဲတွင်တော့သူမ စီစဉ်သမျှ၊ သူမ၏ စကားကို ထို ၂ယောက် မလွန်ဆန်ကြ။ ဘယ်လိုပဲဖြစ်ဖြစ်နောက်ဆုံးတော့ လက်ခံကြသည်ပဲဖြစ်သည်ဟု ထင်ထားခဲ့သည်။

 သို့သော် ဂရေ့စ်၏ စိတ်ထဲတွင် ထိုအဖြစ်အတွက် အဖုအထစ်ဖြစ်ခဲ့သည်။ သူမ၏ မိခင်သည် မိမိကိုယ်ကို ယုံကြည်လွန်းသည်။ သူမ၏ နှစ်သက်ခြင်း မနှစ်သက်ခြင်း၊ တို့ကို မိခင်ဖြစ်သူ သိသကဲ့သို့ ပျော်ရွှင်မှု ၀မ်းနည်းမှု၊ ကျရှုံးမှု ၊ အောင်မြင်မှု ဒါတွေကို နားအလည်ဆုံးက သူမ၏ မိခင်သာဖြစ်ခဲ့သည်။  သို့သော်လည်း သူမတို့ သားအဖ ၂ဦး၏ ဆန္ဒကို အရင်တောင်းဆိုခြင်း မပြုဘဲ စီစဉ်ပြီးသည့် အခါမှသာ လိုက်နာရန် ပေးသိစေခဲ့သော မိခင်၏ ယုံကြည်မှုလွန်ကဲခြင်းအတွက်တော့ သူမစိတ်ဆိုးမိသည်။ ထိုအချိန်မှ စလို့ သားအမိ ၂ဦး၏ ဆက်ဆံရေးက အဆင်မပြေလှ။

(၅)

(Montana) သို့ရောက်၍ Tom ထံသွားကာ Pilgrim ကိုကြည့်ပေးရန်တောင်းဆိုသောအခါတွင်လည်း ဂရေ့စ်က စိတ်မ၀င်စားသယောင်သာ။ အန်န်နီ၏တောင်းဆိုမှုအထပ်ထပ်ကြောင့် Tom ကလက်ခံကာ Pilgrim အကြောင်းဆွေးနွေးရန်နှင့် ပိုင်ရှင်ဖြစ်သော ဂရေ့စ်က ကူညီရန် တောင်းဆိုသောအခါတွင် ဂရေ့စ်က ခပ်မဆိပ်သာ။ Tom က Pilgrimပြန်ကောင်းမှာ သေချာကြောင်း အားပေးစကားပြောသည်တွင်မှ ကူညီရန်သဘောတူခဲ့သည်။ ထိုမှအစပြု၍ Tom က Pilgrim ကို ကုသမှုများစတင်တော့သည်။ ရိုင်းစိုင်းခက်ထန်သွားခဲ့သော Pilgrim ၏ အမူအရာများ Tom အပေါ်တွင် တဖြည်းဖြည်းနှင့် အေးဆေးငြိမ်သက်လာခဲ့သည်။ Pilgrim သည် Tom ၏ နှုတ်မှ ထွက်ပေါ်လာသော Pilgrim တို့လိုမြင်းများသာ နားလည်နိုင်သော လေသံတိုးလေး (Whisper) ဖြင့် Pilgrim ၏ စိတ်နှလုံးကို ငြိမ်းအေးစေခဲ့သည်ထင့်။

(၆)
မိန်းမသားချည်းဖြစ်သော သူမတို့ ၂ဦးအား နေထိုင်မှုအဆင်ပြေစေရန် Tom အိမ်ထောင်ကျစဉ်က နေထိုင်ခဲ့သော အိမ်ကလေးတွေင်လာရောက်နေထိုင်ရန် Tom နှင့် သူ့အကိုမိသားစုက ဖိတ်ခေါ်ခွင့်ပြုခဲ့သောကြောင့် သူမတို့ ၂ဦးထိုအိမ်လေးတွင် နေဖြစ်ခဲ့သည်။ Montana တွင် နေထိုင်စဉ်ကာလအတွင်း Pilgrim ၏ တနေ့တခြားတိုးတက်လာမှုကို မြင်ရသော ဂရေ့စ် .. ပျော်ရွှင်မှုများ တစတစ ပြန်လည်ရရှိလာခဲ့သည်။ ထို့အတူ Tom ၏ တူလေးဖြစ်သော ဂျွန် ကလည်း ဂရေ့စ်နှင့် မတိမ်းမတိမ်းမယိမ်းအရွယ်လေးများဖြစ်လေရာ သူမအဖို့ သူငယ်ချင်းအဖော်ဖြစ်ခဲ့သည်လေ။ အန်န်နီက Tom နှင့် သူ့အကိုမိသားစုကို ညစာဖြင့် တည်ခင်း ဧည့်ခံရန် စားသောက်စရာများ ၀ယ်ဖို့ရန် ဈေးဝယ်ထွက်ခိုက် ဂရေ့စ်နှင့် ဂျွန်တို့ ၂ဦးက ဂျွန်ပိုင်ဆိုင်သောမြင်းငယ်ကလေနှင့် သူတို့မြို့လေးမှ အတန်ငယ်ဝေးကွာသော အရပ်ရှိ သာယာချမ်းမြေ့သောတောလေးထဲသို့ထွက်သွားခဲ့သည်။ ထိုတောထဲမတွင်တော့ Accident အပြီးတွင် ဘယ်တော့မှမြင်းမစီးတော့ဟု ဆုံးဖြတ်ထားခဲ့သော ဂရေ့စ်တစ်ယောက် ဂျွန်၏အကူအညီဖြင့် ပထမဦးဆုံးအကြိမ် မြင်းပြန်စီးဖြစ်သွားသည်လေ။ သို့သော် မိခင်အား စိတ်ခုထားကာ စကားဟဟပင် မပြောသည်မှာ ကြာပြီဖြစ်သော ဂရေ့စ်က ထိုအကြောင်းများကို.မိခင်ဖြစ်သူအား ပြန်မပြောပြခဲ့ပေ။

(၇)
နောက်တနေ့ညစာ စားပွဲတွင် ဂျွန်နှင့် မောင်နှမများ၊ ကလေးသဘာဝ ဆော့ကစား စကားနိုင်လုကြရင်း ဂျွန့်ညီမလေးတစ်ဦးက ဂျွန်နှင့် ဂရေ့စ်တို့မြင်းစီးကြသည့်အကြောင်းများကိုပြန်ပြောကြသည်တွင် အန်န်နီတစ်ယောက် ထိုအကြောင်းအရာအတွက် စိုးရိမ်ပူပန်စိတ်များ ပိုသွားခဲ့သည်။ ထိုညတွင် ရင်ဖိုစိတ်လှုပ်ရှားစရာလည်း ကြုံခဲ့သည်။ မီးပုံဘေးတွင် ကိုယ်စီကိုယ်ငှ စိတ်ဝင်စားရာ ကစားနည်းများဖြင့် ပျော်ရွှင်စည်ကားနေခိုက် Tom က သူ၏ နာမည်အကြီးဆုံး ကစားနည်းဖြစ်သော လက်ချောင်းလေးများပူးကာကြိုးချည်နှောင်သော ကစားနည်းဖြင့် ကစားပြကာ၊ သင်ကြားပေးရင်းဖြင့်  အန်န်နီ့စိတ်များကို ပျော်ရွှင်လှုပ်ရှားစေခဲ့သည်။ ထိုကစားနည်းဖြင့် Tom နှင့် အန်န်နီတို့၏ လက်ကလေးများ တွယ်ယှက်ချည်နှောင် ကစားခဲ့ကြသည်။ ကစားနည်းကို အန်န်နီလေ့ကျင့်၍ မတတ်မြောက်သေးသော်လည်း Tom ၏ကိုယ်ပွားအမှတ်တရအဖြစ်အကျီ်အိတ်လေးထဲအသာထည့်ကာ သိမ်းဆည်းထားခဲ့သည်။

ဧည့်သည်များပြန်သွားသောအခါ အိပ်ချင်ဟန်ပြုနေသော ဂရေ့စ်နားအသာကပ်သွားခဲ့သည်။ ထို့နောက် မြင်းစီးသည့်ကိစ္စအားမေးမြန်းခဲ့သော်လည်း ဂရေ့စ်က သူမအား အိပ်ခန်းတွင်းမှ ထွက်သွားဖို့သာအော်ဟစ် မောင်းထုတ်ခဲ့သည်။ ထို့ကြောင့် စိတ်ထိခိုက်မှုနှင့် ထွက်ခွာသွားခိုက် ဂရေ့စ်ပြောလိုက်သော စကားတစ်ခွန်းက သူမအား ဂရေ့စ် ဆီသို့ပြန်လှည့်လာစေခဲ့သည်။ သမီးကို ဘယ်သူကမှ အလိုမရှိတာ ပစ်ထားလိုက်ပါ ဟူသောစကားကပင် သမီးဖြစ်သူအပေါ် မိခင်မေတ္တာကို ပီပီပြင်ပြင် ယုယစွာမပြသခဲ့သော သူမအတွက် နင့်သည်းလှသော စိတ်မကောင်းခြင်းကို ဖြစ်စေခဲ့သည်။ ထို့နောက် သမီးထံသို့ ပြန်လှည့်သွားက နွေးထွေးသောထွေးပွေ့ခြင်းများဖြင့် သမီးငယ်အား နှစ်သိမ့်ခဲ့သည်။ ထို့နောက်တော့ သားအမိ၂ယောက် တယောက်ကို တယောက်တင်းကြပ်စွာ ဖက်တွယ်ကာ အားရအောင် ရင်ဖွင့်ငိုကြွေးအပြီးတွင်တော့ သူမတို့ ၂ဦးကြားတွင် ပြတ်တောက်နေခဲ့သော ကြိုးလေး ပြန်ဆက်သွားခဲ့သည်။

(၈)
သမီးကို ဖက်ကာ အိပ်ပျော်သွားသော အန်န်နီ ညဥ့်လယ်တွင် ရေဆာသောကြောင့် နိုးထလာခဲ့သည်။ အိမ်နှင့်အတန်ငယ်လှမ်းသော မြစ်ကြောင်းတလျှောက် လျှောက်သွားပြီး ရေသောက်နိုင်သော နေရာအရောက်တွင်တော့ လက်ခုပ်လေးထဲရေထည့်ကာ သောက်လိုက်သည်။ ထိုစဉ်သူမအနီးသို့ လူတစ်ယောက် ရောက်လာခဲ့သည်။ ထိုသူကတော့ Tom။ 

အန်န်နီက သူမနှင့်ဂရေ့စ်တို့ ယခုတည်းခိုနေသော အိမ်လေးအမည်က ဘာကြောင့်များ R & B ဖြစ်နေရပါသနည်းဟုမေးခဲ့သည်။ ထိုအခါ Tom က B ဆိုသည်မှာ Booker ကို ကိုယ်စားပြုကြောင်းနှင့် R ဆိုသည်မှာ Rachel ကို ကိုယ်စားပြုကြောင်း၊ သူတို့အိမ်ထောင်ဦးကာလများမှာ နေထိုင်ခဲ့ခြင်းဖြစ်ကြောင်းပြောပြခဲ့သည်။ အန်န်နီကလည်း သူ့ဘ၀တစ်စိတ်တဒေသကို ပြန်ပြောပြခဲ့သည်။ ဂရေ့စ်အတွက် မွေးချင်းမောင်နှမ သူမ မွေးပေးလိုခဲ့ကြောင်း၊ ကြိုးစားခဲ့သော်လည်း အရာမထင်ခဲ့ကြောင်းများလည်း ပြောပြခဲ့၏။ ထိုညက လှည့်ဖျားခဲ့သော ည၏ လရိပ်အောက်တွင် သူတို့ ၂ဦးတစ်ယောက်ကို တစ်ယောက်ချစ်နေမိကြောင်းကို မွတ်သိပ်သောအနမ်းတို့ကို တုံ့ပြန်ဖလှယ်ရင်း ဖွင့်ဟပြဖြစ်ခဲ့သည်။

(၉)
နယူးယောက်တွင် ကျန်နေခဲ့သော အန်န်နီ၏ ခင်ပွန်းသည် ရောဘတ် က နေ့စဉ်နှင့်အမျှ ဇနိးနှင့်သမီးကို လွမ်းဆွတ်တမ်းတ သည်။ နေ့တစ်နေ့၏ အားလပ်ချိန်တိုင်းတွင် သူတို့ ၂ဦး၏ အသံလေးကို ကြားရဖို့သာ တောင့်တကြိုးပမ်းသည်။ သွားလည်ဖို့ကြိုးပမ်းသော်လည်း အလုပ်အလွန်ရှုပ်သော သူ့အဖို့ခက်ခဲလှသည်။ ဒီတစ်ခေါက်တွင်တော့ သွားလည်ဖို့အခွင့်ရလာပြီ ဖြစ်သောကြောင့် ဇနိးဖြစ်သူအား လွမ်းဆွတ်တမ်းတ ပျော်ရွှင်စွာဖြင့် ဖုန်းဆက်ကာ ပြောခဲ့သည်။ သို့သော် အန်န်နီက အေးစက်စွာ တုံ့ပြန်ခဲ့သည်။ ဖခင်ဖြစ်သူ လာမှာကြောင့် ဂရေ့စ်က ပျော်ရွှင်နေလွန်းသလောက် အန်န်နီကတော့ အပျော်များ ပျောက်ဆုံးနေခဲ့၏။ Tom ၏ အကိုမိသားစုကလည်း Disney Land သို့သွားမှာကြောင့် တမိသားစုလုံးပျော်နေကြသည်။ အိမ် ၊ ယာတောနှင့် ဆေးခန်းကို  ထိန်းသိမ်းရင်း ကျန်နေခဲ့မည့် Tom နှင့်  သူ၏ချစ်သူ အန်န်နီတို့ ၂ဦးသာ မပျော်နိုင်ခဲ့။

(၁၀) 
ခင်ပွန်းဖြစ်သူ ရောဘတ်ရောက်လာသောအခါ Tom တို့အိမ်တွင် ညစာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့သည်။ ထိုတခေါက်တွင်လည်း Tom က ရောဘတ်အား ကြိုးသွယ်ကစားနည်းဖြင့် ဧည့်ခံလိုသောကြောင့် အန်နီ့ထံမှ ကြိုးကိုပြန်တောင်းယူခဲ့သည်။ ထိုကြိုးလေး၏ ရစ်တွယ်နှောင်ငင်နိုင်သော ကစားနည်းကို ခင်ပွန်းဖြစ်သူ သိမည်ကို စိုးရိမ်မိတာကြောင့် ရုပ်ပျက်ဆင်းပျက်ပင် ကြိုးလေးအား ပြန်တောင်းယူခဲ့သည်။ Tom က ရောဘတ်အား ထိုကစားနည်းဖြင့် ဧည့်မခံခဲ့သော်လည်း သူမထံမှ ကြိုးလေးကိုတော့ ပြန်သိမ်းယူသွားခဲ့သည်။

နောက်တစ်နေ့နံက်တွင် ဖခင်ဖြစ်သူရှေ့တွင် မြင်းစီးပြချင်လှသော ဂရေ့စ်က ဂျွန်၏မြင်းပေါ်သို့ကြိုးစားအားတင်းကာတက်ခဲ့သော်လည်းအဆင်မပြေခဲ့။ မသိမသာ ပျက်စီးနေသောခြေထောက်တုလေးတစ်ဖက်က မြင်းပေါ်တက်ဖို့ကြိုးစားတိုင်း  သူမအား နာကျင်စေပြီး အားငယ် စိတ်တိုမှုကို ဖြစ်ပေါ်စေသည်။ ဖခင်က သမီးဖြစ်သူအားပွေ့ချီကာ ဆေးရုံသွားပြသောအခါတွင် ဂရေ့စ်ခြေတုလေးအားမဖြစ်မနေလဲရမည်ဖြစ်သောကြောင့် မိသားစုသုံးဦး နယူးယောက်မြို့သို့ပြန်ကာ ခြေတုလဲလှယ်ရန်အတွက်လေယာဉ်လက်မှတ်ဝယ်ခဲ့သည်။ သို့သော် လေယာဉ်လက်မှတ်က ၂ဦးစာပဲရခဲ့သည်။ သည်တော့ အန်န်နီက သူနေခဲ့ဖို့ နှင့် သားအဖ ၂ဦးသာ နယူးယောက်သို့ပြန်ရန် ပြောဆိုခဲ့သည်။

နောက်နေ့များတွင်တော့ သားအဖ ၂ဦးက နယူးယောက်သို့ပြန်သကဲ့သို့ Tom ၏အကိုမိသားစုကလည်း Disney Land သို့သွားရန် ပျော်ရွှင်စွာဖြင့် ပြင်ဆင်နေကြသည်။ အစီအစဉ်ကတော့ ကျန်ရစ်ခဲ့သော Tom ကဆေးခန်းတွင် အချိန်ပြည့်ထိုင်ရန် ဆေးခန်းရှိရာမြို့လေးသို့သွားပေလိမ့်မည်။ အန်န်နီ ကတော့ အိမ်လေးမှာ ဂရေ့စ် တို့ပြန်အလာကို စောင့်ရင်းကျန်ခဲ့ပေလိမ့်မည်။ Tom တို့၏ ၀န်ထမ်းတစ်ယောက်ဖြစ်သော Smokyက မနက်တိုင်း Tom တို့မွေးမြူထားသော တိရိစ္ဆာန်လေးများကို အစာကျွေးရန် လာပေလိမ့်မည်။

အတွေးများနှင့် အန်န်နီတစ်ယောက် တော်တော်နှင့် အိပ်မပျော်။ မနက်လင်းအားကြီးချိန်တွင် သူမတို့တည်းခိုရာအိမ်လေးသို့ ကားတစ်စီးထိုးရပ်လာသံကြားရသည်။ အံ့သြ၀မ်းသာမှုနှင့် သူမရင်တို့ သိမ့်သိမ့်ခုန်သွားသည်။ 

သူ….သူများလား။

ဤ အခန်းကို ဖတ်ရသော အခါတွင်  Tom ကို သူ၏ အကိုမိသားစုနှင့် ခရီးထွက်ရာကို လိုက်သွားစေလိုလှသည်။ သူ့အားတွယ်ငြိနေသော အန်န်နီ အားလည်း မပေါင်းစည်းနိုင်မယ့်အတူတူ ချစ်ဝေဒနာမတိုးစေလို။ ထို့အတူ စာဖတ်ရင်း ကျွန်မလေးစားခဲ့ရသော Tom အားလည်း အမှားမကျူးလွန်စေလို။ ၂ဦးထဲသာ ကျန်ရှိနေမည့်အဖြစ်က တစ်ဦးကို တစ်ဦး ငြိတွယ်နေကြသူများအတွက် အမှားကို မကျူးလွန်မိအောင် ထိန်းသိမ်းသည် ဆိုဦးတော့…အာရုံစေစားရာက ဤ၀န်းကျင်တွင်သာ ၀ဲလည်နေမည်မို့ သူတို့စိတ်များကတော့ ဖောက်ပြန်နေကြပေလိမ့်မည်။ ဇနီးဖြစ်သူနှင့် ရာသက်ပန်ကွဲကွာထားသော Tom အနေနှင့်တော့ အကြောင်းမဟုတ်။ လက်ရှိအိမ်ထောင်ရှင် အန်န်နီ  အနေနှင့်တော့ မိမိအပေါ်ချစ်ခင်လွန်းသော ခင်ပွန်းနှင့် ဒုက္ခိတအဖြစ် ဘ၀ကို နာကျည်းချက်ပြည့်နေသော သမီးတို့ကို ငဲ့ညှာသင့်ပေသေးသည်။ သို့ပေသည့် ကျွန်မဆန္ဒများ ပြည့်ဝမလာခဲ့ပေ။

Tom က ကားပေါ်မှ ဆင်းလာပြီး သူ့ဆေးခန်းကို သွားတော့မှာဖြစ်လို့ လာနှုတ်ဆက်တာဖြစ်ကြောင်း၊ တစ်ယောက်ထဲကျန်ခဲ့ချိန်မှာ ဂရုစိုက်ဖို့အကြောင်း၊ တိရိစ္ဆာန်လေးများကို အစာကျွေးရန်တော့ ၀န်ထမ်းတစ်ယောက်လာမည်ဖြစ်ကြောင်း နှုတ်ဆက်ခိုက် သူတို့၂ဦးရဲ့ အကြည့်တို့ အချိန်ကြာကြာ စုံမိကြသည်။ ထို့နောက်တော့ Tom လည်း ရပ်ထားသော ကားပေါ်တက်၍ မောင်းထွက်သွားသည်ကို အန်န်နီ က မျက်စိတဆုံးကြည့်ရင်းကျန်ခဲ့သည်။

ဘာပဲဖြစ်ဖြစ် တစိတ်တပိုင်းတော့ ကျွန်မစိတ်ချသွားမိသည်။ သို့ပေမယ့် ကျွန်မစိတ်ချမှုများက ကြာရှည်မခံခဲ့။ ပြန်မလှည့်နဲ့ Tom လို့ ကျွန်မ ဟစ်အော် တားဆီးလိုက်ချင်ပေမယ့် အထမမြောက်ခဲ့။ ကားမောင်းရင်း လမ်းတလျှောက် Tom တွေးသွားခဲ့သည်က အန်န်နီ နှင့် နှုတ်ဆက်လာရက်နဲ့များ ဘာကြောင့် သူမကိုမပွေ့ဖက် နှစ်သိမ့်မှု မပေးခဲ့မိသနည်းရယ်ဟု။ သူ၏ အတွေးတို့ကို ထိန်းမရသည့်အဆုံး ကားကိုလာလမ်းအတိုင်း ပြန်လှည့်ခဲ့သည်။ ပြန်လှည့်လာတဲ့သူ့ကို ကြည့်ရင်း အန်န်နီ ကလည်း ကြည်နူးဝမ်းသာမှုများနှင့် ပြေးဖက်ကြိုဆိုခဲ့သည်။ ထို့နောက်တော့ မရည်ရွယ်ထားပါဘဲ Tom၏ အိမ်တွင် ၂ယောက်သား တိုင်းပြည်တစ်ခုကို တည်ထောင်မိကြတော့သည်။

ထိုအခိုက်မြင်းများနှင့် တခြားတိရိစ္ဆာန်လေးတွေကို အစာလာကျွေးသူ Smoky ရဲ့ ကားဝင်လာသံကြားတော့ Tom က ကဗျာကယာ အိမ်အောက်ကို ဆင်းပြီး ခရီးဦးကြိုပြုခဲ့သည်။ ထိုသူကလည်း အိမ်ရှေ့မှာ ထိုးရပ်ထားသော Tom နှင့် အန်န်နီ တို့၏ ကားများကို ကြည့်ပြီး ဧည့်သည် အန်န်နီ သူ့ဌာနေကို မပြန်သေးဘူးလားလို့ သိလိုစိတ်နှင့် မေးခဲ့သည်။ Tom က အန်န်နီ မပြန်သေးကြောင်းနှင့် သူဆေးခန်းကို မသွားဖြစ်ဘဲ ဒီကိုပြန်လာဖြစ်တဲ့အကြောင်းကို မည်သူ့ကိုမျှ မပြောဖို့ တားမြစ်ကတိဆိုခဲ့သည်။

နောက်တနေ့မှာတော အန်န်နီ ရဲ့ဆန္ဒအရ သူတို့၂ဦး လှည့်ဖျားတတ်သော ညတစ်ညတွင် ပထမဆုံး အနမ်းချင်း ဖလှယ်ခဲ့ဖူးသော နေရာလေးဆီသို့ မြင်းစီးထွက်ခွာ သွားခဲ့ကြသည်။ Tom ၏အကိုမိသားစု ခရီးထွက်နေခဲ့သော ရက်များက သူတို့ ၂ဦးကမ္ဘာအတွက် မေ့မရနိုင်တဲ့ နေ့လေးများ ဖြစ်နေခဲ့ပါသည်။

(၁၁)
Tom ၏အကို မိသားစုနှင့် ဂရေ့စ် တို့ သူတို့ အိမ်ဂေဟာလေးသို့ပြန်ရောက်လာသော အချိန်တွင်တော့ Pilgrim ကို စတင်စီးနင်းဖို့ ဂရေ့စ် ကို Tom ကတောင်းဆိုခဲ့ပါသည်။ ဂရေ့စ် ၏ စိတ်ရင်း အမှန်ကတော့ Pilgrim ကို မစီးလိုတော့ပါ။ သို့ပေမယ့် သူမက Pilgrimနှင့် ရင်းနှီး ကျွမ်းဝင်မှုကိုလည်းပြန်လိုချင်သေးသည်ပင်။ ဒါကြောင့် Pilgrim ၏ကျောပေါ်သို့တက်ရန် သူမကြိုးစားခဲ့သည်။ Tom ကလည်း တက်ရောက်နိုင်ဖို့ ကူညီပွေ့တင်ပေးခဲ့ပါသည်။ သို့သော် Pilgrim က အနည်းငယ် ယဉ်ကျေးလာသော် လည်း  Tom ကလွဲလို့ မည်သူ့ကိုမှ အကပ်မခံခဲ့သူ ဖြစ်တာကြောင့် ဂရေ့စ်ကို အတက်မခံဘဲ ခါချဖို့သာ ကြိုးစားနေခဲ့ပါသည်။

နောက်ဆုံးတွင် Tom က “ကဲ…ငါက သူ့ကို အနုနည်း နဲ့ ယဉ်ကျေးစေခဲ့တယ် ဒါပေမယ့် သူက လက်မခံလိုခဲ့ဘူး။ ဒီတော့ သူလက်ခံနိုင်ဖို့ နောက်ဆုံးနည်းကိုပဲ ငါကျင့်သုံးရတော့မယ်” လို့ဆိုပြီး သူ၏၀န်ထမ်းတစ်ဦးကို ခေါ်လိုက်သည်။ ထို့နောက်တော့ Pilgrim ကို လည်စပ်မှ ကြိုးချည်လိုက်ပြီး သူပြေးနိုင်သလောက် နောက်ပိတ်ဆုံး လုံးဝအမော ဆို့သွားပြီးမြေပေါ်ကို ခေါင်းငိုက်စိုက်ကျသည်ထိပြေးခိုင်းစေသော နည်းကို အသုံးပြုခဲ့သည်။ သေအံ့မူးမူးဖြစ်အောင် မောလျနေတဲ့ Pilgrim ရဲ့ဖြစ်အင်ကို မြင်ရတဲ့  ဂရေ့စ် နှင့် အန်န်နီတို့ ဟာ Tom ကို ရက်စက်လှချည်ရဲ့ ။ ဘာကြောင့်များ သူတို့ရဲ့မြင်းကြီးအပေါ် ရက်စက်ရတာလည်းဆိုတဲ့ အကြည့်မျိုးနဲ့ကြည့်ကြပြီး စကားတို့ ဆွံ့အကုန်သကဲ့သို့ Pilgrim ရဲ့ဖြစ်အင်ကို မမြင်ရက် မကြည့်ရက်အောင်ပဲဖြစ်ခဲ့ရပါသည်။

(၁၂)

မြေပြင်မှာ ဗုံးဗုံးလဲပြီး ခေါင်းစိုက်ကျကာ မျှော်လင့်ချက်မဲ့နေသော Pilgrim ၏ခန္ဓာကိုယ်ပေါ်ကို တက်လျှောက် ၊ တက်ထိုင်စေဖို့ ဂရေ့စ် ကို ခိုင်းခဲ့တဲ့အခါမှာတော့ သူမရဲ့ ၀မ်းနည်းမှုနှင့် Pilgrim အပေါ်သနားမိသော ဂရုဏာဒေါသောတို့ဟာ အထွတ်အထိပ်ကိုရောက်သွားပြီး မလုပ်နိုင်ကြောင်းငြင်းဆန်ခဲ့သည်။ Tom က ဂရေ့စ် နဲ့ အန်န်နီ ကိုလုံးဝလှည့်မကြည့်ဘဲ ခတ်ဆတ်ဆတ်နဲ့ “ငါတက်လို့ ပြောလိုက်ရင် တက်လိုက်ပါ။ Pilgrim ကို  အသက်ရှင်နေရင်းနဲ့ ငြိမ်းချမ်းမယ့် လမ်းကို ငါက ရွေးချယ်ခိုင်းပေမယ့် သူငြင်းဆန်ခဲ့တယ်။ သူဟာ ဘ၀ရဲ့အဆုံးကို သွားကြည့်ဖို့လမ်းကို သူ့ဖာသာ ရွေးချယ်ခဲ့တယ်။ အဲဒီ့ဘ၀ရဲ့အဆုံးမှာ ဘာတွေရှိသလည်း ဆိုတာကို သူခုသိသွားခဲ့ပြီ။ ဒါကြောင့် သူဟာငြိမ်းချမ်းစွာနဲ့ ခုလက်ရှိဘ၀ကိုပြန်လာဖို့ ရွေးချယ်လိုက်ပြီ။ သူရွေးချယ်ခဲ့ဖူးတဲ့ ဘ၀ရဲ့အဆုံးလမ်းဟာ ဘယ်လောက်တောင် ခက်ခဲကြမ်းတမ်းသလည်းဆိုတာ သိဖို့လိုနေသေးတယ်။ ဒါကြောင့်တက်ခိုင်းတာ။ ပြီးရင် ခုလက်ရှိဘ၀ကို အသာတကြည်ပဲ ပြန်လက်ခံလိမ့်မယ်။”

သေချာရဲ့လား ဆိုတဲ့ ဂရေ့စ် ရဲ့အမေးကို သူက ခေါင်းဆတ်အဖြေပေးခဲ့တော့ ဂရေ့စ် က အန်န်နီ နှင့် Tom တို့ကို အားပြုပြီး ပြိုလဲကျနေတဲ့ Pilgrim ရဲ့ကိုယ်ပေါ်ကို တက်လျှောက်ခဲ့သည်။ ပြုသမျှ နုရတော့မယ့် အခြေအနေမှာ ရှိနေသူ Pilgrim ကတော့ အောက်မှ နာကျင်စွာ ခံစားနေရုံသာ။ ထို့နောက် Tom က Pilgrim ကို ရေသောက်ရန်နေရာရှိသော ၀င်းခြံထောင့်သို့ ဂရေ့စ် ကိုဆွဲခေါ်သွားစေခဲ့သည်။ ရေသောက်ပြီးနောက် အမောပြေသွားသော အခါတွင်တော့ Pilgrim အပြောင်းလဲကြီးပြောင်းလဲသွားခဲ့သည်။ သူ၏လက်ရှိဘ၀ကိုပြန်လက်ခံကာ ဂရေ့စ်အား ပြန်လည်လက်ခံခဲ့သည်။ ထို့ကြောင့် ဂရေ့စ်နှင့် သူမ၏ မြင်းကြီးတို့သည် အရင်လို တသားတည်းပြန်ဖြစ်သွားသောကြောင့် မိသားစုဝင်များ အားလုံးပျော်ရွှင်ခဲ့ရသည်။

(၁၃)
လာရင်း ရည်ရွယ်ချက်ဖြစ်သော Pilgrim ကို ပကတိ အခြေအနေရောက်အောင် ပြန်လည်ကုသပေးပြီးဖြစ်၍ Pilgrim ၏ အခြေအနေသည်လည်း စိတ်ချရပေပြီ။ သည်တော့ ဂရေ့စ် တို့သားအမိ  ၂ဦးနှင့် Pilgrim တို့ ပြန်ကြဖို့သာ ရှိတော့သည်။ မိုင် ၃၀၀၀ ကျော်ဝေးသော ခရီးကို ကားမောင်း ပြန်ကြရမည့် သားအမိ ၂ဦးအတွက် Tom ၏ အကို Frunk မိသားစုက ပါတီညစာစားပွဲလေး လုပ်ပေးခဲ့သည်။ ညစာစားပွဲ အချိန်အတွင်း အန်န်နီက Tom ကို ပြောစရာရှိ၍ မြင်းဇောင်း နောက်သို့ လာခဲ့စေချင်ကြောင်း ပြောပြီး သူမ၏ ခံစားချက် နှင့် အစီအစဉ်များကို ရင်ဖွင့်ခဲ့သည်။

“Tom.. ကျွန်မ Robert (ဂရေ့စ် တို့ အဖေ) ကို ထားခဲ့မယ်။ ပြီးတော့ ကျွန်မ ရှင်နဲ့ မခွဲချင်ဘူးရှင်ရယ်။ ဒီတော့ ကျွန်မတို့ လက်ထပ်ပြီး အတူနေကြစို့”

ထိုသို့ ဆိုခဲ့သော စကားကို Tom ကလက်သင့်မခံခဲ့။ နာကျင်ခဲ့ဖူးသော ဂရေ့စ် ကို စာနာရန်လိုအပ်ကြောင်း နှင့် ထိုကဲ့သို့မကြံသင့်ကြောင်း ဖျောင်းဖြ ပြောဆိုခဲ့တော့ အန်န်နီ တစ်ယောက် သူ့ကို Tom တကယ် မချစ်ဟု အထင်ရောက်သွားခဲ့သည်။ Tom မျက်နှာကို စေ့စေ့ကြည့်လို့

“ရှင်…ကျွန်မကို တကယ်ပဲခွဲနိုင်သလား” လို့ မေးခဲ့သည်။

“ကိုယ် မင်းကို မခွဲနိုင်ဘူး။ ဒါပေမယ့် ခွဲရမယ်” လို့ တစ်လုံးချင်း ပြောလိုက်တဲ့ Tom ရဲ့စကားအဆုံးမှာ ၂ဦးသား တင်းကျပ်စွာ ဖက်ထားမိပြန်သည်။

“Tom ..ရှင်…Pilgrim ရဲ့အကြောင်းကို ပြောတုန်းက စကားလေးကို မှတ်မိလား၊ သူဟာ ဘ၀ရဲ့ အဆုံးကို သွားဖို့ရွေးချယ်ခဲ့တယ်။ နောက်တော့ အားလုံးကို ကျော်လွှားပြီးခဲ့တဲ့အခါ နာကျင်ခဲ့ရတဲ့ ဘ၀ရဲ့ အဆုံးကိုစွန့်လို့ သူ့လက်ရှိဘ၀ကိုပဲ လက်ခံလိုက်ဖို့ ပြောင်းလည်းခဲ့တယ်လို့ ရှင်ပြောခဲ့တယ်လေ။ ”

“Annie တကယ်လို့ ကိုယ်တို့ရွေးချယ်လက်ခံလိုက်တဲ့ ဘ၀မှာ နာကျင်စရာတွေ ရှိနေခဲ့ရင်…မင်းအဲ့ဒီ့ဘ၀ကို လက်ခံလိုက်ဖို့ ရဲဝံ့ မိုက်ရူးရဲ ဆန်တော့မှာမဟုတ်ဘူး။ ဒါပေမယ့် သေချာတာက အဲ့လို နာကျင်ခံစားရမှာ မင်းနဲ့ငါ မဟုတ်ဘူး။ အခြားသူတွေ။ ဂရေ့စ် နဲ့ ရောဘတ်

Tom စကားအဆုံးမှာတော့ အန်န်နီ အရမ်းစိတ်ဆိုးသွားခဲ့သည်။

“ရှင် ကျွန်မကို မလိုချင်လို့ ပြောနေခဲ့တာ မဟုတ်လား Tom ” လို့ ဒေါသတကြီးနဲ့ ပြောဆိုခဲ့တယ်။ Tom ကလည်း “မင်းကို ငါဘယ်လောက်ထိ ချစ်ခဲ့တယ်ဆိုတာ မင်းဘယ်တော့မှ သိမှာမဟုတ်ဘူး အန်န်နီ” လို့ ပြောပြီးနောက်မှာ ဒေါသနဲ့ ၀မ်းနည်းမှုစွတ်ဖက်တဲ့ အန်န်နီ တစ်ယောက် ငိုယိုပြီး ပါတီပွဲကို ပြန်ထွက်ပြေးသွားခဲ့သည်။ ဖြစ်ချင်တော့ ထိုညစာစားပွဲတွင် Smoky က Tom နှင် အန်န်နီတို့ Frunk မိသားစု ခရီးသွားနေစဉ် အတူရှိနေခဲ့ကြကြောင်း Frunk ၏ ဇနီးကို ပြန်ပြောပြခဲ့၏်။ အရက်မူးလွန်နေသော Frunk ၏ ဇနီးက Frunk ကို ထိုအကြောင်းတွေ ပြန်ပြောခဲ့ရာ၊ ဂရေ့စ်က ကြားသွားခဲ့ပြီး နောက်နေ့ မနက်လင်းချိန်တွင်တော့ ဂရေ့စ်နဲ့ သူမရဲ့အချစ်တော်မြင်းကြီး Pilgrim တို့ပျောက်ဆုံးနေကြောင်း  သူတို့အားလုံး သိခဲ့ကြရသည်။

(၁၄)

 စိုးရိမ် ပူဆွေးနေသော အန်န်နီကို နှစ်သိမ့်ပြီး Frunk နှင့် Tom တို့ညီအကို ၂ဦး ဂရေ့စ် တို့ ကိုရှာဖို့ တောထဲကို ထွက်ခဲ့သည်။ အချိန်အတော်ကြာ ရှာပြီးနောက်မှာ ဂရေ့စ် နှင့် Pilgrim တို့ကို မြင်းရိုင်းတို့၏အလယ်တွင် မျက်စိသူငယ်လေးတွေနှင့် တွေ့ခဲ့ရသည်။ အကြောက်လွန်နေရှာကာာ ခုခံဖို့ မစွမ်းသာတာ မြင်ရတဲ့အခါမှာတော့ Tom ဟာ ဆုံးဖြတ်ချက် ချလိုက်ပြီး သူတို့အပေါ်ကျရောက်နေသော မြင်းရိုင်း၏ ဒေါသကို သူ့အပေါ်အာရုံပြောင်းသွားစေရန် ဆောင်ရွက်ခဲ့ပြီး ဂရေ့စ်နှင့်  Pilgrim တို့ရဲ့အသက်ကို ကာကွယ်ပေးခဲ့သည်။ အဲ့ဒီ့ခဏအတွင်းမှာပဲ..Tom ဟာ မြင်းရိုင်းရှေ့ကို မိုက်ရူးရဲစွာပဲ တိုးဝင်သွားခဲ့ပြီး သူ့ ရင်ဝကို မြင်းရိုင်း၏ ခွာကြမ်းအောက်မှာ အကန်ခံရစေခဲ့ပြီး သေဆုံးသွားခြင်းဆိုတဲ့ လမ်းကို သူရွေးချယ်သွားခဲ့သည်။

(၁၅)

ဇာတ်သိမ်းပိုင်း
Tom သေဆုံးပြီးနောက် နယူးယောက်မြို့က ဂရေ့စ် တို့အိမ်လေးတွင် ၁နှစ် မပြည့်ခင် ၃လစောပြီး အန်န်နီ ကသားယောက်ျားလေးတစ်ဦး ဖွားမြင်ခဲ့၏။ မောင်လေးတစ်ဦးရလာခြင်းအတွက် ဂရေ့စ် ကပျော်ရွှင်ခဲ့ပေမယ့် ကလေးဖခင် ဘယ်သူဆိုတာကို ဂရေ့စ်ရော ရောဘတ်ပါ သိဖို့မကြိုးစားကြ။ ရောဘတ် ကလည်း သူ့ကလေးဖြစ်သည် ဟုသာ ယုံကြည်ချင်တာမို့ မေးဖို့ကြိုးစားရန်မလိုဟု ခံယူထားခဲ့သည်။ 

သူမဘ၀ကို ဆက်လက်ရှင်သန်လိုသေးတဲ့ ဂရေ့စ်ကလည်း Pilgrim လိုသာ ကျင့်တော့မည်ဟု ခံယူလိုက်သည်။ ခုဆိုသူမလည်း အရွယ်ရောက်လာပြီလေ။ ကျောင်းပြန်တက်ဖို့ ကြိုးစားသည်။ သူမ ကျောင်းစာတွေ လိုက်နိုင်ဖို့ ကျောင်းနေဖက်ဟောင်းတွေက ကူညီပေးခဲ့သည်။ စန္ဒယားတီး သင်တန်းကိုလည်း အရင်လိုပဲပြန်တက်ခဲ့၏။ အန်န်နီ မွေးထားတဲ့ သားကလေးဟာ အချိန်များစွာမှာ သူ့အမေ သူ့အတွက် နို့ဘူးဖျော်နေတာတွေ ဟိုသည်သွားတာတွေကို မျက်လုံးလေး ၀ိုင်းစက်လို့ လိုက်ကြည့်နေတတ်လေ့ရှိသည်။

တခုသော နံနက်ခင်းမှာတော့ Frank ဆီက စာအိပ်လေးတစ်စောင် ကို အန်န်နီလက်ခံရရှိခဲ့သည်။ စာအိပ်ပေါ်တွင် Tom လက်ရေနှင့် ရေးထားသော အန်န်နီ့ အမည်လေးပါရှိသည် ။ အန်န်နီ စိတ်လှုပ်ရှားစွာဖြင့် စာအိတ်လေးကို ဖွင့်ကြည့်လိုက်တော့ သူ့ကို နောက်မှပြန်ပေးမယ်လို့ဆိုပြီး Tom ပြန်သိမ်းသွားခဲ့တဲ့ သူမ နှင့် Tom ၏လက်တို့ ချည်နှောင်ဖူးတဲ့ ကြိုးကွင်းလေး နဲ့ စာရွက်လေးတစ်ရွက်။ စာရွက်လေးမှာ ရေးထားတာက ”ဘယ်တော့မှ မမေ့ဘူး….” တဲ့။

။~~~~~~~~~~~~~~~~~~~~~~~~~~~။

ကျွန်မ ဤစာအုပ်လေးကို ဖတ်ခဲ့ဖူးသည်မှာ အချိန်ကာလ အတော်ကြာခဲ့ပါပြီ။ စကားလုံးအားလုံးကို လုံးစေ့ပတ်စေ့ပြန်မမှတ်မိနိုင်ခဲ့ပေမယ့် အဖြစ်အပျက်တို့ကတော့ ကျွန်မ မျက်စိထဲတွင် ရုပ်ရှင် အနှေးပြကွက်အလား။ အိမ်ထောင်တာဝန် ကျေပွန်သော၊ စိတ်ထားနူးညံ့ကာ ရိုင်းပင်းကူညီတတ်သော၊ သူတပါးအသက်ကို ကယ်တင်ခဲ့ကာ မိမိကိုယ်ကို စွန့်လွှတ်အနစ်နာခံတတ်သော Tom ကို ကျွန်မလေးးစားမိသည်။ သူသည် Pilgrim ၏ဘ၀ ဆက်လက်ရှင်သန်ရန် မှအစပြုဆက်စပ်၍ ဂရေ့စ်ကိုပါ ပုံမှန်ဘ၀သို့ပြန်ရောက်အောင် ပြန်လည်အသက်သွင်းပေးနိုင်ခဲ့သည်။ သူ့ကိုယ်သူ အဆုံးသတ်မလှပစွာ စွန့်လွှတ်ခြင်းဖြင့် မိသားစုသုံးဦးဘ၀ကို ပိုနေမြဲကျားနေမြဲလေးအတိုင်း ထိန်းသိမ်းပေးသွားနိုင်ခဲ့သည်။ သို့နှင့် ဤစာအုပ်လေးပါ အကြောင်းအရာများကို ပြန်လည်တွေးတောကာ စာစီမိချင်လာသည်။

Pilgrim ၏ အဖြစ်အပျက်လေးမှ ကျွန်မ သင်ခန်းစာယူလိုက်မိသည်က ကျွန်မတို့ လူသားများသည်လည်း တခါတရံ သေဖူးမှ ဘ၀ရဲ့ တန်ဖိုးကို နားလည်တတ်ခဲ့ကြသည်။လွယ်ကူချောမွေ့နေသော ဘ၀တွင် နေခဲ့ရစဉ်က ဘ၀၏ တန်ဖိုးကို နားမလည်ခဲ့။ အရာရာ လိုတ ရနေခဲ့လျှင် ရရှိနေသော အရာတို့ကို တန်ဖိုးမထားချင်ခဲ့။ လက်လွှတ် ဆုံးရှုံးရမည် ဆိုသောအခါမှ၊ ပိုင်ဆိုင်ထားရသော ဘ၀ကို စွန့်ရတော့မည် ဆိုသောအခါမှ အပူတပြင်းနှင့် မိမိလက်ရှိဘ၀ ကိုပြန်မက်မောတတ်ကြသည်။

သြော် သက်ရှိသတ္တ၀ါရယ်လို့ဖြစ်လာမှတော့ ပိုးတုံးလုံးလည်း သူ့ဘ၀ကို ၊ ပုရွက်ဆိတ်၊ တီကောင်လေးများသည်လည်း သူ့ဘ၀ ကိုမြတ်နိုးကြမည်သာ။ ကျွန်မတို့ကို ပုရွက်ဆိတ်လေး တစ်ကောင်လောက် လာကိုက်လိုက်လို့ ခဏတာ ဒေါသနဲ့ သူတို့ကိုကောက်ယူခြွေမွလိုက်လျှင် ဘ၀ကြီးတစ်ခုလုံး ဆုံးရှုံးသွားရသော ပုရွက်ငယ်သည် သူ့ဘ၀တစ်ခုလုံးအတွက် မည်မျှတောင် နာကျင် နှမြောလိုက်မည်နည်း။ ထို့အတူ လက်ရှိရရှိနေသော ဘ၀ကို ဆိုးရွားသည်ဟု တွက်ဆကာ လက်မှိုင်ချ မှိုင်တွေ ဂျစ်တိုက်လို့ အရာရာကို အရှုံးပေး အရွဲ့တိုက်နေလို့ရော ကျွန်မတို့ ဘ၀တွေ နေပျော်ပါမည်လား။ ဖြစ်လာသော ဘ၀ကို သတ္တိရှိရှိနှင့် ကြံ့ခိုင် ရင်ဆိုင်လက်ခံလိုက်ပြီး အကောင်းမွန်ဆုံး အသက်ရှင်သွားဖို့သာ လိုသည် မဟုတ်ပါလား။


Tom သေဆုံးသွားခဲ့တဲ့အခန်းမှာတော့ သူ့အတွက် စိတ်မကောင်းဖြစ်မှုကို ထိန်းမရနိုင်ခဲ့။ သည်စာအုပ်ကို ဖတ်နေသော တလျှောက်လုံး ဇနီးနဲ့သားအပေါ် အလွန်အမင်းချစ်ခင်ကာ အတူနေခဲ့စဉ်တလျှောက် ယောက်ျားကောင်းပီသခဲ့သော Tom အားကျွန်မလေးစားခဲ့သည်။ အန်န်နီက စိတ်ရဲ့အလိုကို လိုက်မိသော ကြောင့် သူမအပေါ်တသက်လုံးကောင်းကာ အရိပ်ကြည့်မြတ်နိုးခဲ့သော ခင်ပွန်းသည်နှင့် စိတ်ဒဏ်ရာ ရနေရှာသော သမီးငယ်ကို ပစ်ကာ Tom နှင့် လက်ထပ်လိုကြောင်းပြောစဉ်အခါက မြန်မာအမြင်နှင့် ကြည့်ကာ ကျွန်မစိတ်ကွက်ခဲ့သည်။ ဤအတွေးမျိုးကို လက်ရှိအိမ်ထောင်ရှင်က တွေးသင့်ပါသည်လား။ အဆင်မပြေသော အိမ်ထောင်ရေးမို့ ၂ဦးသဘောတူ ကွဲကွာထားကြပြီးသားဆိုလျှင်လည်း ရှိစေတော့။ ခုတော့ သူ့အပေါ်သိပ်ကောင်း ပြီး ချစ်လွန်းတဲ့ ခင်ပွန်းသည်ကိုမှ စိတ်ခံစားမှုတစ်ခုအတွက် ပစ်ပယ်ဖို့ရာ စဉ်းစားလေခြင်းရယ်လို့။

ဒါပေမယ့် ကျွန်မလေးစားရသော Tom ကလက်သင့်ခံခြင်းမရှိခဲ့။ သူတို့ ၂ဦးပျော်ရွှင်ဖို့ရန် တခြားလူတွေ နာကျင်ဝမ်းနည်းရမည့်လမ်းကို ရွေးချယ်ခွင့်မပေးခဲ့။ တခြားလူများအတွက် သူတစ်ဦးထဲ နာကျင်ရမည့်လမ်းကိုသာ သူရွေးချယ်သွားခဲ့သည်။ ဤသို့ သုံးသပ်ချက် ချမိတော့ Tom ၏ စိတ်နှင့် သွားတူနေသော ကျွန်မစိတ်ကို ကျွန်မ လွတ်မြောက်ခွင့် ပေးလိုက်ချင်သည်။

ကျွန်မ ချစ်ခင်နှစ်သက်သူများ သံယောဇဉ်ကြီးသူများ၏ စိတ်အလိုကျ စိတ်ချမ်းသာစေဖို့၊ နှစ်သက်ရာလမ်း၊ ရွေးချယ်နိုင်စေဖို့ ၊ တနည်းအားဖြင့် သူတို့ မနာကျင်ရစေဖို့၊ အကြိမ်များစွာ အကြောင်းအရာ များစွာမှာ ကျွန်မ၏ ခံယူချက် ခံစားချက် အားလုံးကို နောက်ဆုတ်ပေးခဲ့သည်။ ကျွန်မသာ စွန့်လွှတ်ပေးခဲ့သည်။ ထိုသို့နောက်ဆုတ် စွန့်လွှတ်ဖို့ ခက်ခဲစွာ ကြိုးစားနေတဲ့ အချိန် အပိုင်းအခြားအတွင်းမှာ ကျွန်မ ဘယ်လောက်တောင် နာကျင်ခံစားရသည်လည်း ကျွန်မသည်သာ အသိဆုံးဖြစ်သည်။

ပျော်ရွှင်နေကြမည်ဖြစ်သော ကျွန်မသံယောဇဉ်ကြီးသူများနှင့် သူတို့ရွေးချယ်ခဲ့သော လမ်းများ၊ အကြောင်းအရာများ၊ ပတ်သက်မှု များက ကျွန်မ ခံစားချက်ကို နားလည်မည်မထင်။ သိကြလိမ့်မည် မထင်။ သူတို့၏ ပျော်ရွှင်မှုများကို အောင်မြင်မှုများဖြင့် တွဲယှက် စားသုံးကြမည်သာ။


Tom ၏ စိတ်ဓာတ်ကို ကျွန်မ လေးစားအလေးပြုမိ၏။ သူတပါး ပျော်ရွှင်စေဖို့ ကိုယ့်ဖက်က စွန့်လွှတ်လိုက်ရတိုင်း ခံစားရသော နာကျင်ဆို့နင့်မှုကို နောကျေစွာ သိနေသူမို့ ကျွန်မ Tom ကိုသနားမိသည်။ သို့ပေမယ့် အဆုံးစွန်သော နာကျင်စွန့်လွှတ်ခြင်းဖြင့် ပေးဆပ်သွားသော Tom ၏ ၀ိဥာဉ်တော့ မပူးကပ်လိုပေ။


စာအုပ်လေးကို ဖတ်ခဲ့စဉ် တုန်းကတော့ အင်္ဂလန်နိုင်ငံသား စာရေးဆရာက သူ၏ဇာတ်လမ်းဇာတ်ကောင်များ ပီပြင်စေရန်အတွက် သူကိုယ်တိုင် နယူးယောက်မြို့သို့သွားရောက်နေထိုင်ကာ ရေးသားခဲ့သော The Horse Whisperer ကိုဖတ်ရှုရန်ကောင်းသော စာအုပ်လေးတစ်အုပ်အဖြစ်သာ သဘောထား၍ ဖတ်ရှုခဲ့ဖူးသည်။ ခုဤစာကို ရေးမိသော အချိန်တွင်တော့ Tom Booker သည် မှတ်ချက်များ ဖြစ်ပေါ်စေရန်အတွက် ကျွန်မကို အတွေးယဉ်ကြောတွင် စီးမြောသွားစေခဲ့ပါသည်။

(ဇာတ်လမ်းအကျဉ်းဖြစ်စေရန်ဆီလျော်အောင်ရေးသားရာတွင် ဘာသာပြန်လွဲမှားမှု နှင့် လိုအပ်ချက်များ ရှိပါက ခွင့်လွှတ်နားလည်ပေးစေလိုပါသည်။)


ကြည်ဖြူပိုင်
၁၆- ၆- ၂၀၁၃

မနက် ၁နာရီ ၁၂ မိနစ်

0 comments: