Friday, April 18, 2014

အခန်းထောင့်ကသစ်ပင်


တစ်ခုသော ညနေခင်းတွင် ကျွန်တော်သည် ပန်းတွေနှင့် သစ်ပင်များရှိရာ နေရာလေးတစ်ခုကို ရောက်သွားခဲ့၏။ သစ်ပင်တွေက စိမ်းစိုစို ပန်းတွေက အရောင်သွေးစုံလို့ စိတ်ချမ်းသာဖွယ်ပါပဲ။

မှိုင်တွေတွေ သစ်ပင်လေးတစ်ပင်အနားကို မထင်မှတ်လိုက်ပါဘဲ ချဉ်းကပ်သွားမိ၏။ ဒီအချိန်ထိ ကျွန်တော့်ရင်ထဲ မြတ်နိုးပိုင်ဆိုင်ချင်စိတ်တို့ မဖြစ်ထွန်းသေး။ ဒါပေမယ့် သစ်ပင်လေးနဲ့ ကျွန်တော် စိတ်ချင်း နီးစပ်မှုတွေ ရခဲ့တယ်ဆိုမလားပဲ။

နောက်နေ့တွေ နောက်နေ့တွေလည်း အဲသည့်နေရာကို သွားလို့ သစ်ပင်လေးကို သွားကြည့်မိတယ်။ ရင်းနှီးစိတ်တွေ အမြစ်တွယ်ခဲ့ပြီကိုး။

xxx

တနေ့တော့ သစ်ပင်လေးက ကျွန်တော့်ကို ပြောခဲ့သလိုပဲ။ : ငါမင်းကိုမြတ်နိုးတယ်။ ငါ့ကို စိုက်ပျိုးပါ။ အထီးကျန်ဆန်တဲ့ဘဝမှာ နေသားကျပေမယ့် မြတ်နိုးမိပါသတဲ့:။

သူတစ်ပါးအတွက် ဘယ်လိုနေမယ်မသိ။ ကျွန်တော့်အတွက်တော့ သစ်တစ်ပင် ထပ်စိုက်ဖို့ခက်ခဲနေပါသည်။ တစ်ပင်စိုက်လျှင် တစ်ပင်ဆိုသလို ကျွန်တော်နှင့်ထပ်တူ ရှင်သန်စေချင်နေမိတာကိုး။ 



ဒီမတိုင်မီက သစ်ပင်ပိုင်ရှင်က စိုက်ပျိုးပေးပါရန် လိုလိုလားလားတောင်းဆိုမှုများကြောင့် ကျွန်တော်သစ်ပင်တစ်ပင် စိုက်ပျိုးခဲ့ဖူးသေးသည်။ ကျွန်တော့်အတွက် မွှေးကြူလှပသော ပန်းရနံ့များနှင့် ထုံမွှမ်းစေရပါမည်။ ကျွန်တော့်စိတ်ချမ်းသာမှုမှန်သမျှကို ပွင့်သောပန်းများနှင့် ဖြစ်တည်စေရမည်ဟူသော စကားအထပ်ထပ်နှင့် သစ်ပင်တစ်ပင်ကို ကျွန်တော် ပိုင်ဆိုင်ခဲ့ဖူးသည်။ ကျွန်တော့်လက်ထဲတွင် လန်းရွှင်ခဲ့၏။ ပြောရမည်ဆိုလျှင် ထိုသစ်ပင် ကျွန်တော့်ကို စောင့်ရှောက်ခဲ့၏။ သို့သော် ပန်းပွင့်ရန်ကိုကား သူပျက်ကွက်ခဲ့၏။ ထို့ကြောင့် စိတ်မြန်လက်မြန်ရှိသော ကျွန်တော်က ပန်းပွင့်မယ်ဆိုပြီး မပွင့်တဲ့ သစ်ပင် ခင်ဗျားသာ ပြန်ယူပေတော့ဟု စိတ်ဆိုးတကြီး ပြန်ထိုးအပ်ခဲ့၏။ ကျွန်တော်ပြန်ပို့ပြီး သိပ်မကြာခင် ပန်းပွင့်လန်းလာ၏။ ပိုင်ရှင်က ပြန်ယူစေချင်၍ အကြိမ်ကြိမ်တောင်းပန် ခယခဲ့သော်လည်း ကျွန်တော်လက်မခံလိုတော့။ သေချာသည်က ထိုသစ်ပင်အပေါ် ကျွန်တော့်သံယောဇဉ် ပါးရှားခဲ့သည်ပင်။ ၀မ်းနည်းသော သစ်ပင်အတွက်ကား ကျွန်တော် မတတ်နိုင်။ 

တစ်ခါခဲမှန်ဖူးသော စာသူငယ်အဖြစ် ကျွန်တော် အချိန်ယူဖို့လိုအပ်သည်ဟုထင်သည်။

သို့သော်....

ယခုသစ်ပင်လေးအပေါ်တွင်တော့ အခါများစွာ သွားရောက်ကြည့်ပြီး သံယောဇဉ်တို့ တနင့်တပိုး တိုးလာခဲ့သည်။ ထိုသို့ဖြင့် ကျွန်တော် သစ်ပင်လေး စိုက်ပျိုးမည်ဟု နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချခဲ့၏။ ပိုင်ရှင်နှင့်တွေ့ကြည့်တော့ ဤသစ်ပင်တွင် အပြစ်အနာအဆာလေးများရှိကြောင်း ပြောဆိုပြသခဲ့၏။ သစ်ပင်လေး ပန်းပွင့်ရန် မပွင့်ရန်လည်း မသေချာ။ ယခုသစ်ပင်သည် ပန်းပွင့်များနှင့် ငွားစွင့်ပြီး ကျွန်တော့်ကို စိတ်ချမ်းသာမှု ပေးမည်ဟု မဆိုနိုင်။ သူစိတ်ချမ်းသာသလိုသာ ရှာကြံနေမည့် သစ်ပင်မျိုးတဲ့။ ထို့ကြောင့် စိုက်ပျိုးရန် စဉ်းစားပါတဲ့။ သစ်ပင်၏ အမူအရာများကလည်း ထိုသို့နှယ်သာ သူမြတ်နိုးခဲ့သည်ဟု ပြောခဲ့သယောင်ပေမယ့် ခုတော့သူမဟုတ်သယောင် ။  ကျွန်တော်စိုက်ပျိုးမည်ဟု ဆုံးဖြတ်ချက်ကျချိန်ကျ သူ့အမူအရာများသည် ပိုင်ရှင်ပြောသော စကားများကဲ့သို့ထပ်တူပင်။ သို့သော် စူးနစ်တွယ်တာပြီး ပိုင်ဆိုင်လိုသော ကျွန်တော်. ထိုသစ်ပင်တွင် ကျွန်တော်လက်မခံနိုင်သော အပြစ်အနာအဆာများရှိခဲ့သော်လည်း  မေ့ပစ်ခွင့်လွှတ်ကာ အိမ်သို့သယ်ဆောင်ခဲ့၏။ ထို့နောက် ကျွန်တော့် အိမ်အခန်းထောင့်တွင် နေရာပေး၍ အမြဲကျွန်တော်ဂရုစိုက်ဖို့ ဆုံးဖြတ်ခဲ့သည်။

xxx

ကျွန်တော်၏ အလုပ်လုပ်ချိန်၊ သင်တန်းတချို့တက်ချိန်များမှ လွဲ၍ အချိန်တိုင်းတွင် ထိုသစ်ပင်အား မြတ်နိုးမှုအပြည့်ဖြင့် ဂရုစိုက်လို့သာ နေခဲ့၏။ သစ်ပင်အတွက်သာ ကျွန်တော့်အချိန်တို့ပေးခဲ့၏။ သစ်ပင်အတွက် ကျွန်တော်အရူးအမူးဖြစ်ခဲ့၏။

ကျွန်တော့်ကို မြတ်နိုးယောင်ပြခဲ့သော သစ်ပင်လေးကို ကျွန်တော်ပိုင်ဆိုင်ခဲ့တော့ ရုံးမှပြန်ရောက်သည်နှင့် သစ်ပင်လေးအပေါ် ယုယခဲ့သည်။ အရိပ်တကြည့်ကြည့် စောင့်ကြည့်ခဲ့သည်။ သစ်ပင်လေးအတွက် နေရောင်လိုလျှင် နေရောင်ရစေဖို့။ ရေဓာတ်လိုအပ်လျှင် ရေဓာတ်ရစေဖို့ ကျွန်တော် တတ်သလောက် မှတ်သလောက်နှင့် လိုအပ်သမျှ ဖြည့်ဆည်းပေးခဲ့သည်။ သစ်ပင်လေး လန်းရွှင်နေလျှင် ကျွန်တော် ပျော်သည်လေ။ ကျွန်တော့် စောင့်ရှောက်မြတ်နိုးမှုအောက်မှာ သစ်ပင်လေး လန်းရွှင်စေလိုသည်။ အထီးကျန်ဆန်လွန်းသော သစ်ပင်လေး မဖြစ်စေရ။ သစ်ပင်လေးအတွက် ကျွန်တော် တစ်ယောက်လုံးရှိသည်။ သည်သို့သာ ကျွန်တော်ခံယူထားခဲ့၏။

xxx

အစအစ ပထမတွင် သစ်ပင်လေး ကျွန်တော့်ထံပါးတွင် ပျော်မွေ့ခဲ့ပေသည်။ လန်းဆတ်သော အမူအရာများနှင့် ကျွန်တော့်စိတ်ထင် အပြုံးများပင် လန်းပွင့်လာသလိုလို။ မင်းကိုငါမြတ်နိုးတယ်ဟု မကြာခဏ ပြောလာသလိုထင်မိ၏။ ထို့ကြောင့် ကျွန်တော်ပျော်ခဲ့သည်။ ကျွန်တော့် သစ်ပင်လေး လန်းရွှင်နေလျှင် ပြီးရော ကျွန်တော်တတ်နိုင်သမျှ လိုအပ်သမျှ လုပ်ပေးဦးမည်။ လုပ်ပေးချင်သည်။

ကျွန်တော့်သစ်ပင်လေးကို အမှန်တော့ ကျွန်တော်တစ်ဦးတည်းသာ အရိပ်ကြည့်နေချင်သည်။ သို့သော် သစ်ပင်လေး သည် သူ့သဘာဝအရ မျိုးတူ သစ်ပင်တို့အကြားတွင် စိတ်ချမ်းသာပေမည်။ ထို့ကြောင့် မျိုးတူတွေ့တိုင်း ပိုလန်းဆတ်လာတတ်သော သစ်ပင်လေးအတွက် တခါတရံ ကျွန်တော့် ဂရုစိုက်များက တိုးမပေါက်ခဲ့။ မျိုးတူများကြား ပျော်မွေ့လိုသော သစ်ပင်လေးအတွက် အပတ်စဉ် ရုံးပိတ်ရက်တိုင်း မျိုးတူများကြားသို့ သွားရောက်ပို့ဆောင်ပေးပြီးတိုင်း ပျော်ရွှင် လန်းဆတ် တက်ကြွနေခဲ့သော သစ်ပင်လေးအား တိတ်တဆိတ် သွားကြည့်ကာ ကျွန်တော်ပါရောပျော်ပေးခဲ့သည်လည်း ရှိ၏။ ကျွန်တော်နှင့် နေရသည်ထက် သူ့မျိုးတူများအကြားနေရသည်ကို လန်းဆန်းတက်ကြွပျော်ရွှင်ယောင် ပေါ်ပေါ်တင်တင်ပြခဲ့သော သစ်ပင်၏အမူအရာများကြောင့် ရင်ထဲစို့နင့် ခံစားခဲ့ရသည်များလည်းရှိ၏။ ကျွန်တော်က ခံစားချက် ပြင်းထန်လွန်းသည်ကိုး။

ထိုသို့ဖြင့် ကျွန်တော့်လက်ထဲတွင် သစ်ပင်လေးသည် ပျော်တလှည့် ညှိုးတလှည့်ဖြင့် သက်တမ်း ကြာခဲ့သည်။ သစ်ပင်လေး ကျွန်တော့် အခန်းထောင့်သို့ရောက်ခဲ့တဲ့ ရက်စွဲလေးတွေ ရောက်လာတိုင်း ကျွန်တော်က သစ်ပင်လေးကို ပြောလေ့ရှိ၏။ မင်း ကိုယ့်အခန်းကိုရောက်တာ ဘယ်နှလကြာပြီကွ။ ပျော်ရဲ့လား။ မင်းကိုတော့ မြတ်နိုးစိတ်တွေ တိုးတိုးလာတယ်။ မင်းရော မြတ်နိုးသေးလားကွ။ တွေ့စတုံးကလိုလေ။ မင်းမြတ်နိုးသေးရဲ့လား။ ညှိုးနွမ်းမနေပါနဲ့ကွာ။ မင်းကို အမြဲလန်းဆန်းနေတာပဲ မြင်ချင်တာ။ မင်းဘာလိုအပ်သလဲပြော။ ပေးဖို့အဆင်သင့်ပဲ။ ဘာလိုနေလည်း။ နေမကောင်းဘူးလား။ ဧကန္တ နေရောင်ခြည် နည်းပြန်ပြီထင်တယ်။ ဆိုကာ နေရောင်ခြည်ထဲ ချပေးဖို့လည်း မပျက်ကွက်ခဲ့။ သို့ပေမယ့် သစ်ပင်လေးက စကားပြန်မလာရုံအပြင် အမူအရာနဲ့လည်း လန်းဆန်းတက်ကြွပုံတောင် မပြတော့ဘဲ ကျွန်တော့်အခန်းလေးထဲ နေရတာ ညှိုးရော်နေသယောင်တွေ အထပ်ထပ်ပြလာတော့ ကျွန်တော်စိတ်မကောင်းဖြစ်ရသည်။

သစ်ပင်လေး ကျွန်တော့်အခန်းတွင် မနေလိုတော့ဘူးလား။

ပန်းမပွင့်ပေမယ့်၊ ကျွန်တော့်အတွက် လတ်ဆတ်ပျော်ရွှင်ခြင်းတွေ သစ်ပင်လေးက မဖန်တီးပေးခဲ့ပေမယ့် ၊ ကျွန်တော့်စကားတွေအပေါ် တခါတရံ သူလန်းဆတ်သောအမူအရာတွေနဲ့ တုံ့ပြန်ခဲ့လျှင်တောင် ပျော်ရွှင်ခဲ့သော ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် လှည့်ဖျားကာ အရင်က သစ်ပင်လေးက မြတ်နိုးလို့ ငါ့ကို စိုက်ပျိုးစေလိုတဲ့ အမူအရာတွေပြခဲ့လို့ မြတ်နိုးတဲ့ ငါက စိုက်ပျိုးခဲ့တာပဲ။ သူ နေရောင်လိုလို့ ညှိုးငယ်နေတာ နေမှာပါ။ ရေဓာတ်များခန်းခြောက်နေသလား။ ငါဆောင်ကြဉ်းပေးဦမှ ဆိုကာ တတ်သမျှနည်းလမ်းများဖြင့် ပိုလို့သာ ဂရုစိုက်မြဲ။  ဤသို့နည်းဖြင့် ကိုယ့်ကိုယ်ကို လှည့်ဖျား၍ စိတ်မကောင်းဖြစ်လာလျှင် ထိုစိတ်တို့ကို ခပ်ဝေးဝေးသို့ မောင်းထုတ်ညာခဲ့သည်။ 
xxx

သို့ပေမယ့် သစ်ပင်လေး ကျွန်တော့်အခန်းထောင့်တွင် နေရသည်မှာ မပျော်ရွှင်ကြောင်း နှင့် မျိုးတူ သစ်ပင်တစ်ပင်နှင့် ဝေးခဲ့ခြင်းအတွက် ညှိုးနွမ်းခံစားနေရသည်မှာသေချာကြောင်း ၊ အကြိမ်ကြိမ် ကိုယ့်ကိုယ်ကို ညာနေခဲ့သော ကျွန်တော်  သိခဲ့သည်။ သို့သော် ကျွန်တော့်အခန်းထောင့်တွင် မပျော်တော့သော သစ်ပင်လေးကို မစွန့်ခွာချင်သော ကျွန်တော်၊ သစ်ပင်လေးအနား ဖက်တွယ်ကာ အရင်လိုပင် ဂရုစိုက်နေဆဲ၊ အရင်လိုပင် စကားပြန်မလာတတ်သော သစ်ပင်လေးအပေါ် မြတ်နိုးမှုစကားတွေ တတွတ်တွတ်သွန်ချနေဆဲ။ သစ်ပင်က ညှိုးနွမ်း မပျော်ရွှင်မှုနဲ့ တုန့်ပြန် ၊ ကျွန်တော်က မြတ်နိုးမှုတွေ သွန်ချ။ သည်အခြေအနေကို ကျွန်တော် ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မှာတဲ့လဲ။

ဤသို့ ကျွန်တော့်အခန်းလေးထဲ တစ်စထက် တစ်စ တိုး၍ ခြောက်သွေ့ ညှိုးနွမ်းလာတဲ့ သစ်ပင်လေးရဲ့ မပျော်ရွှင်မှုကို ကျွန်တော်ကြာတော့ မကြည့်ရက်တော့။ ကျွန်တော့်ရဲ့ မစွန့်လွှတ်လိုတဲ့ တွယ်တာမြတ်နိုးစိတ် ကြီးလွန်းတဲ့ နှလုံးသားရဲ့ အစွဲအလန်းကြီးစွာ ခံစားနေရမှုကိုလည်း မကြည့်ရက်တော့။ နောက်ဆုံးမှာတော့ ကျွန်တော့်ကို စွန့်ခွာသွားလိုတဲ့ သစ်ပင်လေးအတွက် လွတ်မြောက်ရာလမ်းကို ကျွန်တော် ရွေးချယ်လိုက်ပါသည်။

ကျွန်တော့် သစ်ပင်လေး သွားချင်တဲ့အရပ်ကိုသွားပါတော့။ ကျွန်တော့် ဂရုစိုက် မြတ်နိုးခြင်းတွေအောက်မှာ မပျော်လို ၊ ဆက်လက်ရှင်သန်ကြီးထွားခြင်း မပြုလိုတော့တဲ့ စွန့်ခွာလိုတဲ့ သစ်ပင်လေး ပျော်ရာနေရာမှာ ပျော်သလို ရှာကြံနေပါစေတော့။

ဤသို့ဖြင့် ကျွန်တော့်ခံစားချက်ကို ကျွန်တော် စတေးကာ သစ်ပင်လေးအား မူလသယ်ဆောင်လာခဲ့ရာမျိုးတူ သစ်ပင်ရှိရာအရပ်သို့ ကျွန်တော် ပြန်ပို့ပေးခဲ့သည်။

သို့ပါသော်လည်း မာန်ဝင့်တဲ့ မျိုးတူ သစ်ပင်ကြားမှာ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နေဖို့၊ ဘာမဆိုတောင့်ခံနိုင်ဖို့နဲ့  ပိုင်ရှင်က ကျွန်တော့်လို သစ်ပင်လေးအပေါ် တယုတယ စောင့်ရှောက်ခြင်းမရှိလျှင် မိမိကိုယ်ကို ရပ်တည်ဂရုစိုက်ဖို့ ၊ အထီးကျန် ၀မ်းနည်းခြင်း ဖြစ်တည်လာလျှင် လွတ်မြောက်စေဖို့ အကြောင်းတွေ တတွတ်တွတ် မှာကြားရင်း ကျွန်တော့်အတွက် ဘာစကားမှမဆိုသော ကျွန်တော့်အတွက် လတ်ဆတ်ခြင်းတွေ မပြတော့သော သစ်ပင်လေးကို မူလနေရပ်သို့ ကျွန်တော် ပြန်လည်ပို့ဆောင်ခဲ့ပါသည်။

xxx

ခုတော့ သစ်ပင်လေးနေခဲ့သော ကျွန်တော့်အခန်းထောင့်သည် ညှိုးငယ် ၀မ်းနည်းစွာဖြင့် ကွက်လပ်လေးဖြစ်လို့နေသည်။ ထိုအခန်းထောင့်တွင် မနေလိုတော့သည့် သစ်ပင်လေးကတော့ မြတ်နိုးမှုတွေ သွန်ချနေသည့် ကျွန်တော့် ဂရုစိုက်မှုများမှ လွတ်မြောက်၍ မျိုးတူသစ်ပင်ဆီသို့ သွားနိုင်မည် ဖြစ်သောကြောင့် ပျော်မွေ့နေမည်လား။ ကျွန်တော် မသေချာ။ 

သစ်ပင်စိုက်ပျိုးလျှင် ကျွန်တော်နှင့်အတူ ရှင်သန်လန်းဆတ်စေလိုသောကျွန်တော့် စိတ်နှင့် ၊ ညှိုးရော်ခြောက်သွေ့လျက် ကျွန်တော့်အား နှုတ်ဆက်စကားပင် မဆိုလေခဲ့သော၊ ကျွန်တော့် မြတ်နိုးမှုတို့ ပုံနှင်းအပ်ခံခဲ့ရသော သစ်ပင်လေးအား မြင်ယောင်ပြီး နောင်တစ်ကြိမ် သစ်ပင်စိုက်ပျိုးဖို့ ကျွန်တော်ကြောက်ရွံသွားပါသည်။ 
ခု …..ညှိုးရော်ဝမ်းနည်းနေသော ကျွန်တော့် အခန်းထောင့်တွင် ကွက်လပ်။ မြတ်နိုးခဲ့သော ကျွန်တော့် ရင်ထဲတွင် သစ်ပင်လေးအတွက် ခံစားချက်တွေ ပြည့်ကြပ်။



ကြည်ဖြူပိုင်

၈-စက်တင်ဘာ-၂၀၁၃

နေ့လည် ၁၂ နာရီ ၄၅ မိနစ်



0 comments: