Friday, April 18, 2014

ဖေ့စ်ဘုတ်နဲ့ အေးတုတ်



(၁)
ကိုထွန်းမောင်ကျောပြင်ကို ကြည့်ပြီး မခင်မေတစ်ယောက် သက်ပြင်းတချချ မျက်စောင်းတထိုးထိုးရှိနေသည်။ ကိုထွန်းမောင်သာ အရင်လို သူမကို ဂရုတစိုက်ရှိခဲ့လျှင် ဤအဖြစ်ကို သိပေမည်။ ခုတော့ သူမတစ်ယောက်တည်းသာ ကျိတ်ခံစားနေရသည်ပေါ့။

ကိုထွန်းမောင်ကြီးကတော့ ထိုအဖြစ်ကိုမသိ။ ဖေ့စ်ဘုတ်ကိုသာ သည်းသည်းမည်းမည်းကြည့်နေသည်။ သူမဆီက လှုပ်ရှားသံသဲ့သဲ့ကြားလျှင်တော့ သူမ,မမြင်ရစေရန်  စာမျက်နှာကို အောက်ချထားတတ်သည်။ ထိုသို့လုပ်လေ သူမက အသည်းယားလေပင်။ ဘယ့်နှယ် လင်မယားချင်းပဲ။ သူသာရိုးသားလျှင် ဘာမှကွယ်ဝှက်ထားစရာမရှိ။ ခုတော့ သူမအနားလာမှာပဲကြောက်နေရသေး။ ခက်ပါသေးတယ်လေ။ သည်ယောက်ျားနဲ့တော့။

“အကို မအိပ်သေးဘူးလား။ ၁၁ခွဲနေပြီလေ။ မနက်ကျ အစောကြီးထပြီး အလုပ်သွားရဦးမှာ။ ပိတ်ရက်ကျမှကြည့်ပါလား။ လာ…အိပ်ကြစို့နော်“

“အင်းပါကွာ…အိပ်မှာပါ။ မင်းအရင်အိပ်နှင့်။ ကိုယ်ဒီမှာအလုပ်ကိစ္စ အီးမေးလ်စစ်စရာရှိလို့။“

အမလေး….အလုပ်ကိစ္စတဲ့.. ယုံချင်စရာ ခပ်ဟုတ်ဟုတ်ပဲ။ ခုနကပဲ ကောင်မလေးတစ်ယောက်ပုံကို လက်မထောင် (like) လုပ်ပြီးချိန်မှာ သူမအသံကြောင့် ဖျတ်ခနဲ ပိတ်ပစ်လိုက်တာ မသိတာလိုက်လို့။

တွေးရင်းနဲ့ ဒေါသနှင့်အတူ ၀မ်းနည်းမှုစွက်လာတာကြောင့် နှုတ်ခမ်းလေးတင်းတင်းစေ့ ကိုက်လိုက်ကာ သူ့ကို ကျောခိုင်းပစ်လိုက်သည်။ ဒီထက်ဆက်၍ “လာပါ။ အိပ်ပါဆို။ ရှင်ကအလုပ်သွားရမှာမို့ မေက ရှင်အိပ်ရေးမ၀မှာစိုးလို့ ပြောနေတာရှင့်“ လို့အထွန့်တက်လျှင် ကိုယ်တော်ချောက အိပ်ယာပေါ်သို့ ခပ်ဆောင့်ဆောင့်ဝင်ရောက်ပေလိမ့်ဦးမည်။ သည်တော့မပြောတာပဲကောင်းတယ်။

အိပ်ယာထဲရောက်တော့လည်း တော်တော်နဲ့မအိပ်တတ်။ အိုင်ဖုန်းကို လက်ထဲကိုင်လို့ ပက်လက်ကြီးကနေ ဖုန်းမျက်နှာပြင်ကို လက်နဲ့ပွတ်ဆွဲလို့ ဓာတ်ပုံတွေလိုက်ကြည့်ပြီး လှတပတလေးများတွေ့လို့ကတော့ လက်မတစ်ချက်လောက်တော့ အသာလေးထောင်လိုက်သေးတာ။

သူမက မတော်တဆများသူ့ဖက်လှည့်လိုက်လို့ကတော့။ ဖုန်း ပါဝါ ကိုပိတ်လို့ အိပ်ယာဘေးက စားပွဲပေါ်တင်ပြီး အိပ်ဖို့အရေးကြီးသယောင်လုပ်ပစ်တတ်တာမို့ ခင်ပွန်းသည် အိပ်ရေးပျက်မှာစိုးတာနဲ့ပဲ စကားမပြောဖြစ်ခဲ့။ သည်တော့ ပြန်စဉ်းစားကြည့်လျှင် သူအလုပ်ကပြန်ရောက်ချိန် သူမပြင်ဆင်ပေးတဲ့ ထမင်းကို ဖုန်းကနေ သတင်းဖတ်သလိုလို သီချင်းကြည့်သလိုလိုနှင့် စားမည်။ သူမက စကားစမြည်ပြောလျှင်တော့ “အင်း…“ အေး..“ စတဲ့ စကားလုံးရေလိုက်ငါးလိုက်များနှင့် ညစာထမင်းကို စိတ်မပါတပါ စားမည်။ လင်မယားရယ်လို့ ပြောကာဆိုကာ စားကာသောက်ကာနှင့် စကားစမြည်ပြောချိန်မရှိ။စားသောက်ပြီးပြန်တော့ ကွန်ပျူတာရှေ့ ငုတ်တုတ်ထိုင်ကာ အီးမေးလ်စစ်သလိုလို၊  မြန်မာပြည်ကသတင်းတွေသိဖို့ရန်အတွက် အွန်လိုင်းဂျာနယ်တွေဲဖတ်သလိုလိုနှင့် ၀ဘ်ဆိုက်တွေဖွင့်ထားသည်။ ပြီးလျှင်တော့ သူ့ရဲ့အဓိက ကျင်လည်ကျက်စားလေ့ရှိသည်က ဖေ့စဘုတ်။

(၂)
ဖေ့စ်ဘုတ်အကြောင်းကို အရင်ကတော့ မခင်မေ သိပ်မသိခဲ့။ သူ့သူငယ်ချင်းတွေနဲ့ အပြင်လျှောက်လည်ကြလျှင် တခါတရံ အုပ်စုပုံလေးများရိုက်ကြသည်။ ထိုအခါတွင်တော့ ကင်မရာကောင်းကောင်းပါသောသူက ဓာတ်ပုံများရိုက်ပေးပြီး. ….“ညကျရင်မင်းတို့လင်မယားကို ငါတဂ်လိုက်မယ်နော်“ ဟုပြောကာ လမ်းခွဲသွားကြစမြဲ။ ထိုစကားကို ကြားဖန်များလာတော့ သူမကသိချင်လာလို့ ကိုထွန်းမောင်ကို မေးခဲ့သည်။ “ အကို သူတို့က မေတို့ကို ဘာတဂ်မှာလည်း။ ဘာပြောသွားတာလည်း။“  ထိုစဉ်တုန်းက(မှတ်မှတ်ရရ၂၀၁၀လောက်ကပေါ့) သူလည်း ဒီလောက်ကြီး တွင်တွင်ကျယ်ကျယ်မသုံးသေး။ “အေးပါ..ညကျရင် ဖေ့စ်ဘုတ်  ဖွင့်ပြီးရင်ပြမယ်“ ဟုပြောခဲ့တော့ ညဖက်သာရောက်ချင်ခဲ့မိသည်။

ညဖက်ရောက်တော့ အကို့နားကပ်ခါ နေ့ခင်းကရိုက်ထားခဲ့သည် ဓာတ်ပုံများကို ကွန်ပျူတာ ဖန်သားပြင်မှာ မြင်ရတော့ ပျော်လိုက်တာ။ သူများတွေက မှတ်ချက်တွေရေးထားတာလိုက်ဖတ်ပြီးတော့လည်းတပြုံးပြုံး။ အကိုကတော့ အဲ့တုန်းကဘာမှ မရေးသလို like လည်းမလုပ်ခဲ့။ ပြောရရင်တော့ ဖေ့စ်ဘုတ်ရည် မလည်သေးဘူးပေါ့။

သည့်နောက်ပိုင်းတော့ သူမလည်း အိမ်မှုကိစ္စတွေ။ အချိန်ပိုင်းအလုပ်တွေနှင့် မအားလပ်နိုင်ဘဲ ဖေ့စ်ဘုတ်အကြောင်းကို စိတ်ကူးထဲတောင်မရှိခဲ့။ နိုင်ငံခြားရောက်နေလို့ အင်တာနက်အလွယ်တကူရသော်လည်း ရှားပါးလှသော အချိန်များကြောင့် နေ့စဉ်ရက်ဆက်လည်း အင်တာနက်မသုံးဖြစ်ခဲ့။ ခုတလော၂၀၁၂လေးကမှ အိမ်ထောင်သက် ၃နှစ်အကြာအတွင်း သူ့သူငယ်ချင်းတစ်ယောက် အလှူကို သွားတော့မှ ဇနီးဖြစ်သူမနွယ်နှင့် အမျိုးသမီးချင်း အေးအေးဆေးဆေး စကားပြောဖြစ်ရင်း ငယ်ပေါင်းကြီးဖော်လိုခင်မင်ခဲ့သည်။ အိမ်ချင်းလည်း သိပ်မဝေးလှတာမို့ တခါတရံ ရပ်ကွက်ဈေးသို့ တပတ်တခါ ဟင်းစားအတူထွက်ဝယ်ဖြစ်ကြသည်။ မနွယ်က ချောမောလှပကာ အပြောကောင်းသူတစ်ယောက်ပါပေ။

(၃)
တစ်ခုသော နေ့လည်ခင်းတွင် ၀က်အူချိုနှပ်ကြိုက်သော လင်တော်မောင်အတွက် ၀က်အူကို အကျအနနှပ်နေခိုက် ဖုန်းဝင်လာခဲ့သည်။ နံပါတ်ကိုကြည့်လိုက်တော့ မနွယ်ဆီမှ…
“မေရေ….စကားပြောလို့ရလား။ အလုပ်တွေရှုပ်နေလား။“

“ရပါတယ်..မနွယ်.. မေ ၀က်အူနှပ်ထားတာ မီးအေးလေးနဲ့ထားခဲ့ရုံပဲ။ ရတယ်…ပြော…မနွယ်။ မေ ဘာကူညီရမလည်း“

 “နွယ့်ကို ကူစရာမလိုပါဘူးမေရယ်။ မေ့ကို ပြင်ပြင်ဆင်ဆင်လေးလည်းနေဦးလို့ နွယ်ပြောချင်လို့။ ၀ိတ်လေးဘာလေးလည်းလျှော့ဦး။ နွယ်ခု အလှပြင်ဆိုင်သွားမလို့ လိုက်ခဲ့ပါလား။ ဟင်းအိုးကျက်ပြီဟုတ်“

“ဟုတ်…ကျက်ပြီမနွယ် ဒီနေ့အလုပ်သွားစရာမလိုဘူးဆိုတော့ မေ ရေချိုးပြီးတာနဲ့ထွက်လာရင် ဖုန်းခေါ်လိုက်မယ်နော်“

“အိုခေ…မေရေ. …နွယ်…စောင့်နေမယ်“

မနွယ်နဲ့ စကားပြောအပြီး ဖုန်းချပြီးတာနဲ့ ဟင်းအိုးလေး မီးပိတ်ကာ ရေချိုးခန်းခန်းထဲသို့ ၀င်ခဲ့သည်။ ရေချိုးခန်းထဲမှ မှန်ထဲတွင်တော့ ချစ်ခင်ပွန်းအတွက် ဟင်းချက်ရင်း မီးဖိုမှ အပူငွေ့ရိုက်ထားတဲ့ အဆီပြန်မျက်နှာနှင့် မခင်မေကို မြင်ရသည်။ ဆံပင်များကလည်းအနည်းငယ် ဖရိုဖရဲ နိုင်နေသည်။ မှန်ထဲမှ ရုပ်သွင်ကို မြင်လို့ အနည်းငယ် စိတ်သက်သာရာရစေရန်အတွက် ကိုယ် ကိုယ်တိုင်ပဲ ပြုံးပြလိုက်သည်။ ဒီလို ဆိုတော့လည်း ဘယ်ဆိုးလို့တုန်း…ပါးချိုင့်လေးနဲ့ဟုတွေးကာ အသံထွက်ရယ်မောရင်း သီချင်းတအေးအေး နှင့် ရေချိုးခြင်းအမှုကို စတင်တော့သည်။

ပြီးတော့ သနပ်ခါးခပ်ပါးပါးလူးကာ ခပ်ချောင်ချောင်ပွပွအင်္ကျီလေးကိုကောက်စွပ်လိုက်သည်။ နှုတ်ခမ်းအဆီဖျော့ဖျော့လေးဆိုး။ ဆံပင်လေးကို သပ်ရပ်စွာဖြီးသင်လိုက်ပြီး… ဂျင်းပန်န်တစ်ထည်ကောက်စွပ်ကာ။ဘာဒေါက်မှမပါသည့် ခပ်ရိုးရိုး ထိပ်ပိတ်ဖိနပ်လေးစီးလို့ မနွယ်ကို ဖုန်းခေါ်လိုက်၏။

“မနွယ်ရေ…မေထွက်လာပြီနော် …မနွယ်လည်းတိုက်အောက်ကိုဆင်းခဲ့တော့“

ထို့နောက် အိမ်သော့။ ထီး။ ဘဏ်ကဒ်။ ရထားစီးကဒ် နှင့် ပိုက်ဆံအိတ်သေးသေးလေးကို ထည့်ဖို့ ဆလင်းဘတ်အိတ် အလတ်စားလေး လွယ်ကာ ပေါ့ပေါ့ပါးပါး စတိုင်လ်နှင့်ပဲ အိမ်ကထွက်ခဲ့လိုက်သည်။

မနွယ်တို့ တိုက်ဖက်ကို လမ်းလျှောက်သွားခိုက် မနွယ်ကလည်း တိုက်အောက်ရောက်ပြီမို့ ရထားဂိတ်သို့ အတူလျှောက်ခဲ့သည်။လမ်းအတူလျှောက်ရင်းမှ မနွယ်က သူမကိုခြေဆုံးခေါင်းဆုံးကြည့်သည်။

“တကယ်တော့ ငါ့ညီမလည်း သေချာကြည့်ရင် မဆိုးပါဘူးဟယ်။ ပြင်ပြင်ဆင်ဆင် မနေလို့သာပဲ။ မဖြစ်ပါဘူး စတိုင်လ်လေးတော့ နည်းနည်းဖြစ်ဖြစ်ပြောင်းပေးမှဖြစ်မယ်။ နို့မိုဆိုရင် ငါ့ညီမစိတ်ဆင်းရဲရလိမ့်မယ်“

“ဟမ်….မနွယ်စကားကအဆန်းပါလား။ မေကဘာလို့စိတ်ဆင်းရဲရမှာလည်းဟင်“

“ဒီလို…မေရေ… မေကဘယ်လိုခံစားရမယ် မကျိန်းသေပေမယ့် မနွယ်ကတော့ ကိုယ်မဟုတ်တဲ့ တခြားအမျိုးသမီးတစ်ယောက်ကို ခဏခဏ သွားဂရုစိုက်နေရင်တော့ ရိုးသားတယ်ပဲပြောပြော စိတ်မချဘူးတော်ရေ..မနာလိုဘူး…“

“အင်းပေါ့….မနွယ်ရဲ့ မေ ဆိုရင်လည်း အဲ့လိုပဲခံစားရမှာပေါ့။ ဟိုးရှေးရှေးကတည်းက ကိုယ့်ချစ်သူ ကိုယ်နဲ့တွဲသွားတုန်း တခြားကောင်မလေးကို ကြည့်ရင်တောင် စိတ်ဆိုး စိတ်ကောက် ၀န်တိုကြရတဲ့သာဓကတွေရှိတာပဲကို။ ခုဟာက အဲ့လိုသွားဂရုစိုက်နေရင်တော့ ရိုးသားတယ်ပြောလည်း စိတ်ဆိုးမှာပဲပေါ့ မနွယ်ရဲ့“

“အင်း….ကျုပ်တို့ကအဲ့လို စိတ်ဆိုးပြန်တော့ ကိုယ်တော်ချောတို့က ကျုပ်တို့ကို သဘောထားမပြည့်ဝဘူး..ဘာညာနဲ့ စကားလုံး ခပ်ကြီးကြီးတွေနဲ့စွပ်စွဲကြသေးတာ.။ ကျုပ်တို့ဖက်ကခံစားချက်လည်း ထည့်မှမတွက်ကြပဲကိုး။ ခုဟာက ရည်းစားအဆင့်ဆို စိတ်ဆိုးလို့ထားခဲ့လိုက်ရလို့လည်းကိစ္စမရှိဘူး။ အိမ်ထောင်သည်ဖြစ်ရင်တော့ ကျုပ်တို့ခံစားချက်ထည့်တွက်ပြီး…နည်းနည်းတော့ ဆင်ခြင်သင့်တာပေါ့နော်။ အရမ်းကြီးရင်းနှီးတဲ့ ပြောမနာ ဆိုမနာငယ်ပေါင်းကြီးဖော် သူငယ်ချင်းမို့ မိန်းမက စိတ်ချနိုင်တဲ့အထဲကဆိုရင်တော့ တမျိုးပေါ့..ခုတော့ဘယ်တုန်းက သူငယ်ချင်းဖြစ်လိုက်မှန်းမသိတဲ့ ပြီးတော့ ကိုယ့်မိန်းမက, မမြင်ဖူးတဲ့သူဆိုရင်တော့ ကိုယ်တော်ချောတို့ မလွဲမသွေကို ဆင်ခြင်သင့်ပါတယ်လေ“

“အင်း…ဟုတ်တယ်…မနွယ်ရဲ့…ဒါနဲ့ မေကဘာလို့စိတ်ဆင်းရမယ်ဆိုတာပြောဦးလေ“

“ကိုထွန်းမောင်နဲ့ မေနဲ့က ဖေ့စ်ဘုတ်မှာ သူငယ်ချင်းမဟုတ်ဘူးလား“

“ဟုတ်ပါဘူးမနွယ်ရယ်။ မေ မှ ဖေ့စ်ဘုတ်မသုံးတာ။ ဘာလို့လည်းဟင်“

“ထူးတော့ပါဘူး။ မေလေးက အိမ်ထောင်သည်ဆိုတော့ ကိုယ့်ယောက်ျားအကြောင်း အကုန်သိသင့်တယ်ထင်လို့ မီးဆိုတာ မလောင်ခင်တားရအောင် နွယ်ပြောလိုက်တော့မယ်။ ဒါပေမယ့် သူ့ကိုတော့ ဘာမှသွားမပြောနဲ့ဦးနော်။ ကိုယ့်ဖက်ကအခြေအနေကို ပိုင်မှ ဖျောင်းဖျောင်းဖြဖြပြော။ ၀ူးဝူးဝါးဝါးသွားမလုပ်နေနဲ့ဦး။ သူ ဖေ့စဘုတ်မှာကောင်မလေးတစ်ယောက်ကို စိတ်ဝင်စားနေပုံပေါက်တယ်။ နွယ်လည်းအစကတော့ သတိမထားမိဘူး။ နွယ့်အမျိုးသားနဲ့ သူနဲ့ကသူငယ်ချင်းဆိုတော့ တခါတလေ အမျိုးသားအကောင့်ကိုဖွင့်ရင်းနဲ့ မြင်ရတယ်။ နွယ်နဲ့တော့ သူငယ်ချင်းမဟုတ်လို့ နွယ့်အကောင့်ကနေတော့မမြင်ရဘုး။ တခါတခါကျ သူဂရုစိုက်လွန်လွန်းလို့ နွယ်က မေ့အစားကြားထဲက ဒေါသထွက်လို့ပြောတာညီမရေ။ ငါ့ညီမလည်း ပြင်ပြင်ဆင်ဆင်နေဦး။ ခုလည်းကြည့်…ထွက်လာတဲ့ ဗိုက်ခေါက်ကိုတော့လျှော့မယ်မကြံဘူး။ လွယ်ရာပဲ ဗိုက်ဖုံးတဲ့ အကျီအပွဝတ်လာတယ်။ ဒီနေ့တော့ မရွှေခင်မေကို ဒီဇိုင်းပြောင်းမှကိုဖြစ်မယ်…နော်။“

“ဟုတ်..မနွယ်“

မနွယ်ကို အလိုက်သင့်ပြန်ပြောလိုက်ရင်း အလှပြင်ဆိုင်သို့ ၂ယောက်သားချီတက်ခဲ့ကြသည်။

အလှပြင်ဆိုင်ရောက်တော့ ကောင်မလေးတစ်ယောက် မျက်ခုံးမွှေးပုံဖော်ခံနေရင်း ဖုန်းကင်မရာနှင့် သူ့ကိုယ်သူဓာတ်ပုံရိုက်လိုက်သည်။ ထို့နောက် ချက်ခြင်းပဲ ဖေ့စ်ဘုတ် ပေါ်တင်လိုက်ပုံရပါသည်။ မကြာလိုက်ပါ။ ဒေါသတကြီးနှင့် သူ့သူငယ်ချင်းကိုလှည့်ပြောသည်။ “ဒင်းက ဟိုကောင်မလေးကျတော့ like လုပ်တာချက်ခြင်း။ မန့်ရင်မြန်သလားမမေးနဲ့။ ကြည့် ….ငါ့ပုံတင်တော့ နှာစေးချင်ယောင်ဆောင်နေတယ်။“

နားထောင်နေတဲ့တစ်ယောက်က ပြန်ပြောသည်။ “သူ like မလုပ်လည်းဘာအရေးလည်းဟ၊နင့်မှာအားပေးမယ့်လူတွေမှပြည့်လို့“

“like စေချင်လို့မန့်စေချင်လို့ပြောတာမဟုတ်ဘူးဟဲ့။ သူအချိုးတွေပြောင်းနေတာ ကြာလာလို့ငါတကယ်ကို တင်းလာပြီ။ ဟိုကောင်မလေးကလည်း သူ့တင်သမျှ like ဖို့ ကန်ထရိုက်ဆွဲထားတာလေ။ အပေးအယူတွေတည့်လို့။ ငါ့ဝေါလ်ပေါ်မှာ သူကောင်မလေးကို like ထားတာတွေမှပြည့်လို့။ သူ့ကိုအပြတ်ပြောလိုက်တော့မယ်။ နောက်တခါ သွားမန့်တာ like တာတွေ့လို့ကတော့ ကျုပ်ကိုသာဖြတ်လိုက်တော့လို့။ သည်းညည်းမခံနိုင်တော့ဘူး။..တကယ်ပဲ။“

တဖက်ထိုင်ခုံမှာ ဆံပင်ညှပ်ခံနေသည့် မနွယ်က ကဲ….ကြားစ….အဲ့လိုလေးတွေရှိတတ်တယ်… ဆိုတဲ့ အထာနှင့်မျက်စပစ်ပြသည်။ အပြန်ကျတော့လည်း ဒီနေ့ကစ ဖေ့စ်ဘုတ် သုံးပြီး ကိုထွန်းမောင်ကို checking လိုက်ဖို့အကြောင်း။ ကိုယ့်ကိုယ်ကို ပြင်ပြင်ဆင်ဆင်နေဖို့အကြောင်း. တော်ကြာ မျက်လုံးပြူး…ပါးလေးဖောင်းလို့ လက်ညှိုးလေးထောက်ထားသူနောက် ပါသွားမှ စိတ်ဆင်းရဲနေရမှာ မလိုလားကြောင်းတတွတ်တွတ်မှာသွားလေ၏။


(၄)
ထိုအချိန်မှ စ၍သူမအတွေးတွင် တွေးစရာ အကြောင်းအရာတွေ တိုးလာခဲ့သည်။
အကို။ ဖေ့စ်ဘုတ်။  အမျိုးသမီးလှတပတလေးများ…။ကွန်မန့်။ လက်မထောင် ……. စသည့်အကြောင်းအရာများ။

အိမ်ရောက်တော့ ရေမိုးချိုးအလှပြင်ပြီးတာနဲ့ သူပြန်လာချိန်နီးပြီမို့ ဟင်းအိုးနွှေးရင်း စောင့်နေလိုက်သည်။

သူပြန်ရောက်လာတော့ ရေချိုးဖို့ ရေချိုးခန်းဖက်ထွက်လာရင်း… “ဟားးးး မွှေးလိုက်တာ မိန်းမရယ်။ ဘာတွေများချက်တုန်း“

“အကိုကြိုက်တဲ့ ၀က်အူနှပ်။ ရေချိုးပြီးစားဖို့အဆင်သင့်ပြင်ထားလိုက်တော့မယ်နော်“

“သိပ်ကောင်းတဲ့အစီအစဉ်ပါပဲခင်ဗျာ“

ပြောပြောဆိုဆိုနဲ့ ရေချိုးခန်းထဲဝင်သွားသောသူ့ကိုကြည့်ကာ အတွေးက ၀င်လာပြန်သည်။ ဖေ့စဘုတ်……

ဒီနေ့ကစလို့ မေ…အကို့ကိုစောင့်ကြည့်နေပြီ အကို….ဟုတေးထားရင်း သူလုပ်လုပ်သမျှ မသိမသာလေးတွေ အကုန်သတိထားကြည့်မိသည်။ အရင်ကတော့ စားသောက်ပြီး သူလည်းလုပ်ချင်ရာလုပ်.။ ကိုယ်လည်း ကိုယ့်အာရုံနှင့်ကိုယ် အိမ်မှုကိစ္စတွေ အလုပ်ကိစ္စတွေနဲ့ သူ့ကို စောင့်မကြည့်အား။ ခုတော့ သူက စောင့်မကြည့်လို့ကိုမရတော့။ စောင့်ကြည့်ရန်စာရင်းထဲက နံပါတ် ၁။

ထမင်းစားနေရင်း မျက်လုံးစွေကြည့်လိုက်တော့ အိုင်ဖုန်းလေးရဲ့မျက်နှာပြင်ကို အထက်အောက်ပွတ်ဆွဲရင်း စိတ်ဝင်စားနေသည်။ တခါတရံကျတော့ ပြုံးလို့။

“အကို မေဒီနေ့ဆံပင်ညှပ်ထားတာလှလား။“ ဖုန်းလေးကိုလက်ထဲကိုင်ထားရင်းက မော့ကြည့်လာသည်။

“ဟုတ်သားပဲ ငါ့မိန်းမ ဆံပင်တွေညှပ်ထားတာပဲ.ကောင်းပါတယ်ကွာ။နည်းနည်းပိုလှလာတော့၊၀ပြီး ဗိုက်ခေါက်လေးထူနေတာတောင် မသိသာတော့ဘူးကွ။ ကောင်းတယ်။ ကောင်းတယ်“ ပြောပြီးတာနဲ့ တပြိုင်နက်ဖုန်းဆီသို့ မျက်လုံးပြန်ရောက်သွားပြန်သည်။

အို…ဒီလောက်ပဲလား။ ပြန်ရောက်တာ ၁နာရီနီးပါးရှိပြီ။ သူမနှုတ်က ဖွင့်ပြောမှပဲ…သူမဆံပင်ညှပ်ထားတာ သိသတဲ့၊ နောက်တော့ ပြန်ပြောတဲ့စကားကလည်း ကြည့်ပါဦး။ သူကတော့ အေးအေးဆေးဆေးပြောလိုက်တာပဲ။  ဒီကခံလိုက်ရတာတော့နင့်နေတာပဲ။ စိတ်တိုတိုနှင့် မျက်စောင်းတစ်ချက်ဆောင့်ထိုးပစ်လိုက်၏။

ညစာပြီးတော့ အိုးခွက်ပန်းကန်များ ဆေးကြော သိမ်းဆည်းပြီး အိပ်ခန်းထဲပြန်ရောက်လာတော့ သူမချစ်လင်က ကွန်ပျူတာမျက်နှာပြင်ကိုကြည့်ကာ ကြည်ကြည်နူးနူးပြုံးနေပြန်သည်။ စကားပြောဖို့ အနားကပ်သွားတော့ ဖျက်ကနဲ ပိတ်ပစ်လိုက်သည်။ သူမကလည်း ဖျတ်ကနဲ မြင်လိုက်ပါသည်။ ဆံပင်ရှည်ရှည်နှင့်  ကောင်မလေးတစ်ယောက်။ မနွယ်ပြောတာတော့ မှန်နေပြီ ဟုတွေးကာ စကားပြောချင်စိတ် ပျောက်သွားတာကြောင့် အိပ်ယာထဲပဲ ၀င်ခွေပစ်လိုက်တော့သည်။

အကြံဥာဏ်ရယ် ထွက်စမ်းပါ။ ဘာလုပ်ရရင်ကောင်းမှာလည်း။ နဖူးပေါ်လက်တင်ရင်း အသည်းအသန်စဉ်းစားနေမိသည်။ သူမမဟုတ်တဲ့ အခြားကောင်မလေးဓာတ်ပုံတွေကို ကြိုက်လှချည်ရဲ့ လှလှချည်ရဲ့ လို့ မှတ်ချက်သွားရေးတာကို သူမ မျက်ဝါးထင်ထင် မြင်ရရင် ခံနိုင်ရည်ရှိပါမည်လော။ သူမ မဟုတ်တဲ့ တခြားတယောက် နေမကောင်းတဲ့အချိန်တို့ စိတ်ဓာတ်ကျနေတဲ့အချိန်တို့ကျရင်လည်း ပျာနေအောင်ဂရုစိုက်တဲ့ စကားလုံးတွေနဲ့ သွားပြီးအားပေးတာတွေဖတ်ရရင်ရော သူမ ဒေါသထွက်ဝမ်းမနည်းဘဲ နေနိုင်မည်လော။ သူဘယ်စခန်းထိရောက်နေပြီလည်း ဆိုတာ သိလည်းသိချင်ရဲ့။ မြင်လည်းမမြင်ရဲ။ သက်ပြင်းများကို မကြာခဏပင် ချမိ၏။ ကိုထွန်းမောင်လည်း ဘယ်အချိန်မှ အိပ်ရာဝင်သလည်း မသိ။ သူမလည်း တဖြည်းဖြည်းနှင့် မျက်လုံးများမှေးစင်းကာ အိပ်ပျော်သွားတော့သည်။ နောက်တစ်နေ့တွင် ဖေ့စ်ဘုတ် အကောင့်တစ်ခုကို ဖွင့်လိုက်ပြီး အကို့ကိုပြောလိုက်သည်။

“အကို..မေ အကို့ကိုအတ်ထားတယ်နော်။ လက်ခံပေးဦး“

“ဟင်…ကိုယ့်အကောင့်ကိုဘယ်ကရလည်း..ကိုယ်သိပ်မသုံးဖြစ်ဘူး။ အင်း…လက်ခံလိုက်မယ်လေ“
“မနွယ်အမျိုးသားဆီက ရတာအကို”

ဘယ်လိုပဲပြောပြော မေနှင့်အကို သူငယ်ချင်းဖြစ်သွားသည်။ သူငယ်ချင်း ဖြစ်သွားတော့ အကို့လက်မထောင်မှုတွေ ဂရုစိုက်မှုတွေကို မနွယ်ပြောသလို ပြည့်နှက်နေအောင် မြင်ရသကဲ့သို့၊အကို့အပေါ် တဖက်သား၏ချွဲပြစ်စွာဂရုစိုက်မှုတွေကိုလည်း မမြင်ချင်မှအဆုံး တခါတရံအော့အန်ချင်လောက်အောင် မြင်ရသည်။ ကြာလာတော့ သူမ အခံရခက်လာသည်။ သည်တော့ အကို့ကိုဖွင့်ပြောလိုက်သည်။ ရလာတဲ့ ရလဒ် ကတော့ ၀ူးဝူးဝါးဝါးပါ။ “မင်းက လူကြီးလူကောင်းဆန်တဲ့စိတ်လေး ထားမှပေါ့။ ရိုးရိုးသားသား ခင်တာမင်တာပဲ။ ငါဘာတွေလုပ်နေလို့လည်း။ ငါ့သိက္ခာကို မချပါနဲ့။ သဘောထားမကြီးလိုက်တာ“ တဲ့။ သူမပြောချင်သည်က ရိုးသားသည်ဆိုလျှင် အကုန်လုံးသော သူငယ်ချင်းများကို အယုတ်အလတ် အမြတ်မရွေး လိုက်လျော ဂရုစိုက်ပေါ့။ ဘာကြောင့် တစ်ယောက်သောသူကို ထူးဂရုစိုက်ပြီးမှ ရိုးသားသည်ဟု ငြင်းချင်ရသည်လဲလို့။

“မေက တော်လေး၀၀င် အမျိုးသမီးထဲက တစ်ယောက်မှ မဟုတ်ခဲ့လေတာကြောင့် ။ ခင်ပွန်းကိုအချစ်လွန်တဲ့ သာမန်အမျိုးသမီးတစ်ယောက်သာဖြစ်တာမို့။ သာမန်သဘာဝအတိုင်းပဲ ခံစားတတ်တာမို့။ အကိုပြောသလိုတော့ အရမ်းကြီးသဘောထားမကြီးနိုင်ဘူးအကို။“

ဒါက မေ့ရင်ထဲက ပြောစကားများမျှသာ။ အပြင်မှာတော့ တစ်ခေါက်အပြောခံရပြီးနောက်ပိုင်းမေ ဘာမှကို ထပ်မပြောတော့ အကို့လက်မလေးတွေမြင်ရတိုင်း၊ မှတ်ချက်စာသားလေးတွေမြင်ရတိုင်း၊ တဖက်သားရဲ့အကဲပိုမှုတွေ မြင်ရတိုင်း၊ သက်ပြင်းလေးသာ ကျိတ်ချရင်း မေ့ရင်ဘတ်တွေစူးအောင့်ခဲ့ရသည်။ မမနွယ်ရဲ့ အမျိုးသားလို သူ့အမျိုးသမီးကို (Password) ပေးလို့ အကောင့်ကို ပေးသုံးဖို့မပြောနှင့်… မေ့ခံစားချက်ကို နားလည်ပေးဖို့ဖွင့်ပြောခဲ့တာတောင် သူကစိတ်ဆိုးခဲ့သေးတော့လည်း….တွေးရင်း ဒီရက်ထဲမှာ ချမိတဲ့သက်ပြင်းတွေ စိပ်လာ၏။

ကိုယ်ကသက်ဆိုင်သူမို့ သွားပြောပြန်လျှင်လည်း၊ ကိုယ့်ခံတပ်ကတောင် ကိုယ့်ကို ဒီလိုပြင်းထန်တဲ့စကားတွေနဲ့ သမုတ်ခဲ့လေတော့ တဖက်သားကလည်း ပြန်ကာပြီး မပြောဘူးလို့ မသတ်မှတ်နိုင်။ ပြီးတော့ မတော်တဆပြောမိရင်တောင် ရိုးသားပါသည်ဟူသောစကားလုံးတို့ဖြင့် တုန့်ပြန်ခဲ့ပါက ကိုယ်ကသာ စွပ်စွဲသူဟု ပြန်ဖြစ်သွားပေလိမ့်မည်။ ပြောဖို့ရာလည်း မသင့်တော်။ သူတို့လည်း မိန်းကလေးများမို့ ကိုယ်ချင်းစာသည်ရယ်လေ။ နောက်ဆုံး ကိုယ့်ခြံစည်းရိုး ခံတပ်မလုံမှန်း သေချာနေသည်မို့ သူမဘယ်လိုမှကို မလုပ်ချင်တော့။ ခံစားရပ်တည်နိုင်စွမ်းလည်းကုန်ခဲ့သည်မို့ ဖေ့စဘုတ်ကို ဖျက်သိမ်းပစ်ကာ ဥပေက္ခာနဲ့သာ နေလိုက်တော့၏။ တကယ်ဆို အကို မြတ်နိုး၍ လက်ထပ်ထားသည့် အမျိုးသမီးတစ်ယောက်ရဲ့ စိတ်ခံစားချက်ကို ငဲ့ညှာသင့်သည်သာ။

(၅)
နောက် ၈ရက်လောက် အကြာတွင် ကိုထွန်းမောင်၏ဖေ့စ်ဘုတ် သူငယ်ချင်းထဲတွင် သိပ်လှသော ကောင်မလေးတစ်ယောက်တိုးလာခဲ့သည်။ သူမအမည်က အေးတုတ်။
အေးတုတ်က ချစ်စဖွယ် စကားလုံးများကို သုံးလေ့ရှိသည်။ သိပ်လှသော ဓာတ်ပုံများကို တင်တတ်သည်။ ဒါပေမယ့် များများစားစားတော့မတင်တတ်။ ရှားရှားပါးပါး ၃ပုံထဲရယ်။
ကိုထွန်းမောင်က မေးကြည့်သည်။ ဘာလို့ အေးတုတ်လို့ မှည့်ထားရတာလည်း။ ရုပ်ကလေးနဲ့နာမည်နဲ့မလိုက်ဘူးဟူ၍။

အေးတုတ်က ပြန်ဖြေသည်။ “ညီမက ရုပ်ကလေးကသာလှနေတာပါ။ ဘော်ဒီက ဆင်ခန္ဒာရှင့်“ ။ မခင်မေရဲ့ ဗိုက်ခေါက်လေး မဆိုသလောက် ထွက်နေတာကို အပြစ်မြင်နေတဲ့ ကိုထွန်းမောင်က အေးတုတ်ကိုတော့ အားပေးရှာသည်။ ဆင်ခန္ဒာလည်း ဘာဖြစ်လည်း ညီမရယ်။ မျက်နှာလေးက ဒီလောက်ဖူးနေအောင် လှတာကိုများ…ဆိုပဲ။

အရင်ကဆို ကောင်လေးများရေးသော စတေးတပ်စ်ထက် အချို့ကောင်မလေးများ စတေးတပ်စ်ကိုသာ သူများများဖတ်ဖြစ်သည်။ ဘာကြောင့်ဆို သူတို့အပြောတွေက ညွတ်ကျနေအောင် ကောင်းသကိုး။ စွဲငြိအောင် ရေးတတ်ကြသည်။ ဓာတ်ပုံဆိုလည်း ထိုနည်းလည်းကောင်း။ ဘာကြောင့်ဆို ကောင်မလေးများ သိပ်လှသည်ကိုး။ ဒါပေမယ့် အကုန်လုံးကိုတော့ ကိုထွန်းမောင် မကြိုက်တတ်ပါ။ ငြိတွယ်အောင် စတေးတပ်စ် တင်နိုင်သော ကောင်မလေးများ နှင့် ဓာတ်ပုံလှတပတလေးများတင်တတ်သော ကောင်မလေးများ။ သူ့အားမကြာခဏ ချွဲတတ်သော ကောင်မလေးများကိုတော့ ကိုထွန်းမောင် အမြဲလို အားပေးတတ်သည်။

ခုတော့ တနေ့ထက်တနေ့ ကိုထွန်းမောင် ဇာတ်ရှိန်ပိုမြင့်လာသည်။ ဘယ်ကောင်မလေးပုံကိုမှ သိပ်ပြီး လက်မ မထောင်တော့။ စတေ့တပ်စ်တွေမှာ ကွန့်မန့်သွားမရေးတော့။ ဘာကြောင့်ဆို သူ့အာရုံတွေက အေးတုတ်ဆီပဲရောက်လို့နေသည်လေ။ အေးတုတ်ရဲ့ ပင်တိုင် ပရိသတ်သာလုပ်လို့နေသည်။

အေးတုတ်က စတေးတပ်စ်မှာ “အွန်“ လို့ရေးလိုက်လျှင်လည်း ကိုထွန်းမောင်တို့ လက်မနှေးဘဲ လက်မထောင်ပြီးသား။

အေးတုတ်က “စိတ်ညစ်တယ်“ ဆိုလျှင် ကိုထွန်းမောင်တို့အားပေးတဲ့ ကွန့်မန့်ရေးပြီးပြီ။
အေးတုတ်က “နေမကောင်းပါ“ ဟုပြောလျှင်လည်း ဂရုစိုက်ဖို့ တဖွဖွသွားပြောရတာအမော။

အေးတုတ်က အရေးအသားမှာလည်း ညွတ်ပျောင်းစွဲဆောင်နိုင်ရုံသာမက ပုံလှတပတလေး ၃ပုံလောက်တင်ထားတာမို့ ပရိသတ်ကတော့ အများသား။ အဲ့…ဒါပေမယ့် ပရိတ်သတ်အများကြီးထဲမှာမှ မိမိကို သူလေးက အရေးပေးသည်မို့ ကိုထွန်းမောင် ပျော်မြူးနေရသည်။

လာမည့်အပတ်ထဲတွင် တရုတ်နှစ်ကူး ရက်ရှည်ပိတ်မည်မို့ မြန်မာပြည်အလည်ပြန်မည်စိတ်ကူးမိသည်။ အရင်ကလို အေးတုတ်နှင့်ဖေ့စ်ဘုတ်တွင် နေ့စဉ်မပြတ်တွေ့ဖို့ရာ အခွင့်နည်းသွားပြီမို့ ဒီနေ့တော့ ကိုထွန်းမောင် အလွမ်းတွေသယ်နေမိသည်။

 “ညီမလေးကို အကိုရန်ကုန်ပြန်ရင်တွေ့ခွင့်ရနိုင်မလားဟင်။ ကိုယ်တစ်ရက်လောက်လာတွေ့မယ်လေ။ အိမ်ပြန်တုန်းဆိုတော့ မိသားစုနဲ့တွေ့ရမှာမို့ အလုပ်ရှုပ်နေရင် အွန်လိုင်းတက်ရတော့မှာမဟုတ်ဘူး။ အပြင်မှာသိပ်တွေ့ချင်တယ်ကွာ။ ကိုယ် အင်္ဂါနေ့ပြန်လာမှာ“ 

ခဏခဏ တတွတ်တွတ်ပြောပါများတော့ အေးတုတ်က အကြောင်းပြန်လာသည်။

“အင်း…အကို သိပ်တွေ့ချင်နေရင်လည်း မြေနီကုန်းက ဂမုန်းပွင့် ကုန်တိုက်အပေါက်ဝမှာ ကြသပတေးနေ့ ညနေ ၅နာရီကျရင် စောင့်နေမယ်လေ။ မိုးပြာရောင် တီရှပ်နဲ့ လုံချည် အနက်လေးဝတ်ထားမယ်။ နေကာမျက်မှန်တပ်ထားမယ်။ ဦးထုတ်အ၀ိုင်း အပြာနုလေးဆောင်းထားမယ်။ အကိုလာခဲ့ပေါ့။ ညီမခုတော့ အောက်လိုက်ဦးမယ်“
ဆိုကာ သူမအွန်လိုင်းမှပျောက်သွားတော့သည်။

(၆)
မခင်မေတစ်ယောက်ဖေ့စ်ဘုတ်သုံးလိုက်သည့် ၃လတာအတွင်း ခေတ်မှီစကားလုံးအသုံးအနှုန်းများတတ်မြောက်လာသည်။ ရယ်လျှင်တောင် ချစ်စဖွယ် မြည်သံစွဲအလင်္ကာလေးတွေထည့်လို့။ လျှာလေးထုတ်ပြ.သွားဖြဲရယ်ပြ. မျက်လုံးတဖက်မှိတ်ပြ။ တူနဲ့ထုလို့တိန်))) လို့မြည်သံလုပ်ပြတာလောက်ကတော့ အပျော့ပေါ့။ တတ်လာတာတွေမှ အများကြီးရယ်မှ အများကြီး။ 


အရင်က ဘာမှမလိမ်းချယ်တတ်။ တခါတရံ နှုတ်ခမ်းဆီလေးသာ ဆိုးတတ်သည့် အဆင့်ကနေ ခုတော့ မမှတ်မိနိုင်လောက်အောင် မိတ်ကပ်ကိုစပါယ်ရှယ် လိမ်းတတ်သည်အထိ ဆရာတဆူလည်းဖြစ်ခဲ့ပြီ။  ကိုထွန်းမောင် လက်မလေးတွေ သွားသွားထောင်တတ်တဲ့ စတေးတပ်စ်လေးတွေ လိုက်ဖတ်ရတာ။။ပြီးတော့ ဓာတ်ပုံလေးတွေ လိုက်ကြည့်ပြီး ဘေးနားချထားတဲ့ မှန်လေးနဲ့ ကိုယ့်ရုပ်ကိုယ် ပြန်ကြည့်ရင်း ယှဉ်ကြည့်ရတာလည်းအမော။

မျက်နှာစာအုပ်မှ ချစ်သူအတွဲလေးများ၏ ၀န်တိုမှုကိုလည်းတွေ့ရသည်။ ဟိုတလောကတောင် အသိအကိုကြီးတစ်ယောက်က သူ့စတေးတပ်စ်မှာရေးထားသေးသည်။  သင် (သို့မဟုတ်) ကျွန်တော်၏ လက်မထောင်ခြင်းများနှင် မှတ်ချက်ရေးမှုများသည် ကျွန်တော်နှင့် ကောင်မလေးကြား ၀န်တိုမှုနှင့် စကားကတောက် ကဆများကိုဖြစ်စေသည်။ ထို့ကြောင့် ကျွန်တော်သည် ချစ်သူကောင်မလေးနှင့် အဆင်ပြေခြင်းအလို့ငှာ လက်မထောင်ခြင်းနှင့် မှတ်ချက်ရေးခြင်းများ ကျဲပါးမည်ဖြစ်ကြောင်း သိစေအပ်ပါသည်။  တဲ့။ တချို့ချစ်သူယောက်ျားများကျတော့ သူတို့ကောင်မလေးများကို အဲ့လိုနားလည်ပေးတတ်။ လိုက်လျောတတ်ကြသည်။သူမအဖြစ်ကသာ ကိုထွန်းမောင်ကို ပြသနာရှာဖို့မပြောနှင့် တောင်းဆိုကြည့်ပါဦး။ မနွယ်ပြောသလိုပင် နားလည်မှုမရှိတဲ့ အမျိုးသမီးဟု စကားလုံးကြီးကြီးနှင့် သူမကို စိတ်ဆိုးပေလိမ့်မည်။

ထိုအခါမျိုးတွင်တော့ “ချစ်တော့လည်း ၀န်တိုတာပေါ့။ ဒါကို တချို့ချစ်သူတွေက နားလည်တယ်။ ခင်ပွန်းအဖြစ် ပေါင်းသင်းလာတဲ့ အကိုတို့က မေတို့မနွယ်တို့ကို ဘာကြောင့် နားမလည်ပေးတာလည်း မသိဘူးနော်“ ဟု မနွယ်ကို ၀မ်းနည်းစွာဖြင့် ငြီးတွားပြောမိသည်။

တခါတရံတော့ ရည်းစားရှိမှန်း (သို့) အိမ်ထောင်ရှိမှန်း မသိမသာလည်း မဖော်ပြ။ သိသိသာသာလည်း မဖော်ပြထားတော့ (ဥပမာ- ကိုထွန်းမောင်လိုလူမျိုး) ဆတ်ဆတ်ကဲ မိန်းကလေူးတွေက အီကြ။ ထိုအခါသက်ဆိုင်သူတွေက ၀မ်းနည်းကြ။ စိတ်ကြေကွဲမှုတွေဖြစ်ကြ။ ကတောက်ကဆဖြစ်ကြနဲ့ ။ သြော်…ဖေ့စ်ဘုတ်..ဖေ့စ်ဘုတ် …အတုအယောင်လိုင်းမို့သာပဲ။ အစစ်သာဆို ဘယ်လောက်တောင်မွှေလိုက်မလဲလို့“ ဟု အတွေးတွေ ပွားမိသည်။

ဘာလိုလိုနှင့် နောက် ၄ရက်ကြာလျှင် ရန်ကုန်အလည်ပြန်ရဦးမည်။

(၇)
ဗုဒ္ဓဟူးနေ့ညဖက်တွင်တော့ လင်မယား၂ယောက်ကျောချင်းကပ် အိပ်နေရင်း ကိုထွန်းမောင်က မနက်ဖန် ညနေ၅နာရီတွင် မခင်မေကို ဘယ်လို လှိမ့်ထွက်ရမလည်းအကြံထုတ်နေသည်။

မနက်မိုးလင်းတော့ မခင်မေက မိဘများအိမ်သွားမည် မှောင်မှပြန်လာမည်ဆိုတော့ ကိုထွန်းမောင်အတော်ပျော်သွားသည်။ ဘာမှ လှိမ့်စရာမလိုတော့ပါတကား။

(၈)
ချိန်းဆိုထားသော ၅နာရီ။

ဂမုန်းပွင့် ကုန်တိုက်အပေါက်ဝတွင် နေကာမျက်မှန်တပ်ထားသော မိုးပြာရောင်အမျိုးသမီးကို ခပ်ဝေးဝေးကပင် ကိုထွန်းမောင် လှမ်းမြင်ရ၏။ အေးတုတ်ပြောထားသော အဆင်အပြင်အတိုင်းပင်ကွက်တိမို့  ဆင်ခန္ဒာမဟုတ်ပါဘူးလေ။ အနေတော် ကိုယ်လုံးလေးပါဟု တွေးလိုက်မိရင်းအနားသို့ အပြေးလေးပင်လျှောက်သွားလိုက်သည်။

သူအနားရောက်ခါနီးတော့ မျက်မှန်မချွတ်သေးပေမယ့် ပြုံးနေသော နှုတ်ခမ်းများကို အပြင်လောကတွင်သေချာမြင်ဖူးသည်ဟု စဉ်းစားမိသည်။

အနားရောက်ချိန်တွင်တော့ အေးတုတ်က မျက်မှန်လေးကို အသာအယာချွတ်လိုက်ရင်း “အကို အေးတုတ် လှရဲ့လားဟင်“ ဟူ၍ မေးလိုက်လေ၏။

ရုပ်မြင်သံကြားထိုခဏကို ကြုံတွေ့လိုက်ရသောအခါတွင်တော့ ကိုထွန်းမောင်တစ်ယောက်..ဘာပြောလို့ပြောရမှန်းပင်မသိတော့ဘဲ အိုးတိုးအမ်းတမ်းနှင့် ဘ၀တွင်အနေရအခက်ဆုံးသော အသေးသိမ်ဆုံးသော တော်တော်ဆိုးရွားသည့်ခံစားချက်ကို ခံစားလိုက်ရသည်။ ဖြစ်နိုင်လျှင် ကားလမ်းမပေါ်တွင် မျောလွင့်နေသော ကားမီးခိုးလုံးများနှင့်သာ အငွေ့ပျံပါသွားချင်တော့သည်။ ကိုယ့်မျက်စေ့ရှေ့မှောက်က ကိုယ်သိပ်တွေ့ချင်နေသော၊ သိပ်လှနေသော အေးတုတ်သည် တကယ်တော့ ကိုယ်မြတ်နိုးစွာချစ်ခင်သည့် ဇနီးတစ်ယောက်ပါပေလား။

ကိုယ်မမှတ်မိနိုင်လောက်အောင်ပြောင်းလဲနိုင်သော မိတ်ကပ်ပညာကိုတော့ လေးစားမိသည်။

ပါးစပ်အဟောင်းသားနှင့်ခေါင်းငုံ့သွားပြီးထဲက ပြန်မော့မလာတော့သော ခင်ပွန်းသည်ကိုကြည့်ပြီး မခင်မေ တော်တော်အားနာသွားမိသည်။ ဒီလို အသိစိတ်ကင်းမဲ့သွားပုံမျိုးနှင့် ကြာကြာရပ်တည်နိုင်မည်မဟုတ်မှန်းသေချာနေသည်မို့ လက်ကလေးကို အသာဆွဲခေါ်ခါ  အနီးရှိ အအေးဆိုင်ထဲသို့ ၀င်ခဲ့သည်။

အကို မေ့ကို စိတ်ဆိုးသွားလားဟင်။ တကယ်တော့ မေ…အဲလိုဖြစ်သွားဖို့ မရည်ရွယ်ခဲ့ပါဘူး။ တခြားမိန်းကလေးတွေဆီ အာရုံရောက်နေတဲ့ ကိုယ့်ခင်ပွန်းကို ကိုယ့်ဖက်မှာရှိသေးရဲ့လားလို့သိချင်စိတ်နဲ့ တဖက်ကလည်း ပြန်ဆွဲခေါ်ရုံသက်သက်ရယ်ပါ။ တကယ်တော့ မေတို့က အိမ်ထောင်သည်တွေဖြစ်နေပြီလေ။ အဲ့ဒီတော့ မေ နောက်ဆုံးအနေနဲ့ ကြိုးစားခြင်းပါ။ အကို့ကိုလည်း မညာရက်တာကြောင့် ဒီနေ့တွေ့ဖို့ ချိန်းလိုက်တာ။ အကို ခုအရာအားလုံးကို ဆုံးဖြတ်နိုင်ပါပြီ။ အဲ့ဒီ့ဘ၀လေးမှာ ပျော်နေမယ်ဆိုလည်း ပျော်ဖို့ အကိုရွေးချယ်လိုက်ပ်ါတော့။ အကိုပျော်ရာတွေပဲ ရွေးချယ်လုပ်တော့နော်။ မေကတော့ ခုရန်ကုန်ပြန်တုန်း မိဘတွေနဲ့ပဲ နေခဲ့တော့မယ်။ မေကတော့ အေးတုတ်ကိုပါ အကို့ဘ၀ထဲက အပြီးခေါ်သွားတော့မှာဖြစ်တဲ့အတွက် အေးတုတ်နဲ့ ခင်မေတို့ကတော့ အကို့ဘ၀မှာ ရှိတော့မှာမဟုတ်ပါဘူး။ မေမေတို့ အထင်မလွဲစေဖို့တော့ မေ ကြည့်ပြောလိုက်ပါမယ်။ အဲ့ကိစ္စအတွက်တော့မပူပါနဲ့နော်။ ခွင့်ရက်စေ့ရင် လမ်းခွဲကြတာပေါ့။ မေ မခံစားနိုင်တော့လို့..ဒီလမ်းကို အကို့ကိုရွေးချယ်ခွင့်ပေးလိုက်တာပါ။“

ပြောအပြီးမှာပဲ ညနေခင်းတွင်တောက်ပနေသည့်နေရောင်အောက်သို့ တိုးဝင်သွားရန် သူမခြေလှမ်းစခဲ့သည်။

ထိုအခိုက် အကို့လက်တစ်ဖက်က သူမကို ဖျတ်ခနဲ လှမ်းဆွဲလိုက်သည်။

“မေ..တကယ်တော့ အကို့စိတ်ပျော်ရွှင်မှုတခုနဲ့ အားနာမှုတွေအတွက် အကို စိတ်ထဲပါရာတွေ လုပ်ခဲ့တာပါ။ တကယ်ကို ကိုယ်ရိုးသားခဲ့ပါတယ်။ ရိုးသားခဲ့ပါတယ်ဆိုတာ ယုံကြည်နေလို့လည်း မေ့ခံစားချက်ကိုထည့်မတွက်မိတော့ဘဲ မေ့ရှေ့မှာပဲ မဆင်မခြင် “ငါရိုးသားတာပဲကွာ မရိုးသားတာဘာလုပ်နေလို့လည်း“ ဆိုတဲ့စိတ်နဲ့ ကိုယ်ရှေ့ဆက်တိုးမိတာပါ။ တကယ်တော့ ကိုယ့်ကိုချစ်တဲ့သူ။ ကိုယ်ချစ်တဲ့သူရဲ့ စိတ်ခံစားချက်ကို ကိုယ်ထည့်မတွေးမိသလို ဖြစ်သွားတယ်။ ကိုယ်အတ္တကြီးသလိုဖြစ်သွားခဲ့တယ်။ ကိုယ့်ကို လာပတ်သက်မှုတွေမှာ။ ဂရုစိုက်မှုတွေမှာ အပြင်မှာ လူမမြင်ဖူးခဲ့ရဘဲ စကားလုံးလှလှလေးတွေရဲ့ဖျားယောင်မှုနဲ့ရင်းနှီးခဲ့ရတဲ့အပေါ်မှာ ကိုယ်သာယာမိသလိုဖြစ်သွားတယ်။အဲ့ဒီ့အတွက် ကိုယ်ဆင်ခြင်သင့်မှန်း ခုတော့ သဘောပေါက်သွားပြီ။ မေဟာ အေးတုတ်နဲ့ အတူ ကိုယ့်ဘ၀ထဲမှာ အရင်လိုပဲ ပြန်နေပါနော်“

ဘယ်တော့မှ ကိုယ်မှားသွားပါတယ်ဆိုတဲ့ စကားလုံးကို သုံးမှာမဟုတ်တဲ့ ချစ်ခင်ပွန်းအကြောင်းလည်းသိပြီးသားမို့ သူမထပ်ပြီး စိတ်မတင်းထားချင်တော့။ ပစ်တိုင်းထောင်ရုပ်ကြီးလိုပဲ လာနှဲ့သူကြောင့် ခဏတဖြုတ် တလှုပ်လှုပ်ဖြစ်သွားခဲ့ပေမယ့် ပြန်တည်ငြိမ်ထောင်မတ်လာသည့် ခင်ပွန်းသည်ကို မေခွင့်လွှတ်ကြည်ဖြူသင့်သည်လေ။

ထပ်မံဆွဲယူလိုက်တဲ့ လက်တစ်ဖက်မှာ မေ့လက်လေးကို အလိုက်သင့်ထည့်ပေးလိုက်ရင်း အပြင်ကို လှမ်းကြည့်လိုက်တော့ ကားများစီတန်းသွားလာနေသည့် လမ်းမကြီးအထက်ကောင်းကင်က ညနေခင်း နေရောင်ခြည်သည် လှချင်တိုင်းလှနေပေတော့၏။

။။။။။။။။။။

ကြည်ဖြူပိုင်


 မေ ၂၀၁၃ 

small photos are taken from Google.

2 comments:

Ko Zey said...

နောက်တစ်ကြိမ်လာရောက်ဖတ်ရှု တို့ ဘာတို့ :)

ကြည်ဖြူပိုင် said...

ကိုယ့် brother ကို စာလာဖတ်ပေးတဲ့အတွက် သိပ်ကျေးဇူးတင်တာပါပဲတို့ ဘာတို့ :) :) :)