Monday, October 6, 2014
အားလုံးဟာ ပြောင်းလဲသွားခဲ့တယ်ဆိုရင်တောင်……
(photo credit to : Google)
(ကာတွန်းလေးဆွဲပြီး
ပို့စ်တင်မယ်လို့ စိတ်ကူးခဲ့ပေမယ့် ဒီညနေမှ ကဗျာကသီထရေးပြီး အချိန်မရှိတော့လို့
Google ကပုံလေးပဲ ရွေးပြီးတင်လိုက်ရပါတယ်။ပီးတော့ ဒီနေ့မိသားစုဓာတ်ပုံလေးတွေကြည့်ရင်း လွမ်းလွမ်းရှိတာမို့ မိသားစုအကြောင်းလေးနဲ့ဆက်စပ်ပြီးရေးလိုက်ပါတယ်။)
ရေမွှာစိမ်းလေးများကြားတွင်
လျင်မြန်စွာကူးလူးနေသော ရွှေငါးသေးသေးလေးများကိုကြည့်ရင်း အသည်းယားလာသည်။
ကြည့်ပါဦး ချစ်ဖို့ကောင်းလိုက်တာ။ အိမ်က ကိုကြီးရဲ့ ငါးကန်ကျယ်ကြီးထဲရောက်သွားရင်
ဟိုဖက် သည်ဖက် ယိမ်းထိုးကူးပြီးတော့ကို ပျော်နေကြဦးမှာလို့ တွေးကာ ငါးနှင့်ရေ
ရောထည့်ထားသည့် ပလတ်စတစ်အိတ်လေးကို ထပ်မြှောက်ကြည့်မိပြန်သည်။
ထိုအခိုက်မိုးရေစက်လေးတချို့က
ချို့မျက်နှာပေါ် ထိစင်လာ၏။ မျက်နှာပေါ်မှာ မေမေလိမ်းပေးထားတဲ့ သနပ်ခါးဘဲကြား
ပျက်တော့မှာပဲ။
“ကိုကြီးရေ
မိုးတွေ ရွာတော့မယ်။ နင်း နင်း မြန်မြန်နင်း”
စက်ဘီးနင်းနေသော
ကိုကြီးရဲ့ ကျောပြင်တွင် ပါးကို မှီလိုက်ကာ မိုးစက်တွေကို ကာကွယ်ရင်း
ပြောလိုက်သည်။ သည်အချိန်မှာ စက်ဘီးခုံကိုလည်း ကျစ်ကျစ်ပါအောင် ကိုင်ထားလေမှ။
ကိုကြီးတစ်ယောက် စက်ဘီးကို အမြန်နင်းလျှင် မည်သို့မည်ပုံ
နောက်ကလိုက်ရမည်နည်းဟုလည်း ညီမငယ်တစ်ယောက်အနေဖြင့် အသိရှိနေပြန်သည်။ ကိုကြီးသည်
အမြဲလိုပင် စက်ဘီးကို ကပ်ကာ သီကာ နင်းရတာ ၀ါသနာပါသည်။ တခါတရံ
ဆိုင်ကယ်နှင့်အပြိုင်နီးပါး နင်းချင်လျှင်နင်းသေး၏။ သူ့စက်ဘီးနောက်တွင်
လိုက်စီးလေ့ရှိသော ညီမငယ် ၂ယောက်နှင့် ညီငယ်တစ်ယောက်ကို စချင်ပါကလည်း စက်ဘီးကို
ဘယ်ညာရမ်းကာ နောက်ကလိုက်စီးသူ အသည်းတယားယား ရင်တလှပ်လှပ်နေအောင်ပင် သူမို့
ကပ်ကာသီကာ နင်းတတ်သည်။ သို့သော် ဘယ်တော့မှ အန္တရာယ်မဖြစ်စဖူး။ ဒါသည်ပင်
သူ့ကျွမ်းကျင်မှုဟု ဆိုရပေမည်။ ကိုကြီးရဲ့ စက်ဘီးနင်းကျွမ်းကျင်မှုကိုယုံကြည်သော
ချိုကတော့ သူစက်ဘီးနင်းသည်ကို နောက်က ထိုင်စီးလေတိုင်း ဘယ်တော့မှ အငြိမ်ထိုင်မလိုက်ဘဲ
ရှေ့လှည့်စီးလိုက် ဘေးလှည့်စီးလိုက်လုပ်တတ်သည်။ ဒီတစ်ခါတော့ လက်ထဲမှာ
ငါးထုပ်လေးပါလာလို့မို့ မလွတ်လပ်လှ။ မိုးဖွဲလေးများကျလာတာမို့ ငြိမ်သက်စွာပဲ
ထိုင်လိုက်ခဲ့သည်။
~~~~~ ဟိုး မိုးကောင်းကင်မှာ တိမ်ပြာပြာလေးများ
လွင့်နေသည်။ ~~~~~~
တိမ်လွင့်လွင့်ကောင်းကင်အောက်က
မြေပြင်ကျယ်မှာ ရစ်ဘီးနဲ့စွန် ၂စုံ၊ ကလေး၎ယောက် ခပ်စောစောပဲရှိသေး တက်ကြွနေကြ၏။
သူတို့ စွန်လွှတ်ဖို့အလုပ်ရှုပ်နေတုန်းအခိုက် သူတို့၏ စိတ်ချမ်းသာမှုအရ လူကြီးတွေက
မတတ်သာပဲ ခွင့်ပြုမွေးမြူခွင့် ပေးထားရသော ကြောင်ကလေးတစ်ကောင် ၊
ရွှေဂဲလေးတစ်ကောင်နှင့် ရွှေငါးလေးများအပါအ၀င် ငါးအမျိုးအစားအစုံ ရောင်စုံလေးများသည်
အိမ်တွင်စောင့်စားပျော်ပါးရင်း နေရစ်တတ်ခဲ့ကြသည်။ ကြက်ပေါက်စ၀ါဝါကလေးများ
မွေးမြူချင်သည်ကို တောင်းဆိုထားဆဲ။ ခွင့်ပြုချက်မရသေးသည်မို့ သည်လောက်နှင့်
ကျေနပ်နေရသည်။
အကို၂ယောက်လွှတ်တင်မည့်စွန်ကို
ပင့်ကိုင်ပေးပြီး စွန်လေး၂စင်း မိုးပေါ်သို့ ပြန်တက်ဝဲသွားသည်နှင့် တစ်ပြိုင်နက်
ချိုတို့ညီအမ ၂ဦး အိုးပုတ်လေးများဖြင့် ဆော့ရန်အိမ်သို့ ပြန်ခဲ့သည်။
အိမ်အပြန်လမ်း လမ်းဘေးတွင် အလေ့ကျ ပေါက်တတ်သည့် အပင်ငယ်များ၊
ခြံစည်းရိုးတစ်ချို့တွင် ပွင့်လန်းဝေဆာနေသော အပင်ငယ်များမှာ အရိုး အရွက် အပွင့်
စသည်ဖြင့် စိတ်ကူးတည့်ရာ ခူးဆွတ်သွားကြမည်။
သစ်ရွက်ကြမ်းများကို
အရွယ် ခပ်ကြီးကြီး လှီးဖြတ်ထားခြင်းသည် ခေါက်ဆွဲ၊ သစ်ရွက်နုတို့အား သေးသေးမျှင်မျှင်လေးဖြစ်အောင်ရိတ်ရိတ်လှီးထားပါက
ကြာဇံဟူ၍ ချိုတို့သတ်မှတ်မည်။ ဟင်းခတ်မှုန့်နှင့် ပဲမှုန့်အတွက်ကိုတော့ အိမ်ရှေ့လမ်းမပေါ်မှ
သဲမွမွလေးများကို ဇွန်းဖြင့် ခြစ်ယူမည်။ ထိုသဲလေးများကို အိုးပုတ်ထဲထည့်၍
ရေလောင်းလိုက်ရင်တော့ ထမင်းဖြစ်ပြန်သည်။ ဆီအတွက်တော့ မပူပေ။ လဲမှို့ပင်မှ
အရွက်လေးများကို တံချူဖြင့်ချူ အုတ်နီခဲဖြင့် ထုပြီး ရေနှင့်ရောလိုက်လျှင်
အရည်ချွဲချွဲဆီကို ရပေမည်။ လုပ်ရမှာ အလုပ်ရှုပ်လျှင်တော့ လဲမှို့ပင်ရှိသော
သူငယ်ချင်း မောင်နှမတစ်တွေ အားပါးတရ ထုထောင်းဖျော်ထားသည် ထိုဆီကို
သတင်းစာဖြတ်ပိုင်းများ၊ ကြွေပန်းကန်အကြွေပဲ့များဖြင့် လဲလှယ်ဝယ်ယူနိုင်သည်။ ထိုအချိန်တွင်
သူတို့က ဆီကုန်သည်ကြီးများပေါ့။ သူငယ်ချင်းတစ်ယောက်၏အိမ်ခေါင်းရင်းမြေကတော့
မြေနီရောင်ပေါက်သည်။ ထို့ကြောင့် သူ့အတွက်ကတော့ ဟန်ကျလှသည်။ အုတ်နီခဲကို တကူးတက
ထုရိုက်ချေမွပြီးမှ လက်ဖက်ရည်ဖြစ်အောင် လုပ်ဖို့မလို။ ခေါင်းရင်းမှ မြေလေး
ခြစ်ယူပြီး ရေဖျော်လိုက်ရုံဖြင့် လက်ဖက်ရည်ရ၏။ ထို့ကြောင့် သူကတော့ လက်ဖက်ရည်ဆိုင်
ပိုင်ရှင်။
ရပ်ကွက်လမ်းရိုးကိုးပေါက်
လျှောက်ဆော့ဖို့ သူငယ်ချင်း အပေါင်းအသင်း စုံစုံညီညီမရှိလျှင်တော့ ညီအမ
နှစ်ယောက်တည်း ပြောင်းဖူးပြုတ်နှင့်သကြားလုံးကို ဆေးအဖြစ်သုံးကာ၊ လူကြီးတွေ၏
ဇာဂနာနှင့် ၀ါဂွမ်းများကို ယူသုံးချင်သုံးရင်း ဆရာဝန်နှင့်လူနာ
လုပ်တမ်းသော်လည်းကောင်း ၊ အိမ်ရှေ့ရှိ ကျောက်သင်ပုန်းမည်းကြီးနှင့် မြေဖြူကို
အသုံးချကာ ကျောင်းဆရာနှင့် တပည့်လုပ်တမ်းသော်လည်းကောင်း၊ စိန်မမအမည်ရှိ
စိန်ပွဲစားလုပ်တမ်းသော်လည်းကောင်း အိမ်ထဲမှာပဲ ခြံပြင်မထွက်တမ်း
ဆော့ဖြစ်သည့်အခါတွေလည်းရှိခဲ့၏။
ထိုသို့
ဆီကုန်သည်ထံတွင် ဆီဝယ်ဖို့၊ အသုပ်စုံဆိုင်တွင် အသုပ်ဝယ်စားဖို့ ထမင်းဆိုင်တွင်
ထမင်းစားရိတ်ရှင်းဖို့၊ လက်ဖက်ရည်ဆိုင်တွင် သွားထိုင်နိုင်ဖို့ ၊
ကျောင်းဆရာမထံတွင် ကျောင်းအပ်နိုင်ဖို့၊ စိန်ပွဲစား ကျောက်ပွဲစားများလာပါက
ကြိုက်နှစ်သက်သည့် ရတနာများ ၀ယ်ထားနိုင်ဖို့ ၊ နေမကောင်းလျှင် ဆရာဝန်ထံသွားဖို့ စသည့်အရေးများအတွက်
အလဲအလှယ်လုပ်ရန် အိမ်ရှိ သတင်းစာ၊ရွှေသွေးစာစောင်များသည် အပိုင်းပိုင်းပြတ်ကာ ကလေးအုပ်စုထဲတွင်
ငွေစက္ကူရွက်များအဖြစ်အသုံးချခံခဲ့ရ၏။ တခါတရံတော့လည်း သစ်ရွက်ကလေးများကို
သုံးကြသည်။ ဘယ်သူငယ်ချင်းအိမ်မှ ကြွေပန်းကန်ကွဲကွဲ ချိုတို့အကုန်လုံးအတွက်ကတော့ ၀မ်းသာစရာသတင်းကောင်းပင်။
ဘာကြောင့်ဆို မကြာခင်မှာ ပိုက်ဆံအကြွေစေ့လုပ်ဖို့ ကြွေပန်းကန်ကွဲစများ
ရတော့မည်ကိုး။ အိမ်မှ လူကြီးတွေ တခါတရံ ထိုးတတ်သော ဆုငွေ ငါးသိန်းတန်
ထီလက်မှတ်တစ်အုပ်ရလျှင် ထိုထီလက်မှတ်ပိုင်သော ကလေးသည် ကစားသည့် ကလေးအုပ်စုထဲမတော့ အတန်ကြီးများကိုင်သူဖြစ်၍
သူဌေးအဖြစ် သတ်မှတ်ခံရပေလိမ့်မည်။
ခြံကွက်တစ်ကွက်ကို
ပိုင်းရောင်းပြီး တစ်အိမ်ထောင်ကနေ နှစ်အိမ်ထောင်ပွားများတတ်ကြတဲ့ ပစ္စုပ္ပါန်ခေတ်
လူနေမှုထူထပ်မှုစနစ်ကလည်း မထွန်းကားသေးတော့ ချိုတို့မောင်နှမ သူငယ်ချင်းတစ်စုအတွက်
ဆော့ကစားစရာ ခြံကျယ်ဝန်းကျယ်လေးတွေလည်း လမ်းထဲက ဘယ်သူ့အိမ်သွားဆော့ဆော့ အတူတူသာ။
~~~~~မိုးတွေရယ်ညို့လာပြန်ပြီပေါ့။
သည်းသည်းမည်းမည်းသာရွာလိုက်စေချင်တော့၏ ~~~~
မိုးသည်းသည်းအောက်မှာ
အိမ်မိုးသွပ်ပြားပေါ်ရေကျသံက တဗြောင်းဗြောင်း မြည်ဟည်းနေသည်။ လျှပ်စီးလက်ခြင်းနှင့်
မိုးချိန်းသံတို့ကလည်း ကြိုကြား အားဖြည့်နေကြပြန်၏။ ထိုသို့ဆိုလျှင်တော့ မိုးရွာထဲ
မိုးရေထွက်ချိုးခွင့် ကြုံမည်မထင်။ လူကြီးတွေ ဆင်ပေးထားသည့် အနွေးကိုယ်စီ
ဘောင်းဘီရှည်နှင့်နေသော်ငြားလည်း လျှပ်စီးတစ်ချက်လက်လိုက်လျှင်ပဲ ကြက်သီးလေးက
ထချင်ချင်။ အိမ်ပေါ်ထပ် ၀ရန်တာတွင်တော့ မိုးသည်းလျှင် ရေပက်တတ်သည်။ ဒီတော့
တံစက်မြိတ်အောက်က ပြူတင်းပေါက်လေးပေါက်ဖွင့်ကာ မောင်နှမ၄ယောက်သား
မြေကြီးပေါ်တဝေါဝေါစီးနေသည့် မိုးရေစက်များနှင့် သူတကာတွေတံစက်မြိတ်အောက်
ခေါင်မိုးနှင့်သွယ်ထားသည့် ပိုက်တန်းများမှ ရေအလုံးလိုက်
စီးမြောဖြာကျနေသည်ကိုလည်းကောင်း စိုက်ကြည့်နေကြသည်။ ကလေး ၄ယောက်တွင် အတွေး
၎မျိုးရှိနေမည်မှာလည်း အသေအချာ။
ထိုသို့ကြည့်ခြင်းမှ
ငြီးငွေ့လာလျှင်တော့ စောင်ကြီးဖြန့်ခင်းကာ ၂ယောက်က စောင်ပေါ်တက်ထိုင်ပြီး ကျန်
၂ယောက်ကဆွဲတာကို ထိုင်စီးသော ကစားနည်းကို ပြောင်းဆော့ကြမည်။ ထိုကစားနည်းအတွက်
စိတ်မပါလျှင်တော့ ကိုယ့်နားကိုယ် ပိတ်လိုက်ဖွင့်လိုက် လုပ်ကာ မေမေပြောတတ်သည့်
မိုးဒေ၀ါ ပုံပြင်လေးကို စိတ်ကူးထဲ ကြားမြင်ယောင်ရင်း မိုးသံကို တစ်ဝက် တစ်ပျက်
နားစွင့်ကြဦးမည်။ ဒါမှ မကျေနပ်သေးလျှင်တော့ မွေ့ယာထဲ (သို့) ဖျာလိပ်ထဲ
ကိုယ့်ကိုယ်ကို ပတ်ဆော့ချင် ဆော့နေလိုက်သေး၏။ မိုးတွေခြိမ်း လျှပ်စီးတွေလက်လို့မို့
လူကြီးတွေကမှ မိုးရေထွက်ချိုးခွင့် မပေးပဲကိုး။ နို့မို့ဆိုလျှင်ဖြင့်
ဘောင်းဘီတိုလေးတွေ စွပ်ကျယ်လေးတွေ ကိုယ်စီဝတ်ပြီး ဘောလုံးလေးတစ်လုံးကို ၄ယောက်သား
လုကန်ပြီး မိုးရေထဲ လျှောက်ပြေးဆော့ကန်နိုင်သည်။ အိမ်တံစက်မြိတ်အောက်က
မိုးရေသန့်သန့်စီးကျနေသည့် ပိုက်အောက်မှာ ၄ယောက်သား တစ်ယောက်တလှည့် ရေချိုးနိုင်သေးသည်။ ခုတော့မတတ်နိုင်။ မေမေက
နက်ဖန် အုန်းထမင်းချက်ကျွေးမှာဆိုတော့ ဖေဖေရုံးက ပြန်လာလျှင်
အုန်းသီးခွဲပေးလိမ့်မည်။ ထိုအခါမှ အုန်းစို့ပါမပါ စိတ်ဝင်တစားနှင့်စူးစမ်းပြီး
ပါလျှင်စားမည်။ မပါလျှင်တော့ စိတ်လျှော့ပြီး အုန်းရည်ချိုချိုလေးပဲ သောက်တော့မည်။
~~~~~
ဆောင်းလေရယ် အေးပြန်တော့ အနွေးဓာတ်က လို ~~~~~
ပုံမှန်ဆိုလျှင်တော့
ဆောင်းအေးအေးမှာ စောင်ပုံနွေးနွေးထဲပဲ ပုစွန်တုပ်ကွေး ကွေးနေလိုက်ချင်သည်။
သို့သော် ကျန်းမာရေးလိုက်စားသော ဖေဖေက ရုံးပိတ်ရက်နံနက်တိုင်းလမ်းလျှောက်နေကြမို့သူ့သားသမီးတွေကိုလည်း
ခေါ်သွားနေကြ။ သတ်မှတ်ထားသော နေရာသို့ရောက်လျှင်
စားချင်သောမုန့်တွေဝယ်ကျွေး၊ပြီးလျှင် သားအဖတတွေ တပျော်တပါး အိမ်ပြန်နေကြ။ ဆော့ကစား
လမ်းလျှောက်ပြန်လာပြီး ဗိုက်ပြန်ချောင်သွားချိန်နဲ့ ကွက်တိ အိမ်ပြန်ရောက်လျှင်
ခြံနောက်ဖက်ရှိ သစ်ပင်အောက်မှာ မေမေနှင့်ကြီးမေတို့က
မီးမွှေးထားနှင့်ပြီးသားအဆင်သင့် ၊ ကောက်ညှင်းပေါင်းနှင့် ငါးခြောက်ဖုတ်ကလည်း
မွှေးမွှေးကြိုင်ပြီး ပူနွေးနွေး ။ ဒီတော့ သစ်ပင်အောက်က
သစ်ရွက်ခြောက်နံ့လေးသင်းနေသည့် မီးပုံဘေးမှာ မီးလှုံလိုက် ကောက်ညှင်းပေါင်းနှင့်
တခြားစားစရာတွေစားလိုက်နှင့် မိုးရယ်လင်းရပြန်သည်။
အချိန်တွေက
အိုသွားသကဲ့သို့ ချိုတို့အားလုံးလည်း မနုပျိုတော့ပြီ။
ချိုစီးနင်းခဲ့သော
စက်ဘီးနောက်ခုံတွင် ကိုကြီး၏ ရင်သွေးငယ်လေး အစားထိုးစီးနေပေပြီ။ ကလေးဆိုသော
နာမ်စားဖြင့် အလိုလိုက်ခံချိုသည်လည်း အရွယ်ရောက်၍ လူကြီးအတော် ဆန်နေရပေပြီ။
လူကြီးတွေ၏ ပြုစုခံ မောင်နှမတစ်စုသည် လူကြီးတွေအား ပြန်လည် ပြုစုနေပေပြီ။
သို့သော်ရာသီစက်ဝန်းတို့အချိန်မှန်လည်ပတ်နေသကဲ့သို့
တစ်ဦးနှင့်တစ်ဦးချစ်ခင်တွယ်တာသော သွေးတို့သည်လည်း ခန္ဓာကိုယ်ထဲတွင်
မပြောင်းလဲစွာလည်ပတ်ဆဲ။
နေရာတကာ
ကွန်ကရစ်တွေ ကတ္တရာလမ်းတွေသာ မြင်ရတော့သည့် အခုခေတ်မှာ အနေရကြာလာတော့ ….
ကလေးတွေကစားဖို့မြေကြီးသပ်သပ် ထားကိုထားသင့်တယ်လို့ဆိုတဲ့ကြီးမေရဲ့ စကားအရ
အိမ်ရှေ့မှာ မြေကွက်လပ်၊ နောက်ဖေးမှာ မြေကွက်လပ်ထားပေးခဲ့တာမို့၊ ဟိုတုန်းက မြေကြီးပေါ်မှာ ကစားခွင့်ရခဲ့ရတာကို
ကျေးဇူးတင်မိသလို။
ရပ်ကွက်ထဲ လမ်းထဲမှာ
အိမ်ခြေတွေ များပြားထူထပ်လာပြီး လူစိမ်းတွေ တသုတ်ပြီးတသုတ် ၀င်ရောက်လာတော့
နှပ်ချေးတွဲလောင်းနဲ့ ငယ်တုန်းက (ဘယ်တွေကိုမသိပြောင်းရွှေ့ကုန်ကြတဲ့) သူငယ်ချင်းတွေကိုသာ
လွမ်းမိပြီး ၊ ကိုယ်တွေ ခြေရာချင်းထပ်ခွင့်ရခဲ့တဲ့ ခြံကျယ်တွေကိုသာ ပြေးပြီး
မြင်ယောင်မိသလို။
ကိုယ့်လူကြီးတွေ
အရင်ငယ်ငယ်ကလို မသွက်လက်နိုင်တော့တာကို မြင်ရတော့ ရင်ခွင်ထဲအမြဲတိုးဝင်ပြီး
ချွဲနွဲ့ချင်တတ်တဲ့သူက သူတို့တွေ ပင်ပန်းတော့မယ်ရယ်လို့ တွေးပူပြီး အရွယ်နဲ့အလိုက်
ရင့်ကျက်ရပြန်တော့ အရင်က ငယ်ဘ၀ကို လှိုက်လှိုက်လှဲလှဲကြီး လွမ်းမိသလို။
ရုပ်ဝတ္ထုတွေ
တိုးတက်မြန်ဆန်လာပြီးအရင်ကထက်အရာရာ ခေတ်မီလာခဲ့ပေမယ့် စိတ်ဓာတ်တို့
ယိုယွင်းပျက်စီးလာတဲ့ လူ့ပတ်ဝန်းကျင်တွေကို နေရာတကာနီးပါးမှာတွေ့လာရတော့ အသက်ရှူကြပ်မတတ်
စိတ်တွေ မွန်းကျပ်လာရသလို။
ဒါပေမယ့် ……
ပစ္စုပန်မှာ
ဘယ်လိုပင် မွန်းကြပ်နေမိသည် ဆိုဦးတော့ ၊ အနာဂတ်မှာ ဘယ်လို ကြုံဦးမည်မသိ
ဆိုဦးတော့။
သနပ်ခါးဖွေးဖွေးနဲ့
မေမေ့မျက်နှာကိုကြည့်ပြီးနိုးထရတဲ့။
မေမေ့ပေါ်ပေါ်လှဲအိပ်ပြီးသနပ်ခါးဘဲကြားလိမ်းပေးခံခွင့်ရတဲ့ မနက်ခင်းမိုးလင်းတိုင်းကို
ပိုင်ဆိုင်ခဲ့ရခြင်းအတွက်။ မိဘ၂ပါး အဒေါ်တွေနဲ့ မောင်နှမတတွေ
လူတို့လုပ်ကြံဖန်တီးထားတဲ့ ခေတ်မီမီ ဖျော်ဖြေရေး စက်ကိရိယာတွေနဲ့ ကင်းကွာပြီး
ကိုယ့်အပျော်ကို ကိုယ်တိုင်ရှာဖွေ ပျော်ခဲ့ရခြင်းအတွက်။ ပြီးခဲ့ပြီးသော
အတိတ်နေ့ရက်တိုင်းအတွက် အလွန်ပင် ပျော်ရွှင် မိပါသည်။
ထိုသို့ဆိုပြန်တော့
….ရုပ်ဝတ္ထုတိုးတက်မှုကိုမလိုလားလေသော အံဝင်ခွင်ကျမဖြစ်လေသော ခေတ်နောက်ပြန်ဆွဲသမားကြီးဟု
ထင်ပေလိမ့်မည်။
သို့သော်
ချိုဆိုသော ထိုသူသည် တခါတရံ ဆိုရှယ်ကွန်ယက်တွင် အချိန်ကုန်မှန်းမသိ
မြောမြောသွားတတ်သော သူတစ်ယောက်လည်း ဖြစ်နေခဲ့ပြန်သည်။
စိတ်အချမ်းသာဆုံးဖြစ်စေခဲ့သော
ဆိုရှယ်ကွန်ယက်တစ်ခုကတော့ blogspot ဖြစ်ခဲ့၏။ မိမိ၏ ရေးသားလိုသော ၀ါသနာကို
အရိုးသားဆုံးဖွင့်ပြနိုင်သော နေရာ။ ပျော်ပျော်ပါးပါး
ရိုးသားပွင့်လင်းမှုများစွာဖြင့် စနောက်အိမ်လည်ကာ တစ်ယောက်ကိုတစ်ယောက်
အားပေးသမှုပြုခဲ့ကြသော ၀ါသနာတူ ဘလော့ဂါမိတ်ဆွေကြီးကြီးငယ်ငယ်တို့နှင့်
ဆုံတွေ့ခဲ့ရသော နေရာလေးမို့ အခြားသော ဆိုရှယ်ကွန်ယာက်တို့ ဘယ်လောက်ပင်
တိုးတက်များပြားလာသည်ဆိုဦးတော့ ဘလော့ဂ်ကို ချစ်ခင်မှုတို့ကတော့
ပျက်သုဉ်းလျော့နည်းသွားမည်မထင်။
------------------------------------------------------------------------------------------------------
အချိန်မလောက်ငှမှုကြောင့်၎င်း
၊ တခါတရံစိတ်လေလွင့်မှုကြောင့်၎င်း ၀ါသနာကြီးလွန်းသော စာတိုပေစ ရေးခြင်းဖက်ကို
စိတ်တို့မလွင့်ပျံ့ခဲ့။ ထိုမတတ်တခေါက်စာလေးများကို သိုမှီးထားရာ
ဘလော့ဂ်စာမျက်နှာလေးဖက်ကို ခြေဦးမလှည့်ဖြစ်ခဲ့။ ချစ်ခင်ရသော
ဘလော့ဂါမိတ်ဆွေများရေးသော စာတို့ကိုအခါတိုင်းကဲ့သို့ သွားရောက်မဖတ်ဖြစ်ခဲ့
ခြေရာလေးများမချန်ဖြစ်ခဲ့။
၂၀၀၈ - ၂၀၁၀
အထိတော့ ချိုသည် ဘလော့ဂ်အပေါ်သစ္စာရှိလွန်းခဲ့၏။ ရေချိုးရင်း ၊ ထမင်းစားရင်း၊
အလုပ်သွားရင်းတောင် ဘယ်သို့ ဘယ်ပုံဘလော့ဂ်ရေးရမည်နည်းဟု
ကိုယ်ရောစိတ်ပါနှစ်လိုပါဝင်ခဲ့ဖူးသည်။ ထို့နောက်ပိုင်းတွင်တော့ လာဆွယ်သော
အိုင်တီအန်တာတိန်းမန့်များကြောင့် ချို့သစ္စာ ပျက်ယွင်းသွားခဲ့သည်မှာ ယနေ့ထက်တိုင်။
သို့သော်
ဘလော့ဂ်ဆိုသော ရပ်ဝန်းလေးသည် သစ္စာရှိတည်ငြိမ်စွာဖြင့် ဘလော့ဂါများကို အိနြေ္ဒရရ
အမြဲစောင့်မျှော်နေတတ်သည်။ သူ့အားမေ့လျော့ထားသော
ဘလော့ဂါများအားလည်းခွင့်လွှတ်ပေးသည်။ ထို့ကြောင့်
ဘလော့ဂ်လေးများ၏ ပိုင်ရှင်များဖြစ်ကြသော ဘလော့ဂါတို့ကလည်း
သူတို့ဘလော့ဂ်လေးများကို သံယောဇဉ်မပြတ်နိုင်ကြသည်မှာ လွန်အံ့မထင်။
ချိုက
ဘလော့ဂ်သည်သစ္စာရှိလွန်းသည်ဟု ထင်ခဲ့သည်။ ဘလော့ဂါများသည် ပို၍ ပို၍သစ္စာရှိကြောင်း
ဘလော့ဂ်ဒေးတွင်သိလိုက်ရ၏။ သူတို့သည် ဘလော့ဂါများအချင်းချင်းစာရေးဖြစ်အောင် ဘလော့ဂ်လေးအား
မမေ့လျော့အောင်တိုက်တွန်းကြ၏။ သူတို့ကိုယ်တိုင်လည်း စဉ်ဆက်မပြတ်ရေးသားကြ၏။
ဘယ်လောက်တောင် လေးစားအတုယူဖို့ ကောင်းသည်နည်း။
၂၀၁၂မှ
အစပြုကာ သူတကာတို့ မေ့လျော့ပြီဟု ထင်ထားခဲ့သော ချိုသည် သစ္စာရှိသော
ဘလော့ဂ်ကလေးထံသို့ ရံဖန်ရံခါသာ ရောက်ဖြစ်ခဲ့၏။ ရိုးသားစွာဝန်ခံရလျှင်ဖြင့်
အရင်ကလို ကိုယ်ရင်းနှီးသူတို့ထံတောင် အိမ်လည်မရောက်ပြန်တော့
တဂ်ဆိုတာဘာတုန်းဟင်လို့ ခေါင်းကလေးကုတ် ပြန်စဉ်းစားရမယောင်ယောင်။
ဒီကနေ့တော့
သစ္စာရှိသော ဘလော့ဂ်ကလေးနှင့် ထိပ်တိုက်တွေ့ဖို့ ဘလော့ဂ်ဒေးဆိုတာလေးကို
ခံစားပါဝင်စေဖို့ မဆွေလေးက သတိတရနှင့် ဖိတ်ခေါ်ပြီး
ရင်ငြိမ်းက အမှတ်တရ သတိပေးလို့မို့ သူတို့ကျေးဇူးနှင့် ဘလော့ဂ်လေးအား
ဖုန်တက်သုတ်ဖြစ်ပါသည်။ နို့မို့ဆိုတကယ်ပါ။ဘာမှန်းတောင် မသိလိုက်ခဲ့။ တဂ်တာကို မသိလိုက်တာနဲ့ အချိန်နောက်ကျသွားတာကို
ခွင့်လွှတ်ပေးပါလို့ နူးညွတ်စွာ တောင်းဆိုရင်း KPP ဆိုတာကို မမေ့မလျော့နဲ့ သတိတရ
တဂ်ပေးတဲ့ မဆွေလေးကို ကျေးဇူးအထူးပါလို့ ပြောရင်းနဲ့
ဘလော့ဂ်ရေ…
မင်းဟာ
ငါသိပ်ချစ်တဲ့
….နေရာ
ကြည်ဖြူပိုင်
၆-၁၀-၁၄
တနင်္လာနေ့
ည ၇ နာရီ ၁၃
မိနစ်
Subscribe to:
Post Comments (Atom)
6 comments:
<3 <3
<3 :*
ချစ်ဖို့ကောင်းလိုက်တာ
ရေးထားပုံလေး
ကြိုက်တယ်
ရေးတတ်လိုက်တာ
မမဖြိုးရယ်
မမဖြိုးဆီတောင်အနော်အလည်မရောက်နိုင်ဘူး။
မမဖြိုးကတော်လိုက်တာ။ မပျက်မကွက်အလည်ရောက်လာပေးတယ်။
သိပ်ကျေးဇူးတင်တာပဲ။ <3 :* <3
မိသားစုဘ၀ ပျော်စရာကြီး ခုနေများတော့ အဲလိုဘ၀မျိုးပြန်မရနိုင်တော့ပါဘူး။
Tag ပို့(စ်)လေးရေးပေးလို့ ကျေးဇူးပါရှင် :) :)
ဟုတ်ပါ့ ခုတော့ အဲလိုမျိုး အပ်ချမတ်ချပြန်မရ
သတိတရ တဂ်တာကျေးဇူးပါနော် :) :)
Post a Comment