Saturday, April 19, 2014

ပထမဆုံး စာမျက်နှာမှ ဦးဆုံးသော မှာတမ်း




(၁)
“လာပါ မင်းမင်းရယ်။ ဒါကြောင့် အစတည်းက မောင်ပြောခဲ့တာပေါ့။ မလာပါနဲ့ဆိုတာကို။ ခုတော့ ဇွတ်မလေးပဲ စိတ်ဆင်းရဲရပြီ။”

နဖူးကို လက်ညှိုးလေးနဲ့ လာထိုးကာ ပြောလိုက်သော မောင့်အား သာမန်အချိန်တွင် စိတ်ဆိုးမိလိမ့်မည် ဖြစ်သော်လည်း ခုလို အပူလုံးကြွနေသောအချိန်တွင် စိတ်မဆိုးအား။ တကယ်တော့ သူမ ဇွတ်ပူဆာ၍သာ မောင်က ကန့်လန့်ကန့်လန့် ပါလာခဲ့ခြင်းဖြစ်သည်။ ဗေဒင် ယတြာတွေကို အယုံအကြည်မရှိသော မောင်က ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မည်။ မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်ဟုသာ လက်ခံယုံကြည်ထားသူဖြစ်၏။ ထို့ကြောင့် အလာခရီးတွင် တဖြစ်တောက်တောက်။ အကြားအမြင်ဆရာရှေ့ရောက်သောအခါတွင်လည်း ခေါင်းကိုသာ တွင်တွင်ကုတ်ရှာသည်။ သူမကတော့ ဆရာ၏ ဟောချက်များနှင့် ကိုက်ညီကာ စီးပွားတရှိန်ထိုး တိုးတက်သွားသော သူငယ်ချင်းမောင်နှံကို အားကျ၍ မောင်နှင့်သူမအတွက်လည်း ကောင်းသော ရလဒ်များသာ ဟောမည်ဟု စိတ်ကူးယဉ်ကာ မောင်မကြိုက်သည့်ကြားက ဇွတ်ထွက်လာခြင်းဖြစ်သည်။

(၂)
“သမီးတို့ ၂ယောက်က အသစ်စက်စက် ဇနီးမောင်နှံတွေဖြစ်တယ်။ သမီးဘ၀မှာ အများကြီးမျှော်လင့်ထားတယ်။ သားသမီးတွေ စည်စည်ပင်ပင်နဲ့ ပြည့်စုံတဲ့မိသားစုကြီးအဖြစ်ပေါ့။ သမီးဟာ ဘ၀မှာ ပေးသလောက် ပြန်မရတဲ့ မေတ္တာမျိုးတွေပဲ တွေ့ခဲ့ရပေမယ့် ခုသမီးရဲ့ ခင်ပွန်းနဲ့တွေ့တဲ့အခါ သူဟာ သမီးအတွက်ပဲ ပေးဆပ်နေဖို့ အဆင်သင့်ရှိခဲ့တဲ့အတွက် သမီးဟာ ရယူသူတစ်ယောက်လိုကို ဖြစ်နေခဲ့တယ်။ ဟုတ်တယ်မလား သမီး။”

သူမတို့ ၂ဦး အကြားအမြင်ဆရာရှေ့ ခပ်ကျုံ့ကျုံ့ ထိုင်လိုက်ရုံရှိသေးချိန်ပြောလိုက်တဲ့ စကားများကြောင့် သူမ အံ့သြ မှင်သက်သွားမိသည်။ သာမန်အားဖြင့်တော့ သူမအပေါ် မောင်၏ ကြင်နာယုယမှုများကြောင့် အကြောင်းမသိသူဆိုလျှင် သမီးရည်းစား အဆင့်ဟုပင် ထင်မှတ်တတ်ကြ၏။ သူမတို့ နှုတ်မှ ဇနီးမောင်နှံပါဟု မပြောသရွေ့ မသိတတ်ကြ။ ယခုမူ…..အို အကြားအမြင်ဆရာပဲလေ လူကဲခတ် တစ်ဖက်ကမ်း ခတ်နေတော့မပေါ့။ ဟူ၍သာ ခပ်တိမ်တိမ်ပြန်တွေးလိုက်သည်။ ဆရာဟောချက်တွေ သိပ်မှန်တာပဲ မင်းမင်း။ ငါတို့အကြောင်းကို အရင်စုံစမ်းပြီးမှ ဟောသလားတောင် ထင်ရတယ်။ နင်သွားပြီးမှ ငါပြောတာ မှန်ကြောင်းတွေ့မယ်။ ဟူသော သူငယ်ချင်းမ၏ စကားကို ပြန်ကြားယောင်မိ၏။

“သမီးတို့ ၂ယောက်ဟာ အိုအောင်မင်းအောင် ပေါင်းကြရမယ့် ကံဇာတာမပါဘူး။ ရှင်ကွဲဆိုတာထက် သေကွဲ ကွဲကြရမှာ။”

ယောင်ကန်းထိတ်လန့်စွာဖြင့် မောင့်ခြေသန်းလေးကို ဆွဲကိုင်မိသည်။

”ဆရာတတ်နိုင်သမျှတော့ ယတြာစီစဉ်ပေးပါမယ်။ ဒါပေမယ့် တချို့လူတွေရဲ့ဇာတာတွေကတခါတရံ ပြင်မရတတ်ဘူး။ ဆရာတို့အနေနဲ့ အချိန်ရွှေ့ဆိုင်းသွားအောင်သာ ကြိုးစားပေးနိုင်တယ်။ သမီးတို့မောင်နှံ ဒါန၊ သီလ၊ ဘာဝနာ မြဲမြံကြစေဖို့ ကြိုးစားကြပါ။ ကဲ.. မေးခွန်း ၃ခုမေးနိုင်တယ်။ဘာသိချင်လဲ မေးကြ”

ဖြူဖျော့နေသော သူမ၏ မျက်နှာကို မောင်က တစ်ချက်လှည့်ကြည့်ကာ လက်ဖျားမှ အသာဆွဲယူ မတ်တပ်ရပ်စေသည်။

“မရှိတော့ပါဘူးဆရာ ကျွန်တော်တို့ကို သွားခွင့်ပြုပါဦးခင်ဗျ”

ထို့နောက် သူမသည် မည်သို့မည်ပုံ အပြင်သို့ ပြန်ရောက်ခဲ့သည် မသိတော့။ ခုတော့ နဖူးကို မောင်က လက်ညှိုးလေးထိုးပြီး ပြောနေတာတောင် အခါတိုင်းကဲ့သို့ ကတ်ကတ်လန် ရန်တွေ့ဖို့ သတိမရ။

(၃)
မယုံကြည်သော်လည်း မောင်ကတော့ ထိုနေ့မှစ၍ သူမကို ပိုလို့ဂရုစိုက်ခဲ့သည်။ အရာရာ စိတ်ထိခိုက် ခံစားလွယ်တတ်သော နှလုံးရောဂါသည် သူမအတွက် မောင်သည် အားဆေးတစ်ခွက်ပေပဲ။ မိဘမဲ့တစ်ကောင်ကြွက် သူမဘ၀တွင် မောင်သည်သာ အမိ ၊ အဖ၊ တွယ်တာစရာ မောင်နှမ သူငယ်ချင်းအဖြစ် ရပ်တည်ပေးခဲ့၍ ကျေးဇူးတင်ရသည်။ သူမဘ၀ အတိတ်တွေကခါးလှ၏။ မောင်နှမမဲ့၊ မိဘ ၂ပါးကွယ်လွန်တော့ ငတ်မွတ်ခဲ့သော အချစ်တို့ကို ရှာဖွေခဲ့သော်လည်း ရခဲ့သော အချစ်များက သူမအား အရှုံးတောထဲသို့သာ ထိုးသိပ်သွားခဲ့ကြသည်။ အချစ်စစ်စစ်ကို ရှာဖွေခဲ့သော သူမသည် မျက်နှာများလှချည့် ဟူသော ဂုဏ်ပုဒ်တစ်ခုကို ပိုင်ဆိုင်ခဲ့ဖူး၏။ ထိုသို့ဖြင့်  မိမိကိုယ်ကိုသာ ချစ်တတ်စေရန် ကြိုးစား၍ တည်ငြိမ်နေချိန်တွင် မောင်နှင့် ဆုံခဲ့ရခြင်းဖြစ်ပေသည်။ သူမရဲ့ အတိတ်ခါးခါးတို့ကို မောင့်ရဲ့ အရိပ်မားမားဖြင့် ပြန်လည် မိုးပေးခြင်းဖြင့် အနာဂတ်တို့ ပြန်လည် တောက်ပြောင်လာခဲ့ရသည်။ အချစ်ကို ငတ်မွတ်စွာ ရှာဖွေခဲ့ဖူးသောသူမအတွက် အေးမြနားလည်နိုင်စွမ်းသော ကြင်နာမြတ်နိုးမှုများဖြင့် မောင်က ချစ်ပြခဲ့သည်။ သူမ၏ အတိတ်တို့အတွက်လည်း နားလည်ပေးနိုင်စွမ်းရှိသူဖြစ်သည်။ ထို့ကြောင့် သူမသည် မအေကို ကပ်ဘိလေသော သားငယ်ကဲ့သို့ မောင့်အား တွယ်တာမြတ်နိုးမိသည်မှာ ဆန်းလေသည်လား။ ဆန်းသည်အံ့တော့ မထင်ပေ။

“မင်းမင်း မောင်တို့ကို ဟိုဆရာဟောတာ မှတ်မိသေးလား။ သေကွဲ ကွဲမယ်တဲ့။ ခုကြည့်စမ်း မောင်တို့ အိမ်ထောင်သက် ၂နှစ်ခွဲကျော်ပြီ။ ခုလောက်ဆို မင်းမင်း အစွဲတွေ ပြယ်သင့်ပြီနော်။ စိတ်ထဲမှာ ဘာမှ မထားနဲ့။ သူပြောတဲ့အထဲက ကောင်းတဲ့ အကြံလေးတွေယူ။ ဘုရားတရားမမေ့နဲ့ ဟုတ်ပြီလား။ မင်းမင်းကျန်းမာရေးအတွက် မောင်စိတ်ပူတယ်။ ဒါပေမယ့် စိတ်ကို ကျင့်ယူမှ၊ ပြောင်းလဲယူမှ မင်းမင်း ကျန်းမာမယ်။ အဲ့ဒါကလည်း ကာယကံရှင်မင်းမင်း အပေါ်မှာပဲ မူတည်နေတယ်။ မောင်ပြောတာ သဘောပေါက်လား။ လိမ္မာရမယ်နော်။”  

“အင်းပါ…မင်း ကြိုးစားပါ့မယ်။ သဘက်ခါ မောင့်မေမေတို့ဆီသွားရင် မင်းမင်းလည်း လိုက်ချင်တယ်မောင်။ မင်းမင်း တောင်ကြီးကို မရောက်တာ ကြာပြီ။”

“ဒီတစ်ခေါက်တော့ မလိုက်ပါနဲ့ဦးကွာ။ မိုးတွေက အဆက်မပြတ်ရွာနေတာ။ ဟိုရောက်ရင်လည်း မင်းမင်း လျှောက်လည်လို့ရမှာမဟုတ်ဘူး။ မောင်ကလည်း အလုပ်မအား။ မိုးတွေကလည်း ရွာမို့ မင်းမင်း ပျင်းနေမှာကွ။ လိမ္မာတယ်နော် နွေကျမှ လိုက်ခဲ့။”

“အင်း…အဲ့ဒါဆိုလည်း ပြီးရော။ မိုးခြိမ်းရင်တော့ မင်းမင်းတစ်ယောက်ထဲ ကြောက်နေရတော့မှာ။”

ငိုမဲ့မဲ့ မျက်နှာထားနဲ့ သူမပြောမိတော့ မောင့်မျက်နှာ ညှိုးလျသည်။ တကယ်တော့ ၂ယောက်အတူ ဘ၀ကို တည်ထောင်ပြီ ဆိုကတည်းက မခွဲခွာစဖူးမို့ မောင်လည်း သူမလိုပင် ၀မ်းနည်းနေရှာမည်။
နောက်တစ်နေ့ရောက်တော့ နာမည်ကြီး အမှတ်တံဆိပ် ပန်းဆီရောင် နှင့် လိမ္မော်ရောင် နှုတ်ခမ်းဆီ ၂ဗူးကို ၀ယ်လာပြီး သူမ နှုတ်ခမ်းတွင် ခပ်ဖျော့ဖျော့ တွဲစပ်ဆိုးပေးသည်။

 “ကြည့်စမ်း ဘယ်လောက်တောင် လှသွားသလဲလို့ ။ နှုတ်ခမ်းလေးတွေလည်း အရင်လို ခြောက်မနေတော့ဘူး တွေ့လား။ မင်းမင်း နေ့တိုင်း နှုတ်ခမ်းနီဆိုးပြီး မောင့်ကို စောင့်နေနော်။  မောင်ပြန်လာရင် ဟောဒီ့ နှုတ်ခမ်းဖူးလေးနဲ့ ကြိုနေ။ သိပ်လှတဲ့ မောင့်မိန်းမ။  မိုးခြိမ်းသံ မကြားရအောင် MP3 ထဲမှာ တရားတွေ မောင်အပြည့်ထည့်ထားတယ်။ နားကြပ်လေးနဲ့ တပ်ပြီး တရားနာရင်း အိပ်နော်။ သိပ်မကြာပါဘူးကွာ။ ၆ရက်တင်ပါ။”

“မောင်လည်း ကားကို သတိထားမောင်းနော်။ ဟိုရောက်ရောက်ချင်း မင်းမင်းကို ဖုန်းဆက်ပေး”

“အိုကေ…စိတ်ချ”

နောက်တစ်နေ့တွင် မင်းမင်းအိပ်ရေးပျက်မှာစိုးတာကြောင့် ညင်သာစွာလှုပ်ရှားပြီး ရက်တိုခရီးတစ်ခုကို သွားခဲ့တဲ့ မောင်ဟာ မင်းမင်းကို ထားပြီး ထာဝရထွက်သွားခဲ့လိမ့်မယ်လို့ မင်းမင်း မထင်မှတ်ထားခဲ့ပါ။ တောင်ကွေ့လမ်းမှာ ဘီးချော်တိမ်းမှောက်ပြီး ပွဲချင်းပြီး လူ့လောကကို စွန့်ခွာသွားသူဟာ မောင်တဲ့လား။

(၄)

ပဋာမြေလူးသည်ဆိုသော ခံစားချက်ကို ယခုတော့ သူမခံစားဖူးပြီ။ ကံတရားက မျက်နှာသာ မပေးချင်တော့ မောင်နှင့်အတူ တောင်တက်လမ်းသို့ မလိုက်ခဲ့ရယုံမျှမက မောင့်သတင်းကြားရတော့လည်း သေဆုံးခြင်း လမ်းကို သွားခွင့်မပေးခဲ့။ အတွင်းလူနာအဖြစ် လောကကြီးနှင့် ၄ရက်တာ အဆက်ပြတ်ကာ မောင့်ဈာပနပင် မမီလေတော့ ခါးခဲ့သော အတိတ်ထက်ပင် ပစ္စုပ္ပန်က သူမအား ကျဉ်လေ၏။

အသက် ၂၅နှစ်အရွယ် မုဆိုးမ ချောချောလေးတစ်ယောက်မှာ ပစ္စည်းဥစ္စာတွေ လျှံပယ်စွာ ကျန်ခဲ့တော့ အချစ်ရိပ်တို့ဖြင့် မိုးပေးချင်သူတို့ ဒုနဲ့ဒေး။ ဒါပေမယ့် ဘယ်လောက်စစ်နိုင်မှာမို့လို့လဲ။ မောင်ပေးခဲ့တဲ့ အရိပ်စစ်အောက်မှာ အခက်တော့ မချိုးလိုပေ။

မင်းမင်း ခု နေ့တိုင်း နှုတ်ခမ်းဖူးလေးကို ဆေးဆိုးပြီး လှအောင်ပြင်နေတယ်မောင်။ ဒါပေမယ့် တရားတော့ နေ့တိုင်းမနာဖြစ်ဘူး။

စီးကရက် မီးခိုးငွေ့တွေ မှုတ်ထုတ်ပြီး အငွေ့တွေကြားထဲ မောင့်ပုံရိပ်ဖော်ကြည့်ရတာလည်း မောင် မင်းမင်းအနား ရှိသလိုပါပဲ။ စီးကရက်သောက်တာ မောင်မကြိုက်ဘူးလို့ မပြောရဘူးနော်မောင်။ အငွေ့တွေထဲ မောင့်အရိပ်ရှာခွင့်လေးတော့ မင်းမင်းကို ပေးပါ။

မောင်နဲ့ အတူ လျှောက်သွားဖူးတဲ့ နေရာတွေ မင်းမင်း သွားတယ်လေ။ မောင်ကြိုက်တဲ့ အစာတွေလည်း မောင့်ကိုယ်စား စားပေးတယ်။ မောင့်အနား ရှိနေသလို ခံစားချင်ရင်တော့ မင်းမင်း စီးကရက်ဖွာပစ်လိုက်တာပဲ။ မင်းမင်းရောဂါ အခြေအနေအရ အဲ့လိုလျှောက်လုပ်မနေသင့်ဘူးတဲ့ ဆရာဝန်က ဆူတယ်။ ဒါပေမယ့် ဘာဖြစ်လည်းမောင်ရယ် မောင့်ကို စိတ်ကူးနဲ့ မြင်နေရရင်ပဲ မင်းမင်း ကျေနပ်လှပေါ့။

မောင်ဝယ်ပေးတဲ့ နှုတ်ခမ်းဆီလေးတွေက နောင် ၃နှစ်ကြာမှ expire ဖြစ်မှာတဲ့။ အဲ့အချိန်ထိ မင်းမင်း ဆိုးခွင့်ရပါ့မလား မသေချာဘူးမောင်။ ခုတော့ နေ့တိုင်းဆိုးတယ်။ 

မနက်ခင်းတိုင်း ဆွမ်းလောင်းတယ်။ စိတ်ထဲမှာ ဘာမှ မတွေးဖြစ်အောင် ကြိုးစားပြီးနေတယ်။ တွေးဖြစ်လာတဲ့ အသိကိုသိမိတဲ့အခိုက်မှာတော့ စိတ်ကြည်နူးစရာတွေကိုပဲ ရှာကြံတွေးတယ်။ ကြုံလာသမျှ အကူအညီလိုအပ်သူတွေကို မင်းမင်းတတ်နိုင်သမျှကူတယ်လေ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ဘ၀ဟောင်းကို စွန့်ခွာသွားခဲ့တဲ့ မောင်က နေတတ်အောင်သာမက သေတတ်အောင်လည်း သင်ပေးသွားတယ်တဲ့ မိတ်ဆွေတွေက ပြောကြတယ်မောင်။ ဟုတ်မှာပါ။ ခုဆို မင်းမင်း အချိန်တိုင်း ဖြစ်ပျက်သဘောတရားကိုလည်း ပွားများနေတတ်ခဲ့ပြီ။ 

မင်းမင်းနဲ့ မောင်တို့က လက်ရှိရခဲ့တဲ့ ဘ၀မှာ တစ်ယောက်ကို တစ်ယောက် တန်ဖိုးထားပြီး မြတ်နိုး ကြင်နာ နားလည်မှုတွေ ပေးခဲ့ကြပြီးပြီပဲ။ နောင်တဆိုတာ ရစရာမလိုတော့ဘူးလေ နော်မောင်။ တစ်ယောက်အတွက် တစ်ယောက်က အတတ်နိုင်ဆုံး ပေးဆပ်ခဲ့ကြဖူးတာပဲ။ 

သေတမ်းစာဆိုတာ မင်းမင်းတို့မြန်မာလူမျိုးတွေ တော်ရုံမရေးကြပါဘူး။ ဒါပေမယ့် တစ်ကောင်ကြွက် မင်းမင်းကတော့ရေးခဲ့တယ်။

မင်းမင်းတို့ ၂ယောက်ပိုင်တဲ့ အိမ်လေးကို ရောင်းချပြီ့း မိဘမဲ့ကလေးတွေ နောင်ရေးအတွက် လိုအပ်တဲ့ နေရာမှာ အသုံးချဖို့ အဓိကထား ရေးခဲ့တယ်။ မောင်ကျေနပ်နေမှာပါ။

နိဂုံး

သေမယ့်အချိန်ကို ပျမ်းမျှတွက်ချက်လို့ရတဲ့ အခြေအနေကလည်း အနည်းဆုံးတော့မင်းမင်းအတွက် လုပ်သင့်တာလေးတွေ လုပ်သွားခွင့်ရတယ်။

အချိန်မရွေး ခေါက်ကနဲ သေသွားနိုင်တဲ့ အခြေအနေကိုလည်း သိနေတာမို့ မင်းမင်း အိတ်ထဲမှာ ဒိုင်ယာရီ စာအုပ်လေးတော့ အမြဲသယ်သွားတယ် သိလား။

မင်းမင်း ဖြစ်ချင်တဲ့ ဆန္ဒတွေ၊ ဖြစ်ခွင့်မရတဲ့ အရာတွေ။ ဖြစ်လာခဲ့တဲ့ အဖြစ်တွေကို လူတွေ ဖတ်မှာ မဖတ်ဘူး သေချာမသိတဲ့ ဒိုင်ယာထဲမှာ နေ့တိုင်းရေးဖြစ်တယ်မောင်။

စာအုပ်လေးရဲ့ ထိပ်ဆုံးမှာ လူတိုင်းမြင်သာတဲ့ စာလုံးလေးနဲ့ အရေးအကြီးဆုံးအချက်ကို မင်းမင်းရေးထားတယ်။ ဒါမှ စာအုပ်လေးကို ဖတ်မိသူက ဈာပနအတွက် မင်းမင်းဆန္ဒအတိုင်းစီစဉ်ပေးနိုင်မယ်လေ။

ကျွန်မမျက်နှာပေါ်တွင် သနပ်ခါး မိတ်ကပ်များ ရှိနေပါက အသင်တို့အား ဖယ်ရှားခွင့်ပြုသည်။ သို့သော် နှုတ်ခမ်းနီတစ်စက်ကိုတော့ ကျေးဇူးပြု၍ ချန်ထားပေးလိုပါသည် လို့။

ရည်ရွယ်ချက်ကတော့ သေသည့်တိုင်အောင် မောင့်အမှတ်တရဟာ မင်းမင်းနဲ့အတူ ပါသွားမယ်ဆိုတာပါပဲ။

ကြည်ဖြူပိုင်
၂၀ ရက် ၄ လ ၂၀၁၄ ခုနှစ်

နေ့လည် ၁နာရီ

Friday, April 18, 2014

ကျောင်းသူ


Photo Source : Google

(၁)
သူမအကြိုက်ဆုံးအရောင်ကို သူကမေးလာခဲ့တော့ အဖြူရောင်ဟုရဲရင့်စွာပဲဖြေခဲ့သည်။ ဒုတိယနဲ့တတိယအကြိုက်ဆုံးအရောင်ကိုပြောပါဦးဟု သူကထပ်မေးပြန်သည်။ အဲ့သည့်မေးခွန်းမှာတော့ သူမအနည်းငယ်တွေဝေခဲ့ရသည်။ အနီရောင်ဟာ သူမရဲ့ ဒုတိယအနှစ်သက်ဆုံးအရောင်ဖြစ်တတ်သလို တခါတရံကျပြန်တော့ အပြာရောင်လေးကလည်းသူမရဲ့နှစ်သက်မှုများကို ခိုးယူတတ်ပြန်သည်လေ။ တတိယအရောင်ကိုတော့ သူမ မဆိုင်းမတွပဲဖြေလိုက်နိုင်ပါတယ် အနက်ရောင်ပါလို့။

သူမရဲ့အဖြေကိုကြားတော့ ရယ်စရာ မပါခဲ့ပါဘဲလျက် သူကဟက်ဟက်ပက်ပက်ရယ်မောပြန်သည်။

“နင်ကလည်း ဘာအထာလဲဟ။ ငါ့စကားထဲမှာ ရယ်စရာပါတယ်လို့တော့ ငါမထင်ပါဘူး။ ဘာတွေများရယ်နေရပြန်တာတုန်း”

ခေါင်းမော့ရယ်နေသောသူက အရယ်ကိုရပ်ကာ သူမကို စေ့စေ့ကြည့်ကာပြောလာသည်။

“နင့်ကိုငါကြည့်နေတာ။ နင်ဟာပြတ်သားမှုနဲ့တွေဝေမှုတွေ ဒွန်တွဲနေတဲ့ကောင်မလေးတစ်ယောက်ပဲ။ ပြတ်သားလိုက်ရင်လည်း နင့်ထက် ၂ယောက်မရှိဘူး။ တွေဝေငြိတွယ်ပြန်ရင်လည်း ဆင်ကော်တောင်အရှုံးပေးရလောက်အောင်ခွာဖို့ခက်တယ်။ တကယ့်ကို ဂွတီးဂွကျ ကောင်မလေး။ အဲ့သည့်အခေါ်အဝေါ်နဲ့ နင်ခုဝတ်ထားတဲ့ ဘောင်းဘီနဲ့ စဉ်းစားမိလို့ရယ်တာဟေ့။ ရှင်းပြီလားဟ”

သူပြောမှ သူမလည်း ကိုယ့်ကိုယ်ကို ပြန်လို့ငုံ့ကြည့်မိသည်။ ဟင်း…ဒါများရယ်စရာကျလို့ အာလာဒင်ဘောင်းဘီကြိုက်လို့ အချိန်ပိုင်းအလုပ် ပင်ပင်ပန်းပန်းလုပ်ပြီး ရတဲ့ပိုက်ဆံထဲက၀ယ်ထားရတာ။ လူများသူ့ရယ်စရာကျလို့…ဟု မကျေမနပ်တွေးလိုက်မိသည်။

အတွေးနှင့်အတူ နှုတ်ခမ်းစူသွားတဲ့ သူမကို စေ့စေ့ကြည့်ရင်းက သူကရှေ့တွင်ချထားသော လက်ဖက်ရည်ခွက်ကို တချိုက်တည်း မော့ချလိုက်သည်။

“ကဲ…နှုတ်ခမ်းစူထော်ထော်နဲ့ ဒေါ်စူပုတ်လေးရေ။ ငါတော့ အတန်းတက်ဖို့သွားတော့မယ်ဟေ့။ နင်လည်းစာကြည့်နေရင်း ငိုက်မနေနဲ့ဦး” ဟုဆိုကာ ခပ်သုတ်သုတ်ထွက်သွားခဲ့သည်။

ထွက်သွားတဲ့သူ့ကျောပြင်ကို အဓိပ္ပါယ်မဲ့ ငေးကြည့်နေရင်းက ဖတ်လက်စ lecture slide ကိုဆက်ဖတ်နေမိသည်။ ခဏပါပဲ။ အတွေးတို့က စာကျက်စရာမလိုသောဘ၀ ဆီသို့သာ  တ၀ဲလည်လည်။ မျက်စေ့ကိုမှိတ် ခေါင်းကို ခပ်ပြင်းပြင်းခါရမ်းလိုက်ရင်း စာထဲသို့သာ စိတ်ကိုဇွတ်နှစ်လိုက်သည်။  First Semester စာမေးပွဲနီးပြီလေ။

(၂)
Part Time လုပ်ရတာ ပင်ပန်းလှသည်။ စာမေးပွဲနီးပြီမို့ စာကြည့်ရချိန်ပိုများတော့ ပိုဆိုးသည်။ တချို့ကျောင်းသားတွေအတွက် မထောင်းသာလှပေမယ့် မတ်တပ်ကြာကြာရပ်တိုင်း နေမကောင်းဖြစ်တတ်တဲ့ သူမအတွက်တော့ Part Time လုပ်သော နေ့ရက်တိုင်းဟာ ပင်ပန်းလွန်းခဲ့ရတာ။

အဲယားကွန်းများစွာဖွင့်ထားတဲ့ Hyper Market ကြီးထဲမှာ တနေ့ကို အနည်းဆုံး ၆ နာရီလောက် မတ်တပ်ရပ်ရင်း လက်ကိုလည်း ဇယ်ဆတ်သလို မရပ်မနား လှုပ်ရှားရင်း ပစ္စည်းတွေကို scan ဖတ်ရသေးတာ။

တခါတရံ အသက်ကြီးသူတွေဈေးလာဝယ်လို့ ဆန်အိတ်အလေးကြီးတွေ နဲ့ဆပ်ပြာရည်ပုံးအကြီးကြီးတွေဝယ်လာရင်းနဲ့ scan ဖတ်ရန်လွယ်ကူစေဖို့ ကောင်တာပေါ်တင်ပေးဖို့မတတ်နိုင်တဲ့အခါနဲ့ Portable scanner လေးပျက်နေလို့မို့ ပစ္စည်းတွေဆီကို scanner လေးနဲ့သွားမဖတ်ပေးနိုင်တဲ့အခါမျိုးမှာ သက်ကြီးရွယ်အိုတွေ ပင်ပန်းတာမကြည့်ရက်တဲ့ သူမကပဲ အလေးခံပြီး ဆန်အိတ်အလေးကြီးတွေ ဆပ်ပြာပုံးအကြီးကြီးတွေကို ကိုယ်တိုင်သယ်ထုတ်ပြီး ကူညီခဲ့ရသည်။ ထိုကဲ့သို့ ဈေးဝယ်လာသူများ ၄ ယောက်လောက်စုံသောနေ့တွင်တော့ ညဖက်ရောက်တိုင်း အပြင်းဖျားတော့သည်။

ထိုအချိန်များတွင်တော့ Decogen လိုမျိုး Biogesic လိုမျိုးအကိုက်အခဲပျောက်ဆေးတွေ နှင့် အားဆေးတွေကို ပဲလှော်စားသလို တလှေကြီးသောက်၍ သူမ၏ ညတာများတွင် မကြာခဏဆိုသလို ၀င်ရောက်စိုးမိုးလာသော အဖျားကို မောင်းထုတ်ခဲ့ရသည်။ နောက်နေ့မနက်တွင်တော့ ဆေးရှိန်ကြောင့် နှုံးလျအိပ်ချင်လွန်းနေသောသူမ အလုပ်သို့မသွားနိုင်ခဲ့။ ထို့ကြောင့် သူမ၏အလုပ်ချိန်များသည် ၁ရက်ခြား သို့မဟုတ် ၂ရက်ခြားများသာဖြစ်ခဲ့ရသည်။ ဤကဲ့သို့ ပင်ပင်ပန်းပန်းလုပ်နေရသည်များကို အိမ်ကတနည်းနည်းဖြင့်ပြန်သိသွားမှာစိုးသောကြောင့် နီးစပ်ရာအသိုင်းအ၀ိုင်းကိုလည်းပိတ်ပင်ထားရသေးသည်။ အိမ်ကကျောင်းလခတွေ အိမ်ခန်းငှားခတွေ အများကြီးပို့ပေးရတော့ တခါတရံတော့ ကိုယ့်အိမ်ငှားခလေး ကိုယ်ပေးချင်တာမို့ ကြိုးစားရှာချင်သေးသည်။ သို့ပေသည့် ထိုခဲ့သို့ အဖျားဝေဒနာကို မကြာခဏပေးလေသောအလုပ်တွင် အချိန်ကြာကြာတော့ ဒဏ်မခံနိုင်ခဲ့ပေ။ တပတ်ကို ပျမ်းမျှ ၃ရက်မှ ၄ရက်နှုန်း ဖြင့် ၃လအကြာလုပ်အပြီးမှာတော့ မျောက်ခေါင်းရုပ်ပေါက်လာခါ ယိုင်နဲ့နဲ့ဖြင့်လှုပ်လီလှုပ်လှဲ့သာကျန်တော့သည်။ ဒါပေမယ့် လူကြီးတွေပိုက်ဆံအကုန်သက်သာစေချင်သော ဆန္ဒဖြင့် ဇွဲကတော့ ဖြင့်မလျှော့ချင်သေး။

(၃)
First Semester အပြီး ကျောင်းပိတ်ရက်များတွင်တော့ အိမ်လခ ကိုယ့်ဖာသာရှာချင်တဲ့ သူမ ပြက္ခဒိန်လုပ်ငန်းမှာက အစ အချိန်ပိုင်းဝင်လုပ်ဖူးသည်။ second semester ပြန်တက်ချိန်တွင် ကံဇာတာတစခန်းလောက် တက်ချင်လာတော့ မနက်တိုင်းလို သူမအလုပ်လုပ်သောဆိုင်မှာ သစ်သီးလာဝယ်တတ်သည့် မန်နေဂျာတစ်ယောက်နှင့်မျက်မှန်းတန်းမိသည်။ သူကလည်း ကိုယ့်မြန်မာပြည်မှာအလုပ်တာဝန်ကျဖူးသည်ဆိုပဲ။ သည်တော့ “မင်္ဂလာပါ” ဆိုသောနှုတ်ဆက်စကားကို မပီကလာ ဆိုရင်း သူမရှိသောကောင်တာသို့သာ ရင်းနှီးမှုဖြင့်ရောက်လာတတ်သည်။ သူမအလုပ်မှဒဏ်မခံနိုင်၍ ထွက်ချင်နေသော ၂လခွဲလောက်အကြာမှာတော့ သူနဲ့အတော်အတန်ရင်းနှီးလာကာ လူရှင်းသောနေ့တစ်နေ့တွင်တော့ စကားစပ်မိရင်း သူမကလျှပ်စစ်အဓိကဖြင့် ကျောင်းပြီးကြောင်းသိသွားသော မန်နေဂျာကြီးက သူတို့ကုမ္ပဏီတွင် တပတ် ၅ရက်နှုန်းဖြင့် ကျောင်းမတက်ခင်အချိန်များမှာ အချိန်ပိုင်းအလုပ်ဝင်ဖို့ ကမ်းလှမ်းလာပါသည်။

ဝါသနာပါရာစာရေးစာဖတ် သီချင်းနားထောင်ရင်းတို့ဖြင့် အားလပ်ချိန်များကုန်လွန်တတ်ပြီး အလုပ်လုပ်ချိန်များအပြီးတွင် ဖျားတတ်သောသူမ သင်ခန်းစာများလည်း မလေ့လာမကျက်မှတ်သည်မှာ ကြာပြီ။ သည်တော့….တပတ် ၅ရက်လုံး အလုပ်လုပ်ရမည်မှာ ဖြစ်နိုင်ပါမည်လော ပြန်စဉ်းစားရသည်။

နောက်တော့ စနေတနင်္ဂနွေ ပိတ်ရက်မှာစာကျက်လို့ရတာပဲဟု စိတ်ပိုင်းဖြတ်ကာ သူမအတွက် ဖျားနာမှုများစွာ ပွင့်လန်းစေခဲ့သော Casher အလုပ်ကို ၃လတိတိမှာ ကျောခိုင်းခဲ့သည်။

(၄)
Mechanical & Electrical Help Desk ဘ၀နှင့် မနက် ၈နာရီခွဲမှ ၅နာရီခွဲထိ complain များစွာပါဝင်သော အီးမေးလ်များကိုစစ်ရင်း ဖြေရှင်းပေးဖို့ နည်းပညာရှင်များဆီသို့ ကွန်ပျူတာနှင့်ဆက်သွယ်ထားသော ဖုန်းထဲမှတဆင့်စာတိုလေးများပို့ရင်း သူမရဲ့တစ်နေ့တာများဟာ ငြိမ်သက်တိတ်ဆိတ်နေတဲ့အခန်းကျဉ်းလေးထဲက အီးမေးလ်အသစ်ဝင်လာတိုင်း တတုံတုံမြည်တတ်တဲ့ ကွန်ပျူလေးရှေ့မှာ ကုန်လွန်ခဲ့ရသည်။

မနက်တိုင်း ၀င်ခွင့်ကတ်ပြားနှင့် ၀င်ပေါက်ဟူသမျှကို scan ဖတ်ဝင်ရသော။ မြို့လယ်ခေါင်တွင်တည်ရှိသော။ ကြီးကျယ်ခမ်းနားကာ အထပ်ပေါင်းများစွာရှိသော ဆင်တူတာဝါ ၂ခုအားအလယ်တွင် ပေါင်းကူးတံတားဖြင့် ဆက်သွယ်ထားသော။ မျက်နှာဖြူများနှင့် လစာမြင့် ရေပေါ်ဆီလူတန်းစားအသွင်ရှိဝန်ထမ်းများလုပ်ကိုင်သော အဆောက်အဦးကြီးသို့ မနက်၈နာရီထိုးတိုင်းအချိန်မှီရောက်ရှိရန် သူမကွန်းခိုနားရာ တိုက်ခန်းလေးမှ မနက်၆နာရီထိုးတိုင်း ထွက်ခွာသွားခဲ့ရသည်။

ရုံးခန်းထဲမှာ များသောအားဖြင့် သူမ တစ်ယောက်ထဲရှိမှာမို့ကျောင်းစာတွေလည်း လုပ်နိုင်မှာပါဟု အလုပ်မ၀င်ခင်က အလုပ်အခြေအနေကို မန်နေဂျာကြီးကပြောထားခဲ့တာကြောင့် စာဖတ်နိုင်မည်ပဲထင်ခဲ့သည်။ ဒါပေမယ့် လက်တွေ့ဘ၀အခြေအနေကတော့ မိနစ်တိုင်းနီးပါး တတုံတုံတက်လာတတ်သည့် complain king , complain queen များဟု သူမနာမည်ပေးထားသည့် ကျွန်းသူ ကျွန်းသားအပေါင်းတို့၏ အဲယားကွန်း အအေးလျော့လို့မို့ ။ အေးလွန်းလို့မို့။ ဆူညံသံတွေထွက်နေလို့မို့။ ဘယ်နေရာမှာ power trip ဖြစ်တော့မယ်ထင်လို့မို့။ ဘယ် socket outlet ပုံကို မကြိုက်လို့မို့။ မီးချောင်းအလင်းက ဘယ်လိုမို့။ ဆိုသည့် မရိုးနိုင်သော complain များစွာကို ရေးထားတဲ့ အီးမေးလ်များကိုဖတ်လို့ ဒါကတော့ Mechanical Technician ကိုလွှတ်ရမယ်။ ဒါကတော့ Electrical Technician စသည်ဖြင့်ခွဲခြားရင်း သက်ဆိုင်ရာ လူဆီသို့မက်ဆေ့ဂ်ျတိုလေးတွေရိုက်ပို့။ သူတို့ဆီမှ ဘယ်အချိန်သွားပါပြီဆိုတာ reply ပြန်လာသည်နှင့် complain queen/king များဆီသို့ အကြောင်းပြန်နှင့် လက်၂ဖက်ဆိုတာ အနားပေးဖို့သိပ်အချိန်မရှိလှ။ သို့ပေသည့် ဘာစိတ်ဖိစီးမှုမှမရှိဘဲ ဘာနည်းပညာမှသုံးစရာမလိုပဲ လူလည်း ပင်ပန်းမှုမရှိဘဲ။ အိမ်လခ။ ရထားခ များအတွက် ပူစရာမလိုအောင်လုံလောက်သည်ထက် အနည်းငယ်ပိုနေသေးသော လစဉ်ဝင်ငွေသည် သူမအား ဤအလုပ်မှာ အချိန်ပိုင်းဆက်လုပ်စေဖို့ ဆွဲထားခဲ့သည်။

ညနေ ၅နာရီခွဲရုံးဆင်းလျှင်တော့ ကျောင်းသို့အချိန်မီရောက်ရန် အူယားဖားယား ပြေးရတော့သည်။ ဒါပေမယ့်လည်း ဘယ်သောအခါမှ သင်ခန်းစာအစကို သူမ မမီခဲ့ပေ။ အလုပ်လုပ်သော မြို့လယ်ခေါင်မှ ကျောင်းရှိသော ရထားလမ်းဂိတ်ဆုံးနီးပါးသို့ ရထားဂိတ်ပေါင်းများစွာစီးရမည်မှာ အနည်းဆုံး၄၅မိနစ်တော့ ရှိမည်။ ဒါတောင်ရထားဂိတ်မှကျောင်းသို့ရောက်ရန် ကားတစ်ဆင့်စီးရဦးမည့် အချိန်နှင့် စာသင်ဆောင်ဆီသို့ရောက်အောင်သွားရမည့် အချိန်မပါသေး။

သည်တော့ အလုပ်လုပ်သော ကုမ္ပဏီနှင့်အနီးဆုံး ရထားဂိတ်မှသည် စာသင်ရာကျောင်းတော်နှင့်အနီးဆုံးရထားဂိတ်သို့ ရထားတစ်ဆင့်စီး ထိုမှတဆင့် စာသင်ရာ Lecture Theatre နှင့်အနီးဆုံးရောက်သည်ထိ တက္ကစီကိုသာ ငှားစီးရလေ့ရှိသည်။ ဒါတောင် သူမရောက်သွားချိန်များမှာ ဆရာစာသင်နေသည်မှာ အရှိန်ရနေပြီဖြစ်သည်။ ၁နာရီစာသင်ပြီးလို့ အားလပ်ချိန် ၁၅မိနစ်ပေးချိန်များတွင်တော့ ကော်ဖီစက်ရှိရာသို့အပြေးသွားလို့ ကော်ဖီတခွက် ၀ယ်သောက်ရတတ်သည်။ တကယ်တော့ ကော်ဖီ။ လက်ဖက်ရည်ဆိုသည်မှာ သူမ၏ ရန်သူ။ ၁၀ခါသောက်တိုင်း ၇ခါလောက်က ၀မ်းထဲသို့ရောက်သွားသည်နှင့် လည်ချောင်းတွင်ပျို့လာတတ်ကာ မထိန်းသိမ်းနိုင်ပါက ဝေါ့ကနဲ ထိုးအန်တတ်တာကြောင့် အန်ရတဲ့ ဝေဒနာဆိုးကို စိုးရွံ့မိသည့် သူမ ဘယ်တော့မှ မသောက်တတ်ခဲ့။ သို့ပေမယ့် ကော်ဖီမှ မသောက်လျှင်လည်း တနေကုန် ပင်ပန်းထားသော သူမမျက်ဝန်းများ ပွင့်နိုင်တော့မည် မထင်။ ပြီးတော့ စက်မှ အကြွေစေ့ပေးဝယ်ကာ သောက်ရသည့် ကော်ဖီက ဆိုင်ဖျော်လို မပြင်းတတ်တာကြောင့် သူမဒဏ်ခံနိုင်ပါသည်လေ။ ကျောင်းကပြန်ရောက်လျှင်တော့ ဆရာရှင်းပြခဲ့သည့် စာများကိုလည်း ပြန်လည်လေ့လာသုံးသပ်ခြင်းမပြုနိုင်တော့။ ငိုက်မြည်းနေသော မျက်လုံးများက အိပ်ရာဆီသို့သာ မျက်စောင်းထိုးနေတတ်ခဲ့သည်။

ကိုယ်ယူသောဘာသာရပ်အလိုက်သာကျောင်းတက်ရတာမို့ တပတ်မှာ ၃ရက်သာတက်ရသောကြောင့်သာတော်တော့သည်။ သို့မဟုတ်ပါက နောက်ကျမှ ရောက်လာတတ်သော။ စာသင်သော ဆရာကို  ပင်ပန်းသော မျက်လုံးများဖြင့်ရီဝေေ၀ကြည့်တတ်သော။ တခါတရံ လက်ဖက်ရည်ခွက်ကြီးရှေ့ချလို့ ဟန်မဆောင်နိုင်လောက်အောင်ပင် စားပွဲခုံနှင့် ထိမိမတတ် တဒိုင်းဒိုင်း အိပ်ငိုက်တတ်သော သူမကို နိုင်ငံပေါင်းစုံမှ ကျောင်းသားတိုင်း မှတ်မိပေရော့မည်။

(၅)
စနေတနင်္ဂနွေ ပိတ်ရက်လေးတွေမှာတော့ ကျောင်းတွင် စာစုလုပ်တတ်သော အတန်းဖော် မြန်မာများထံမှ လွတ်သွားသောစာများကိုပြန်မေးရသည်။ အိပ်ငိုက်လို့ နားမလည်လိုက်သော ပုစ္ဆာများကို ပြန်ရှင်းပေးစေရသည်။ First semester အချိန်ပိုင်းအလုပ်လုပ်စဉ်ကတော့ Formula Derivation တွေများလှတာကြောင့် ကျောင်းမပြတ်တက်ခဲ့သော စာတော်သော မောင်ငယ်တစ်ယောက်က သူငယ်ချင်းများကို စုရှင်းလေ့ရှိသည်ကို သွားရောက်နားထောင်ရင်း မှတ်ဥာဏ်ပြန်ခေါ်ခဲ့ရသည်။ တပြည်ရပ်ခြားမှာရောက်နေခဲ့သော မြန်မာများ ဤကဲ့သို့စည်းရုံးကူညီမှုကို သူမ ကျေးဇူးတင်စွာဖြင့် မေ့မရပါ။ စာနားမလည်မှာကိုသာ သူမစိတ်ပူသည်။ နားလည်ပြီးလျှင်တော့ တနေ့စာတနေ့ ချက်ခြင်းမှန်မှန်လုပ်သည့်ထဲမပါခဲ့။ သည်တော့ နားလည်အောင် စာရှင်းပြသည်ကို သွားနားထောင်သည်။ ပြီးလျှင်တော့ ပစ်ထားပြီး စာမေးပွဲနီးမှ ကုန်းလုပ်တတ်သည်မှာ သူမအကျင့်။ ပထမနှစ်ဝက်တုန်းကတော့ သိပ်မဆိုးခဲ့ပါ။ သူငယ်ချင်းအုပ်စုကြီးနှင့်စာစုလုပ်ဖြစ်ကြကာ အနည်းဆုံးတော့ ၂ပတ်တခါလောက် သင်ပြီးသားစာများကို စုရှင်း စုလုပ်တတ်ကြတော့ စာကြွေးသိပ်မရှိခဲ့။ နောက်တော့ အလုပ်ချိန်များနှင့်မဆုံဖြစ်ကြတော့သော သူမသည် သူငယ်ချင်းများအလယ်တွင် တကိုယ်တည်းဖြစ်လာခဲ့သည်ပေါ့။ ကျောင်းမတက်ရသော နေ့များတွင် အလုပ်ကပြန်လာသည်နှင့် ရေချိုးထမင်းစားခါ စာရေးစာဖတ်ခြင်းများနှင့်သာ သူမပျော်ဝင်ချင်ခဲ့သည်။ သို့ပေမယ့် စက်ရုပ်ဆန်လူသားဘ၀နှင့် တနေကုန်ကျင်လည်ခဲ့ရသော ကိုယ့်ဦးနှောက်လေးက စာပေအလှအပနုရွမှုလေးတွေ ထွက်မလာတတ်ခဲ့တော့။

အလုပ်သို့သွားသည့် လမ်းမှာ အမြဲတမ်း မြေအောက်shopping centre လေးတစ်ခုကို ဖြတ်သွားရသည်။ အိပ်ငိုက်နေသော မျက်လုံးများနှင့် ခပ်သုတ်သုတ်သွားရသည့်သူမကတော့ လမ်းလျှောက်နေရင်းနှင့်ပင် လိုဏ်ခေါင်းတလျှောက်ဖွင့်ထားသော ခပ်အုပ်အုပ်လေးပျံ့လွင့်လာသည့် တေးသံသာများကို ခံစားနားဆင်တတ်သေးသည်။ ဂီတနှင့်စာပေဟာ သူမရဲ့ အကောင်းဆုံးမိတ်ဆွေပါပဲ။ သို့ပေမယ့် အိမ်ပြန်ချိန်များမှာတော့ ဂီတကို မခံစားနိုင်ခဲ့ဘဲ ကျောင်းချိန်မှီဖို့ ပြေးလွှားရပြန်သည်ပေါ့။

(၆)
စာမေးပွဲနီးလာတော့ စနေတနင်္ဂနွေ ပိတ်ရက်များတွင် စာလုပ်ဖို့အချိန်ပေးကာ ကျောင်းသို့သွားလေ့ရှိသည်။ အိမ်မှာနေလျှင်တော့ မကြာခဏစာရေးချင်တတ်သော လက်များနှင့်… မကြာခဏ အိပ်ယာပေါ်ပစ်လှဲအိပ်တတ်သော မျက်လုံးများကို တားမရနိုင်ခဲ့။

နားမလည်သောစာများကို ဆိတ်ငြိမ်စွာဖြင့် ဖတ်ရသည့်အချိန်များ။ Formula Derivation များနှင့်လုံးပမ်းရသော အချိန်များနှင့် စာကြည့်တိုက်မှ စာအုပ်များကိုးကားရန်လိုသောအချိန်များတွင်တော့ တဦးးချင်းသီးသန့်ထိုင်နိုင်သော ။ နံရံလေးနှစ်ဖက်နှင့် သူမ၏ အဆီထစ်နေသော ၀မ်းဗိုက်လေးကိုသာမက ခန္ဓာကိုယ် ခပ်သေးသေးလေးကိုပါ လုံခြုံအောင် ကွယ်ပေးနိုင်သော ထောင့်ကောင်းကောင်း ရှုခင်းကောင်းကောင်းနေရာများကို သူမရွေးချယ်လေ့ရှိ၏။ ထိုအခါ စာလေးလုပ်လိုက် မျက်စိညောင်းလျှင်ဖြင့် မှန်ပြတင်းမှ မြင်တွေ့ရသည့် ဟိုခပ်ဝေးဝေးမှိုင်းပျပျဆီမှ  နန်ယမ်းတောင်ကုန်းလေးကို မျှော်ငေးလိုက်ဖြင့် မိဘများကိုလွမ်းရင်း စိတ်အပန်းဖြေခဲ့သည်။

စာများကို နားလည်ပြီး တခါတရံမှတ်သားရမည့်စာများပါလာလျှင်တော့ နားလည်ရုံသာမက ဦးနှောက်ထဲစွဲသွားစေရန် သူမသည် အသံထွက်၍သာ ရွတ်ဖတ်လေ့ရှိသည်။ ထိုအခါ ဆိတ်ငြိမ်နေသော စာကြည့်တိုက်ထဲတွင် သူမ၏ အသံကြောင့်တော့ အနီးပတ်ဝန်းကျင်မှသူများကို အနှောင့်အယှက်မဖြစ်စေလို။ ထို့ကြောင့် ဆေးကျောင်းသားများ သုတေသနပြုလုပ်ရာ သင်ခန်းစာများသင်ကြားလေ့ရှိသည့် biomedical school ဖက်က ခုံတန်းရှည်များပေါ်သို့ သူမခြေချဖြစ်ခဲ့သည်။ ဤနေရာလေးတွင် သူမ နှင့် သူစတင်၍ သူငယ်ချင်းဖြစ်ခဲ့သည်။

။။။။
ဆိတ်ငြိမ်စွာ စာကိုတိတ်တိတ်လေးဖတ်ချင်လို့ ဆေးကျောင်းဖက်သို့ခြေချခဲ့သည့် Triple E (Electircal & Electronic Engineering) မှကျောင်းသားတစ်ဦ်းနှင့် စာတွေကို ငယ်ငယ်က စာအံကျက်သလို တတွတ်တွတ်နှင့် အော်ကျက်ကာ ဆိုချင်ခဲ့သော (Computer Engineering) မှကျောင်းသူတစ်ဦးတို့ မတူညီသော ကျောင်းပရ၀ုဏ်ထဲတွင် တွေ့ဆုံမိကြရာဝယ်….

သူကတော့ သူမကို ဒီလိုအကဲခတ်ခဲ့သည်။

တစာစာနှင့် အာဗြဲကြီးစာအော်ဆိုနေသော ပုတက်တက် အသားညိုညိုကောင်မလေးတစ်ယောက်ကို သူမျက်စိစပါးမွေးစူးခဲ့သည်။ အာဗြဲနှင့် စာအော်ဆိုကာ ပတ်ဝန်းကျင်ကို ဒုက္ခပေးရုံနှင့်မ၀သေး။ တခါတရံ သူမဆီကို မကြာခဏ ၀င်လာတတ်သည့် ဖုန်းတွေကိုလည်းပြောလိုက်သေးသည်။ တော်တော်အမြင်ကတ်ဖို့ ကောင်းအောင်အာရုံနောက်သည့်ကောင်မလေး။ အနားမှာ သူပဲရှိလို့သာပေါ့။ တခြားနိုင်ငံခြားသားတွေသာရှိလျှင် စာအော်ဖတ်သည့်ကောင်မလေးအဖြစ် ကွက်ကြည့်ကြည့်တာ ခံရဦးမည်။

သူမကတော့ သူ့ကို ဒီလိုအမြင်ကတ်ခဲ့သည်။

ငါ့ဖာသာ လွတ်လွတ်လပ်လပ်လေး စာအော်ဆိုချင်လို့  ဘယ်သူမှမရှိတဲ့ ဒီနေရာကို လာဦးထားပါတယ်။ ဒီတစ်ယောက်ကရောက်နေပြန်ပြီ။ ဒီကောင်လေးကတော့ အနှောင့်အယှက်ပဲ။ အမြင်ကို ကတ်တယ်တော်။ သူမကျေနပ်လို့ပြောင်းပြေးသွားလည်း အေးတာပဲ။ ငါတစ်ယောက်ထဲစာအော်လို့ရတယ်။ လို့တွေးကာ ပိုတောင်အော်ပစ်လိုက်သည်။

သည်လိုနှင့် စနေတနင်္ဂနွေ ၂ပတ်လောက် တယောက်ကို ခုံကြီးတခုံစီနေရာယူပြီး အနိုင်မခံအရှုံးမပေး ဘယ်သူမှမဖယ်ခွာကြပဲ စာအတူလုပ်လာရင်းနှင့် သူမ၏ စာအော်သံကို ကျင့်သားရကာ မိတ်ဆွေဖွဲ့ရင်းနှင့် သူငယ်ချင်းတွေဖြစ်ခဲ့သည်။

(၇)
စာလုပ်ရင်းနားသောအချိန်တွင် သူကသီချင်းတွေဖွင့်သည်။ သူ့ချစ်သူကောင်မလေးပို့ထားသော အီးမေးလ်များနှင့် ဓာတ်ပုံများကိုဖွင့်ကာ အလွမ်းဖြေသည်။  သူမက အင်တာနက်ဖွင့်ကာစာတွေ ကွန်မန့်တွေလျှောက်ရေးတော့သည်။ တခါတလေတော့ ရေးထားတတ်သည့် စာတို ကဗျာတိုလေးများကို သူ့ကိုပေးဖတ်သည်။ သူကတော့ မခံစားတတ်။ မှတ်ချက်မပေးတာများသည်။ တခါတရံပေးတတ်သည့်မှတ်ချက်လေးကတော့ ဘာတွေရေးထားမှန်းမသိဘူးဟူ၍….

ရံဖန်ရံခါံပိတ်ရက်လေးစာလုပ်နေချိန်တွင် အရင်လုပ်ခဲ့သော ပြက္ခဒိန်လုပ်ငန်းက လူလိုလို့ လာကူပေးပါဆိုလျှင် နောက်ဆုံး semester အတွက် အချိန်ပြည့်လုပ်ရသောရုံးလုပ်ငန်းမှ ခဏထွက်ပြီး ကိုယ်လုပ်ချင်ချိန်မှ သွားရောက်လုပ်ကိုင်နိုင်သော အချိန်ပိုင်းအလုပ်များကို ပြန်လုပ်မည် စိတ်ကူးတာကြောင့် မိတ်ပျက်၍မဖြစ်။ ထိုအခါ စာလုပ်နေရင်းနှင့် အလုပ်သို့ထပြေးရ၏။ ထိုအခါမျိုးတွင်တော့ သူက “နင့်မလည်း စာမေးပွဲနီးတာတောင် အလုပ်ကိုပြေးရသေးတယ် ဒုက္ခ“ ဟုပြောသည်။ သူမကလည်း သူ့ရှေ့တွင် ၀မ်းနည်းသယောင်မျက်နှာထားလေးထားလိုက်ကာ “တချို့တချို့အတွက်လွယ်ပေမယ့် ကိုယ်ဟာ ရုန်းကန်လာခဲ့ဖူးတယ်“ ဟု သီချင်းလေးတပိုင်းတစဆိုပြလိုက်လျှင်တော့ “နင်က အိမ်ကယူလည်းရလျက်နဲ့ မယူတာကိုး လူဆိုးမရဲ့“ ဟုပြောဆိုရင်းကျန်ရစ်တတ်၏။

(၈)
သို့နှင့် နောက်ဆုံး semester တွင် စာတမ်းပြုစုရန် နှင့် Dissertation ကြီးအောင်မြင်စေရန်အတွက် သူမအတွက် အချိန်ပိုရမည်ဖြစ်သော  အချိန်ပိုင်းအလုပ်ခွင်ထဲသို့ပြန်လည်ဝင်ရောက်ရပြန်သည်။ သည်တော့လည်း အဖျားနှင့် ပြန်မိတ်ဆွေဖွဲ့ခဲ့ရပြန်၏။

အချိန်ပိုင်းအလုပ်ဝင်တော့ ၀င်ငွေက ၃ပုံ ၂ပုံနီးပါးလျော့ကျသွားပြန်သည်။ သည်တော့ အချိန်ပြည့်အလုပ်ပဲ ပြန်လုပ်ချင်တော့တာပါပဲ။ စာမေးပွဲနီးမှ စာစုပုံရှင်းတတ်လေ့ရှိတဲ့ သူမက စာကိုတော့ နောက်မှ စုပုံရှင်းဖို့ စိတ်ကူးထားသည်။ ဒါပေမယ့် Dissertation လုပ်ရင်းနဲ့ အဆင့်အလိုက်ရလဒ်တွေ ဆရာကို ပြနိုင်ဖို့ နှင့် ရလာဒ်တွေရရှိပုံအဆင့်ဆင့်ကို စာတမ်းပြုစုဖို့ရန်အတွက်ကတော့ အချိန်ပြည့်အလုပ်ပြန်လုပ်ပါက မဖြစ်နိုင်ခဲ့။ သို့နှင့် ငွေကြေးနှင့် အချိန်ကို လဲလှယ်ခဲ့ရသည်။ 

ဤသို့နှင့် လိုအပ်သောငွေကြေးနှင့်မရှိမဖြစ်သော အချိန်တို့ကို ယှဉ်ကြည့်နေဖို့အချိန်များမရခဲ့ဘဲ။ ပရော့ဂျက်များ။ ကျောင်းသင်ခန်းစာများ Dissertation လုပ်ရန်အချိန်များကို လောက်ငှအောင် ခွဲဝေသုံးစွဲရင်း အသားကျလာချိန်တွင်တော့ စိတ်ဖိစီးမှု များသလောက် ၀င်ငွေလည်း လုံလောက်စွာကောင်းမွန်သော အလုပ်တစ်ခုက ကမ်းလင့်လို့ကြိုလာပြန်သည်။ 

ထိုအချိန်ကတော့ Dissertation က ၇၀%ရာခိုင်နှုန်းလောက်ပြီးခဲ့ပြီး ဆက်လုပ်ဖို့ရာ တစ်နေခဲ့သည့်အချိန် ထို့ကြောင့် စာတမ်းကြီးတစ်ခုစာပြုစုဖို့ အစပျိုးထားခဲ့ပြီး ..ပြန်ဝင်မည်လော။ ဆက်မလုပ်နိုင်ခဲ့လျှင် သူမရဲ့ Dissertation ကြီးမပြီးခဲ့လျှင် ဒီဂရီမရတော့မှာမို့ စာတမ်းအခြေအနေကလည်း ဘယ်လောက်ကြာမည်မသိ။ Result ထွက်ဖို့ရာလည်း တစ်နေခဲ့သည့်အချိန်မို့စိတ်တွေ ထွေပြားကာ အလုပ်ကိုလည်း လုပ်မည်မလုပ်မည်အကြောင်းမပြန်ခဲ့။ 

အလုပ်မှဖုန်းဆက်ခေါ်ပြီး စာမေးပွဲနီးပါက ခွင့်ယူခွင့်ပေးမည်ဖြစ်တာကြောင့်လက်ခံစေလိုကြောင်း ပြောလာတဲ့အခါတွင်တော့ သူမအချိန်ပြည့်အလုပ်တစ်ခုတော့ ပြန်ရောက်ခဲ့ရသည်။ ဒီတစ်ကြိမ်တွင်တော့ ပထမ အချိန်ပြည့်အလုပ်လို စိတ်ဖိစီးမှုမနည်းခဲ့။ အချိန်တိုင်းဟာ စိတ်ဖိစီးမှုများအောက်တွင် ကုန်ဆုံးခဲ့ရသည်။

နေထိုင်ခွင့် ကဒ်ကိုလည်း ကျောင်းသားကဒ်မှ ၀န်ထမ်းကဒ်သို့ကူးပြောင်းပြီးပြီမို့ အားတင်းခါပင် ၂ခုလုံးနိုင်အောင်လုပ်ရတော့သည်။ အထက်တန်းစာမေးပွဲဖြေဆိုချိန်မှာတောင် ည၁၂နာရီထက် ပိုညဥ့်နက်အောင် စာမကျက်တဲ့သူမရဲ့ ညအိပ်ချိန်များသည် စာတမ်းရေးရန်အတွက်  ရလဒ်ကြီးပြီးအောင်လုပ်ဖို့ရန်အတွက် အမြဲပဲ ၂နာရီကျော်ခဲ့ရသည်။ မနက်ရောက်လျှင် အိပ်ရာမှထလို့ စိတ်ဖိစီးမှုများစွာပြည့်နေသော အလုပ်သို့သွားရပြန်၏။

တခါတလေ ကျောင်းအီးမေးလ်ကို အလုပ်ထဲတွင် ၀င်စစ်ခိုက် ပရော်ဖက်ဆာက ကိုယ်ရေးထားတဲ့ စာတမ်းကို မကြိုက်လို့ မှတ်ချက်တွေပေးကာပြင်ခိုင်းချိန်နှင့် သူမ၏့ အလုပ်မှလည်း စိတ်ဖိစီးများ မမျှအောင် တွေ့ကြုံနေရချိန်များနှင့် တိုက်ဆိုင်လျှင်တော့ မခံစားနိုင်တဲ့စိတ်နဲ့ ဘယ်သူ့မှ ဂရုမစိုက်နိုင်တော့ဘဲ ချုံးပွဲချကာ အားပါးတရ ငိုမိတော့သည်။ လုပ်ဖော်ကိုင်ဖက် နိုင်ငံခြားသားများက ဘာများဖြစ်သလဲဟ။ ဆိုကာမေးကြမြန်းကြနှစ်သိမ့်ကြလုပ်ကြ၏။ ထိုအခါမျိုးတွင်တော့ သူမက ငိုရင်းလက်စနဲ့ ပရော်ဖက်ဆာ ပို့ထားတဲ့ အီးမေးလ်ကို လက်ညှိုးထိုးပြလိုက်သောအခါတွင်တော့ သူတို့သဘောပေါက်သွားတော့သည်။ ထိုအခါ ခွင့်ယူမလားဘာလုပ်မလည်း ဟုမေးလာတော့ သူမက ရှိုက်လက်စမရပ်တန့်နိုင်ဘဲရှိုက်ကြီးတငင်ဖြင့် ငါက ည၂နာရီထိ ရေးထားတာကို ပရော်ဖက်ဆာကြီးက မကြိုက်ဘူးတဲ့။ ဟု လက်ညှိုးတထိုးထိုးဖြင့် ရင်ဖွင့်မိတော့သည်။ 

(၉)
ထိုအချိန်မှ စ၍ စိတ်ထဲရှိတိုင်း မအောင့်အည်းတတ်ဘဲ တုံ့ပြန်တတ်သော။ စိတ်ကို ထိန်းချု့ပ်နိုင်မှုနည်းသော။ ခံစားလွယ်သော  သူမ၏ စိတ်ရင်း စရိုက်ကို လူတိုင်းသိမြင်သွားခဲ့သည်။ ( စီနီယာကတော့ သူမအား “ကလေးမဟုတ်တော့ဘူး။ စိတ်ကို တင်းထား တင်းထား“ ဟု အမြဲအားပေးလေ့ကျင့်နေခဲ့သည်မှာ ယခုထက်တိုင် ဒါပေမယ့် ယခုထိတိုင်လည်း သူမစိတ်များကို မပြောင်းလဲနိုင်ခဲ့သေးပါ)။ သို့နှင့် မအောင့်အီးနိုင်သောအချိန်များတွင် ငိုကြွေးရင်း။ ငိုက်တလှည့် စိတ်ညစ်တလှည့် ကြားမှ ကျောင်းစာများကိုလုပ်လိုက်ရင်းနှင့်…သူမ  ကျောင်းပြီးသွားခဲ့သည်။

(၁၀)
ပိုက်ဆံကို သူတပါးတိုင်းပြည်မှာ ကိုယ်တိုင်ရှာဖွေရတော့မှ စိတ်ဖိစီးမှုများနှင့် ရင်းကာရခဲ့သော ၀င်ငွေများအဖြစ် သူမတန်ဖိုးထားတတ်ခဲ့လာသည်။ 

တခါတရံ ဖုန်းဆက်မိချိန်များတွင် သူငယ်ချင်းကသူ့အိမ်ထောင်ရေး ရှေ့ရေးများကိုပြောပြတတ်သည်။ နင်လည်း ယောက်ျားယူတော့ဟု တိုက်တွန်းတတ်သေးသည်။ ထိုကဲ့သို့ တိုက်တွန်းတိုင်း “သူငယ်ချင်းရေ…. ကိုယ်က စာတွေကို သင်ယူခဲ့ရတဲ့ ကျောင်းသူလေးပဲဖြစ်ခဲ့ဖူးတာလေကွယ်။ အချစ်အကြောင်းလေး ကြေညက်အောင် အချစ်ရဲ့ကျောင်းသူလေး လုပ်ဖို့တော့ လိုလိမ့်ဦးမယ်။ ဒါမှလည်း နင်ပြောတဲ့ အိမ်ထောင်ပြုရေး ခိုင်မြဲအောင်ထိန်းသိမ်းနိုင်မှာပေါ့။“ ဟု ရယ်သွမ်းသွေးကာ ပြန်လည်စနောက်ခဲ့သည်။


တကယ့်လက်တွေ့မှာ ပညာသင်ကြားရသော့ ကျောင်းသူလေးဘ၀နှင့် စာတွေကို ကျေညက်အောင် ကြိုးစားလေ့လာသင်ယူလို့..ကံ၊ဥာဏ်၊၀ီရိယ ထပ်ပေါင်းကာ ဘ၀အသက်မွေးမှုအတွက် မြင့်မားသောခုံတစ်ခုံရရှိအောင် ကြိုးစားရမည်မှာ ဖြစ်နိုင်ပေသေးသည်။ အချစ်ရဲ့ကျောင်းသူအဖြစ် မြတ်နိုးတွယ်တာချစ်ခင်မှု၊ သစ္စာရှိမှု နှင့် မေတ္တာမပျက်ယွင်းမှုတို့ကို ကိုယ့်ခင်ပွန်းဆီက ဘ၀တစ်သက်တာလုံး မပျက်မယွင်းအောင် ထိန်းသိမ်းရရှိစေဖို့ ကြိုးစားရမည်မှာ တကယ်ရော လွယ်ပါမည်လော၊ ဖြစ်နိုင်ပါမည်လောဟု။ သူတစ်ပါးစိတ်ကို ထိန်းချုပ်ဆွဲငင်ဖို့ရာ ယုံကြည်မှုနည်းလွန်းသော သူမတွေးနေမိပါသည်။

တိမ်တစ်စရဲ့ စကားသက်သေ



မောင်
အသက် ၂၉နှစ်
၂ရက် ၁လ ၂၀၁၄ ကြာသပတေးနေ့တွင် ဘ၀တစ်ပါးသို့ကူးပြောင်းကွယ်လွန်သည်။


ကျွန်တော့်အမည်နာမနှင့်အသက်၊ ကွယ်လွန်သည့်ရက်စွဲတို့ကို ရေးထိုးစိုက်ထူထားသည့် နာမည်ကတ်ပြားလေးကို ငေးငိုင်ကြည့်ရင်းက ဆန္ဒလေးတစ်ခု ရင်တွင်းမှ ဖြစ်ပေါ်လာသည်။

နောင်ဘ၀လူပြန်ဖြစ်ခဲ့ရင် ချစ်တတ်လွန်းခြင်းမှကင်းလွတ်၍ ၊ မလွမ်းတတ်သော ၊ ကြေကွဲမဲ့သူ ဖြစ်ရပါစေဗျာ။

ဆန္ဒအတိုင်း သိစိတ်မဲ့ ခပ်တိုးတိုးရွတ်ဆိုလိုက်ပြီးမှ၊ အနီးအနားမှလူများ ကြားသွားမည်စိုးသောကြောင့် အားနာစိတ်နှင့်လှည့်ကြည့်မိသည်။ 

အင်း..ကျွန်တော်တော့ ရူးနေပြီထင်သည်။ ၀ိဥာဉ်တစ်ကောင် ရွတ်ဆိုနေသည့် ခပ်ဖွဖွအသံကို နာမ်ရုပ်တွဲနေသည့် လူသားတို့ အဘယ်မှာ ကြားနိုင်ပါမည်လဲလေ။ ဒါကြောင့် ၀တ်မှုန်က မကြာခဏ ကျွန်တော့်ကို ထောမနာပြုတာပေါ့။ “ခင်ဗျား ရူးနေသလား။ မကြောင်စမ်းပါနဲ့” လို့။

ကျောက်သားခုံပေါ်မှာ ခပ်ဆန့်ဆန့်လဲလျောင်းနေသည့် ကျွန်တော့်မျက်နှာနားတိုးကပ်ကြည့်မိတော့ နှုတ်ခမ်းတွေက နာကျင်မှုကြောင့် မကြာခဏ ဖိကိုက်ထားခံရသည့် နှုတ်ခမ်းများပီပီ ဒဏ်ရာအချို့မပြယ့်တပျယ်ရှိနေသည်။ ချစ်သူ၏ ကိုယ့်အတွက်သီးသန့်ဖြစ်သည့် လျစ်လျူပြုမှုတို့ကို ခံစားရတိုင်း ခပ်ယဲ့ယဲ့လေး နာကျင်စွာပြုံးမိစမြဲမို့ သည်အပြုံးသည်လည်း သေသည့်တိုင်အောင် ရှိနေသည်။

ကျွန်တော့်နောက်ဆုံးထွက်သက်အထိ၊ ပြီးတော့ ထွက်ပြီးသွားသည်အထိ ၀တ်မှုန်ကို စွဲလမ်းမြတ်နိုးစွာ ချစ်နေမိသေးသည်ပဲ။ နာကျင်တတ်သည့်စိတ်များ ၀တ်မှုန်နှင့်ပတ်သက်လာတိုင်း ဘယ်ဆီဘယ်ဝယ်ရောက်နေခဲ့သည် မသိတတ်တော့။

သက်မဲ့ခန္ဒာကိုယ်အနားတွင် ၀န်းရံ ငိုကြွေးနေရသူများထဲမှာ ကျွန်တော့်ကို ချစ်သောသူများရှိနေပေမယ့် ကျွန်တော် ချစ်ရသော ၀တ်မှုန်က ရှိမနေခဲ့။ ဤအခြေအနေတွေကို နေသားကျနေခဲ့သည်မှာ ကျွန်တော်ခု သေလွန်သွားသည့်အချိန်ထိပေါ့။

xxxx

“ရော့.. အလေနတ်တော လိုက်ပြီးပြန်လာတဲ့ေ-ာက်ကောင်ရဲ့။ နင့်လောက် ဆတ်ဆလူးထတာ နင်ပဲရှိတယ်။ နင်လုပ်တဲ့လုပ်ရပ် မှန်သလား မှားသလား ဦးနှောက်ရှိသူတိုင်းသိတယ်။ @#$%@#$% ”

စားပွဲပေါ်သို့ အပြစ်မဲ့စွာ ပစ်ပေါက်ခံရတဲ့ ဓာတ်ပုံလေးတွေရဲ့ ပြန့်ကျဲသွားမှုအပေါ် အံ့သြသွားရခိုက် သူမရဲ့ လှပသော နှုတ်ခမ်း၂လွှာမှ ဤသို့သော ညစ်ညမ်းသံများထွက်ကျလာခဲ့သည်။ ကျွန်တော်၏ အံ့သြမှုတို့ ထိန်းမရခြင်းနှင့်အတူ နှုတ်ခမ်းများကပါ ပို၍ ပွင့်ဟ လာခဲ့ရသည်။

ကျွန်တော်သိပ်ချစ်သော သူမသည် ကျွန်တော့်ရင်ကို ထိခိုက်စေခဲ့သော စကားကြမ်းများကို သုံးတတ်သူတဲ့လား။ ကျွန်တော်နှင့် မသက်ဆိုင်သင့်သော စကားလုံးများနှင့် ပစ်ပေါက်ရက်သူလား။ မယုံနိုင်သောစိတ်များ ဖြင့် ကျွန်တော့်အသည်းနှလုံးတဆတ်ဆတ်တုန်ခါလာသည်။ ကျွန်တော် သူမကို ဘယ်လောက်ထိ မြတ်နိုးစွာ အရိပ်ကြည့်ချစ်ခင်စုံမက်ခဲ့သလဲ သူမ မသိလေရော့သလား။

“ မင်း မောင့်ကို အဲလိုမပြောနဲ့ ၀တ်မှုန်။ မင်းစွပ်စွဲတဲ့အမျိုးသမီးကိုသာ မောင်ကြိုက်ခဲ့ရင် မင်းနဲ့မောင့်ရဲ့ဇာတ်လမ်းတောင်ဖြစ်လာနိုင်စရာအကြောင်းမရှိဘူး။”

သူမရဲ့ပစ်ခါ ကြမ်းတမ်းသော စကားလုံးရင့်ရင့်များအကြားမှာ ကျွန်တော်၏ ဖြေရှင်းချက်များက တိမ်တလှည့် မြုပ်တလှည့်။ လှိုင်းကြမ်းလှေပမာ။

သို့သော် ကျွန်တော်ချစ်လွန်းသော သူမကို မစွန့်လွှတ်နိုင်သေးသည့်အတွက်၊ အမှန်တရားကိုသာ ကျွန်တော်မြတ်နိုးသည့်အတွက် အောက်ကျလွန်းစွာ၊ တိုးတိမ်လွန်းစွာ ၊ ထို့အတူ နွမ်းလျစွာ တတွတ်တွတ်တောင်းပန်နေခဲ့သည်။ အဖြစ်မှန်ကို ၀တ်မှုန်သိစေဖို့ ကျွန်တော်ဘာမဆိုကြိုးစားရပေမည်။

ရင့်သီးသော ခပ်ကြမ်းကြမ်းစကားလုံးများသည် နှလုံးရောဂါသည် ကျွန်တော်နှင့် အကျွမ်းတ၀င်မရှိခဲ့သလို ခံနိုင်ရည်စွမ်းအားလည်းမရှိခဲ့။ သို့သော် ချစ်သောဝတ်မှုန်၏ ရင့်သီးသောစကားများကို ခံရတိုင်း ၀မ်းနည်းစိတ်နှင့် မျက်ရည်ဝဲကာ ခေါင်းငုံ့ခံခဲ့မြဲပင်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော် ၀တ်မှုန်ကို သိပ်ချစ်လွန်းလို့ ခွဲခွာရမည်ကို စိုးရိမ်လွန်းသောကြောင့်ဖြစ်၏။

ဝတ်မှုန်…..မောင်ကလေ မင်းစိတ်ဆိုးပြီး ပြောဆိုကြိမ်းမောင်းခဲ့လည်း၊ မင်းကသာ ပြန်ချော့လိုက်ရင် ၂ခါမမြောက်ခင် ပြန်ပျော့ကျသွားတတ်တာ၊ မဆွတ်ခင်က ညွှတ်ခဲ့တဲ့ ပန်းလေးတစ်ပွင့်လိုပါပဲ။ ဒါကို မင်းလေး မှတ်မိပါသေးရဲ့လား။

xxxx

“ ၀တ်မှုန် နေလို့မှကောင်းရဲ့လား။ ဘာဖြစ်နေတာလဲဟင်။ သိပ်တိတ်နေတာပဲ။ ဘာဖြစ်ချင်လဲ။ မောင်ဘာလုပ်ပေးရမလဲ။ လုပ်ပေးနိုင်တာရှိရင် ပြောနော် ”

“……………”

“လွမ်းတယ် ၀တ်မှုန်ရယ်။ သိပ်လွမ်းတာပဲ။ သိပ်ချစ်တယ်။ ၀တ်မှုန်ရော မောင့်ကိုလွမ်းလား။ ချစ်ရဲ့လားဟင်”

“……………”

ကျွန်တော့်အတွက် ၀တ်မှုန်သည် မနက်မိုးလင်းလျှင် မရှိမဖြစ်သော ၀င်သက်ထွက်သက်ကလေး။ နေရောင်ခြည်ကလေး၊ ညဖက်မိုးချုပ်လျှင် တရေးနိုးတောင် အတွေးထဲမှာ သာနေတဲ့လကလေး။ ၀င်သက်ထွက်သက်တိုင်း နီးပါးမှာ စိတ်တွင် စွဲလမ်းတွေးတော နေမိသော အသည်းနှလုံးပိုင်ရှင် ဘုရင်မကလေး။

သို့သော် ၀တ်မှုန်အတွက်ကတော့ ကျွန်တော်သည် သူမြတ်နိုးသည့် သီချင်းတွေ နှင့် သူ့ပတ်ဝန်းကျင်တွင် ၀န်းရံနေသော လူများလောက် မထိတွေ့ မပြုံးပြချင်စဖွယ်၊ ကျွန်တော်ဟာ အနီးဆုံးရှိ အဝေးဆုံးဖြစ်နေသည့် ချစ်သူတစ်ယောက်။

လူမမြင်ရသောအချိန်များတွင် စိတ်ပူစွာဖြင့်  တတွတ်တွတ် မေးမြန်းနေခိုက် စကားပြန်မလာတဲ့ ၀တ်မှုန်က တခြားတစ်ဖက်မှာတော့ သူ့အပေါင်းအဖော်များ တသောသောရယ်မောသဘောကျလို့နေသည်။ ထိုထိုမြင်ကွင်းများကို မြင်လျှင်တော့ ပုရိဿတန်မဲ့ မျက်ရည်ဝဲပြီး တိတ်တိတ်လေး လှည့်ပြန်ခဲ့ရသည့် အကြိမ်ရေတို့ကတော့ မနည်းတော့။

တကယ်တော့ မင်းဆီက မောင်ဘာမှ သိပ်အများကြီး မမျှော်လင့်ခဲ့ပါဘူး ၀တ်မှုန်ရယ်။ မင်းဝါသနာကို မင်းနဲ့အတူ ချစ်ခဲ့တာမို့ အဲ့သည့်ဝါသနာထဲကမြတ်နိုးမှုကိုတော့ ဖဲ့မယူချင်ပါဘူး။မင်းနဲ့ မောင်တစ်ထမ်းမယ်တစ်ရွက် တတ်နိုင်သလောက် အားဖြည့်ဖို့လည်း မောင့်စိတ်ကူးရှိပါတယ်။ ဒါပေမယ့် အချိန်မရှိပါဘူးလို့ ပြောထားခဲ့ပြီး ကိုယ်ကလွဲတဲ့ မိတ်ဆွေအပေါင်းအဖော်တွေကို ပေးတဲ့ အချိန်လေးထဲက ၂၀%လောက်လေးဖဲ့ပြီး မင်းချစ်တယ်လို့ ပြောခဲ့ဖူးတဲ့ မောင့်အတွက် မပေးနိုင်ဘူးလားဟင်။ လျစ်လျှူရှုမှုတွေဟာ မောင့်အတွက်ပဲ သီးသန့်ဖြစ်နေသလားလို့။

ရင်ထဲတွင် အကြိမ်ကြိမ်ပြောဆိုတောင်းခံနေခဲ့သော ဆန္ဒတို့သည် ၀တ်မှုန် ငြိုညင်မှာစိုးစိတ်ဖြင့် လည်ချောင်းဝမရောက်ခင်ပင်ပျောက်ကွယ်မြိုသိပ်ခဲ့ရသည်။ ကိုယ်သာလူ့လောကက ထွက်ခွာသွားခဲ့ပြီ။ မင်းကို အဲ့လောက်ချစ်ခဲ့တာ မင်းသိပါလေစ မောင့်ဝတ်မှုန်။

Xxxx
 “၀တ်မှုန်ကို မောင်နားလည်နိုင်မှာမဟုတ်ဘူး။ ၀တ်မှုန်ရဲ့အနုပညာအပေါ်ရူးသွပ်မှုကို မောင်သဘောထားကြီးနိုင်မယ်မဟုတ်ဘူး”

ဤသည်က နှစ်ကိုယ်တူ ချစ်သူများဘ၀မရောက်ခင်က ၀တ်မှုန်ပြောခဲ့လေသောစကား။

“နားလည်ဖို့သိပ်သေချာတာပေါ့ ၀တ်မှုန်ရယ်။ ချစ်သူရဲ့ဝါသနာကို မောင်အလေးထားစိတ်ဝင်စားရမှာပေါ့။ ဒါပေမယ့် မောင့်ဝတ်မှုန်ကို ရောနှောချဉ်းကပ်နေတဲ့ ပုရိဿတွေနဲ့တော့ သဘောထားသိပ်မကြီးချင်ဘူး။ မောင့်ချစ်သူကို မောင်သ၀န်တိုမိမှာ ”

သို့ပေမယ့်ဝတ်မှုန်သည် ကျွန်တော်သ၀န်တိုသည် မတိုသည်ကို သိပ်ဂရုမစိုက်ခဲ့။ နောက်ကွယ်မှာ ကျွန်တော်တိတ်တိတ်လေး ကြေကွဲနေသည်ကို သူမသိခဲ့။ သူယုံကြည်ရာကိုသာ ဆက်လုပ်ခဲ့သည်။ ကျွန်တော့် ခံစားချက်ဟူသည်မှာ အရေးမပါလေရော့သလား။ ထိုအချိန်မျိုးတွေမှာ ကျွန်တော်ဟာ အားလုံးကို တိတ်တိတ်ငေးကြည့်လို့ ချောင်တစ်ချောင်မှာ ၀မ်းနည်းကြေကွဲနေရုံသာ။

ဒါတွေဟာ ဟိုတုန်းကပေါ့ ၀တ်မှုန်လေးရယ်။ ခုတော့ မင်းကိုချစ်တဲ့အချစ်တွေသယ်ဆောင်ပြီး မင်းဘေးနားက မောင်ထွက်သွားပေးခဲ့ပြီလေ။

မင်းစိတ်ကို ဘယ်တော့မဆို အရည်ပျော်သွားအောင် လွှမ်းမိုးနိုင်သူနဲ့ (သို့) ပျော်ချင်တဲ့လူနဲ့ မင်း ပျော်ပါတော့။

မင်းဘ၀မှာ မောင်မရှိရင်ဖြစ်ပေမယ့်၊ မရှိရင် မဖြစ်နိုင်တဲ့ ၊ မင်းစိတ်ကျေနပ်မယ့် အရာတွေနဲ့မင်း ပျော်ပါတော့။

ဘာမှ မသက်ဆိုင်တော့ဘူး မမြင်လိုတော့ဘူးလို့ မင်းကိုယ့်ကို ထားတဲ့ အချိန်က စလို့ ၊ မိနစ်က စလို့၊ ကိုယ်လည်း မသက်ဆိုင်တော့အောင် မင်းစိတ်ကြိုက် ထွက်သွားပေးခဲ့ပြီးပြီမို့ မင်း 
ပျော်ပါတော့။

Xxx

ကိုယ့်အိပ်ခန်းထဲက အပြာရောင် ဒိုင်ယာရီထဲမှာ သူငယ်ချင်းတချို့က စပ်စုလိုစိတ်နဲ့ ရှာဖွေ ဖတ်ရှုကြည့်ကြလိမ့်မယ်။

မင်းကို ဘယ်သို့ဘယ်ပုံ မောင် ချစ်ရတာတွေကို အများမြင်သာတဲ့စာအုပ်မှာ မရေးပြရက်ပါကွယ်။ မင်းဟာ မောင့်ရင်ထဲက အနှစ်သက်ဆုံးကဗျာတစ်ပုဒ် ၊ အလှပဆုံး ပန်းချီတစ်ချပ်၊ အစွဲလန်းဆုံး သီချင်းတစ်ပုဒ်။ ဒါတွေဟာ မောင်နဲ့ မောင်သိပ်ချစ်တဲ့ ၀တ်မှုန်ပဲသိစေရမှာပေါ့လေ။ မင်းကို အများဖတ်နိုင်သွားမယ့် စာတစ်ကြောင်း အဖြစ် မောင့်မှတ်တမ်းမှာ မပြောင်းလဲ မတင်စားရက်လောက်အောင်၊  မင်းဟာ မောင့်ရင်ထဲက အလှပဆုံး ပန်းချီတစ်ချပ်အဖြစ် ဖွဲ့မမီနိုင်အောင် ချစ်တယ်။

ချစ်တယ်။

ချစ်တယ်။

မင်းကိုချစ်တဲ့ အချစ်တွေနဲ့ မောင့်ရင်ထဲအမြဲပြည့်နေလေရဲ့။

Xxx

ဟိုတစ်စု သည်တစ်စုရပ်နေကြတဲ့ လူတွေထဲက စကားသံတချို့ကြားရတယ်။

“မောင်က ၀တ်မှုန်ကို သိပ်ချစ်တာကွ။ ၀တ်မှုန်က သူ့ကို ချစ်တာမဟုတ်ဘူး။ မောင်ဆိုတာ သူ့အတွက် ဘယ်ချောင်ညပ်နေမှန်းတောင်မသိဘူး။ သူ့ကိုချစ်တဲ့ မိန်းကလေးတွေကိုကျတော့ ဒီကောင်လှည့်မကြည့်ဘူး။ ဒါကြောင့် ပြန်ခံရတာနေမှာ။ ၀ဋ်ဆိုတာနေမယ် ”

ကျွန်တော် ယောင်ယမ်း၍ နားများကို ပိတ်ပစ်မိသည်။

သူကျွန်တော့်ထက် အချို့အရာတွေကို ပိုချစ်ခဲ့မှုတွေ၊ သူ့ဝါသနာ၊ နှင့် ကျွန်တော်မှ လွဲ၍ တခြားသူတွေအပေါ် အလေးထားပေးအပ်ခဲ့တဲ့ ဂရုစိုက်မှုတွေ ၊ ပြီးတော့ သူ့ရဲ့အချိန်တွေ၊ နောက်ဘိတ်ဆုံးမှ ကျွန်တော် ရှိနေခဲ့တာတွေ၊ ဒါတွေဟာ ကျွန်တော့်ကံပေါ့လေ။

ဒါပေမယ့် ကျွန်တော့်ချစ်သူကို မြတ်နိုးလွန်းစိတ်ဖြင့် အပြစ်မတင်ခဲ့မိသလို၊ ဘယ်လိုလူမျိုးမှ အပြစ်မတင်စေရ။ မဝေဖန်စေရ။ အရာအားလုံးသည် ကျွန်တော်၏ ကံတရားသာဖြစ်၏။ ထို့ကြောင့် ကျွန်တော်လက်ခံနိုင်ခြင်း အလျဉ်းမရှိ။ တွေးရင်းနဲ့ သွေးများဆူဝေလာပြီး လေကဲ့သို့ အဟုန်ဖြင့် ပြောနေသူထံပြေးသွားခဲ့သည်။

“ ဟေ့ရောင် မင်းငါ့ဝတ်မှုန်ကို အဲ့လိုမပြောနဲ့ကွ။ ချစ်တယ်လို့ သူကိုယ်တိုင်ပြောခဲ့တာ။ ၀တ်မှုန်အချစ်ကို ငါယုံတယ်။ မပေါင်းစည်းခဲ့ရပေမယ့် ငါဝတ်မှုန်ကို သိပ်ချစ်သလို၊ ၀တ်မှုန်လည်း ငါ့ကို ချစ်မှာပဲ။ မင်းပါးစပ်ကို ပိတ်ထားလိုက်ကွာ”

သူ့ကော်လာစကို ဆွဲပြီး ကျွန်တော် ဟန့်တားလိုက်ပေမယ့် ကျွန်တော့်လက်က လေတွေကိုသာ ဖမ်းဆုပ်မိ၏။

xxxx

ဘာကြောင့် ကျွန်တော်ဟာ မကြာခဏ မေ့လျော့စွာ သတိလက်လွှတ်ပြုမူနေရသလဲ။ ကျွန်တော်က သေလူပါ။

ပစက္ခအခြေအနေကို ပြန်သတိရလိုက်တော့ ကျွန်တော် အားလုံးကို လက်လျှော့လို့ ထိန်းချုပ်လိုက်မိ၏။

xxxx

နောက်ဆုံးအနေနဲ့ပေါ့။

မောင် ဒီအရပ်မှာ နေနိုင်ခွင့်ရှိသေးတဲ့အခိုက် ရက်တို၊ နာရီတိုလေးမှာပေါ့။ အခွင့်ရှိသေးရင် မောင်သိပ်ခံစားရတိုင်း ဆိုတတ်တဲ့ သီချင်းလေးနဲ့၊ တေးသံသာလေးတွေ ဖန်ဆင်းတတ်တဲ့ မင်းနားမှာ မောင် ဆိုညည်းလိုက်ချင်သေးတယ် ၀တ်မှုန်ရယ်။

~~~~တစ်နေ့ တော့ .. ငါ့ရင်ထဲမှာ ရှိတာ မင်းမြင်မှာပါ .. တစ်နေ့ တော့ .. ငါ့ရဲ့နားလည်ခြင်းတွေ မင်း မြင်မှာပါ .. တစ်နေ့ မှာ .. အချစ်ကို နင်တွေ့ ခဲ့တဲ့အခါ .. ငါ့ကို ကိုယ်ချင်းစာ .. ငါ့လို ခံစားတတ်မှာပါ~~~~

ပျော်ပါစေတော့ ၀တ်မှုန်လေး။ဘ၀ဆိုတာ ခဏပါ။ 

မင်းစိတ်ချမ်းသာရာတွေလုပ်ပြီး မင်းစိတ်ချမ်းသာသူတွေနဲ့ ပျော်ပါစေ။ 


အမျိုးသမီးတစ်ဦး နှင့် ရှင်သန်ရာ လမ်းတစ်လျှောက်



ကိုယ့်အချစ်ကို အသုံးချလို့ မင်းကတော့ ညာခဲ့တာပဲ 
ဒါပေမယ့် မနာတတ်တဲ့ အသည်းနှလုံးလေးက မင်းဆီ အပိုင်ပါသွားခဲ့ပြီဆိုတော့ 
နေတတ်သလို နေခဲ့ဖို့ 
ကိုယ်အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။ 
 (၁)
လှပ နူးညံ့ သိမ်မွေ့ပြီး ကြွေရုပ်လေးတစ်ရုပ်လို လှပသူ အန်နေဘယ် ဟာမျိုးရိုးစဉ်ဆက် ချမ်းသာခဲ့ပြီး ဘဏ်လုပ်ငန်းနဲ့ အသက်မွေးခဲ့တဲ့ မျိုးဆက်က ပေါက်ဖွားလာခဲ့တာဖြစ်ပါတယ်။ ဖခင်ဟာ နယူးယောက်မြို့ရဲ့ ကြီးမားသော ဘဏ်ကို ပိုင်ဆိုင်သူတစ်ဦးပါ။ ၁၉၁၃ ခုနှစ် ဇန်န၀ါရီလမှာ တုတ်ကွေးကြောင့် အဖျားကြီးလွန်းတဲ့အတွက် အဆုတ်ရောင်ရောဂါအသွင် ကူးပြောင်းသွားမှာကို မိဘများက သိပ်ကို စိုးရိမ်ခဲ့ပေမယ့် ကံကောင်းထောက်မစွာပဲ ငယ်ရွယ်သေးတဲ့ သူမလေးဟာ လျင်မြန်စွာပဲရောဂါပျောက်ကင်းသွားခဲ့ပါတယ်။ ဖေဖေါ်ဝါရီ လလယ်ထဲမှာ မိသားစုလိုက် ဥရောပဖက်ကို ခရီးသွားဖို့စီစဉ်ထားခဲ့ပေမယ့် ၁လနီးပါး နေ့စဉ်ရက်ဆက် ဖျားခဲ့မှုကြောင့် အားနည်းနေလွန်းကာ ဆရာဝန်က ခရီးထွက်ခွင့်မပေးချင်ခဲ့တာမို့ အိမ်မှာပဲ အိမ်ထိန်းများနဲ့နေခဲ့ရပြီး အကိုဖြစ်သူ နှင့်မိဘ ၂ပါးတို့ဟာ မူလအစီအစဉ်တိုင်းပဲ Mauretania သင်္ဘောနဲ့ ခရီးထွက်သွားခဲ့ပါတယ်။

မိဘတွေ ခရီးသွားခိုက် ကျန်ရစ်ခဲ့တဲ့ အန်နေဘယ် က ပထမတွင် တစ်ယောက်ထဲကျန်ခဲ့သူအဖြစ် မှိုင်တွေနေခဲ့ပါသေးတယ်။ ဒါပေမယ့် ငယ်ရွယ်သည့်တိုင် အသိဥာဏ် ပိုးကြွယ်ဝတဲ့ သူမလေးက စာဖတ်ခြင်း၊ သူမ နှစ်သက်တဲ့ အချုပ်အလုပ် လေးများလုပ်ဆောင်ခြင်းတို့နဲ့ အမြဲတစေ အလုပ်ရှုပ်နေအောင် ကြံဆောင်ပြီး လွမ်းတဲ့စိတ်ကိုလျော့ပါးအောင် စွမ်းဆောင်ခဲ့သူရယ်ပါ။ သူမရဲ့ အခင်ဆုံးသူငယ်ချင်း ဟော်တီ က သူမဆီကို မကြာခဏ လာလည်ပြီး အဖော်ပြုပေးခဲ့တယ်လေ။ စာဖတ်ခြင်း ဆိုရာမှာတော့ မိခင်ဖြစ်သူ ဖတ်လေ့ရှိတဲ့ အချစ်ဇာတ်လမ်းလေးတွေထက် ဆေးပညာ နှင့် ဖခင်ဖြစ်သူရဲ့ စာကြည့်ခန်းထဲမှာ ရှိတတ်တဲ့ စွမ်းဆောင်ရည်မြင့်မားသောလူတို့အကြောင်းနဲ့ သိပ္ပံအကြောင်းများကိုသာ စိတ်ဝင်စားသူမို့ တအိမ်လုံးမှာ သူမ အနှစ်သက်ဆုံး နေရာလေးဖြစ်တဲ့ ဖခင်ရဲ့ စာဖတ်ခန်းလေးထဲမှာပဲ စာဖတ်ခြင်းနဲ့ ပျော်မွေ့နေခဲ့တာပါ။ မိဘတွေ ပြန်လာကြမယ့်ရက်က ဧပြီလ ၁၇ရက်နေ့မို့ မိဘတွေ မရှိတဲ့ ရက်ရှည် ၂လမှာ မိဘတွေကို လွမ်းနေခဲ့တာတော့ အမှန်ပါပဲ။

(၂)

ဧပြီလ ၁၅ရက်နေ့ သူမ အိပ်ယာမှ နိုးလို့ အိမ်အောက်ထပ်ကို ဆင်းလာတော့ တစ်အိမ်လုံးတိတ်ဆိတ်နေလို့ အပ်ကျသံတောင်ကြားရမတတ်ဖြစ်နေတာကို ခံစားခဲ့ရပါတယ်။ အိမ်စေတွေကိုလည်း တစ်ယောက်မှ မတွေ့တာမို့ မီးဖိုချောင် ထမင်းစားခန်းထဲ ၀င်သွားတဲ့အခါမှ အားလုံး သတင်းစာတစ်စောင်ကို ၀ိုင်းအုံကြည့်ရှုနေတာကို မြင်လိုက်ရပါတယ်။ သူမကို မြင်လိုက်တော့ သတင်းစာကို ကပျာကယာ ခေါက်သိမ်းလိုက်တာကိုလည်း မျက်စိလျင်တာကြောင့် တွေ့လိုက်ပါတယ်။ သစ္စာအရှိဆုံး အိမ်တော်ထိန်း ငိုနေတာကို မြင်ထဲက ဤအိမ်တွင် တခုခုဖြစ်နေပြီမှန်းတော့ရိပ်မိသည်။ ဒါပေမယ့် အားလုံးကို ပြုံးပြလိုက်ပြီး မင်္ဂလာမနက်ခင်းပါ လို့ နှုတ်ဆက်လိုက်ချိန်မှာ ဖခင်ဖြစ်သူရဲ့ စိတ်အချရဆုံး ၀ီလျံက စတင်ငိုကြွေးပြီး သူမဆီလျှောက်လာလို့ သတင်းစာကို ထိုးပေးလိုက်တော့မှ ခေါင်းကြီးပိုင်းမှာ အရေးကြီးဆုံးသတင်းအဖြစ်ပါလာတဲ့ တိုင်တန်းနစ် သင်္ဘောကြီး မနေ့ညက ရေခဲစိုင်နဲ့ တိုက်မိတာကြောင့် စတင်ရေမြုပ်နေပြီဆိုတာကို တွေ့ခဲ့ရပါတယ်။

စိတ်လှုပ်ရှား တုန်ယင်နေတဲ့ သူမဟာ ချက်ခြင်းပဲ White Star Office ကို သွားဖို့သတိရပြီး ဒရိုင်ဘာနဲ့အတူထွက်သွားခဲ့ပါတယ်။ လမ်းတလျှောက်တွေ့ခဲ့ရတာကတော့ တိုင်တန်းနစ် သင်္ဘောကြီးနစ်မြုပ်နေပြီဖြစ်ကြောင်း ဖော်ပြထားတဲ့ သတင်းစာတွေဟာ ပထမတန်းရောင်းအကောင်းဆုံးဖြစ်နေခြင်းပါပဲ။ White Star Office ကိုရောက်သွားတော့ သူမလိုပဲ သင်္ဘောနစ်မြုပ်စဉ်မှာ ကျန်ရစ်ခဲ့တဲ့ မိသားစုက စိုးရိမ်ပူပန်မှုများစွာနဲ့ရောက်နေကြတာ ရာပေါင်းများစွာပါပဲ။ အထဲကို ၀င်ရောက်ပြီးတာဝန်ရှိသူနဲ့တွေ့ဖို့ နာရီဝက်လောက်နီးပါး လူပေါင်းများစွာကြားမှ တိုးဝှေ့သွားပြီးမှရောက်ခဲ့ရပါတယ်။ တာဝန်ရှိသူက အပြင်ဖက်တွင် ရှင်သန်ကျန်ရစ်သူများ စာရင်းကို ပြသထားကြောင်း၊ ဤစာရင်းရရှိရန်အတွက် တိုင်တန်းနစ်  သင်္ဘောမှ ရေဒီယို အရာရှိ နှင့် သွားရောက်ကယ်ဆယ်သော ကာ့ပေသီယာ သင်္ဘောအရာရှိ များက ပူးပေါင်းကာ သတင်းပို့ပေးခြင်းဖြစ်ကြောင်းနှင့် ထပ်တိုးစာရင်းများကိုလည်း နာမည်စာရင်းရရှိတိုင်း တင်ပေးမည်ဖြစ်ကြောင်း၊ စောင့်ကြည့်ဖို့ နှင့် စိတ်သက်သာစေဖို့ပြောတာမို့ သူမတို့လည်း နာမည်စာရင်းကို မျှော်လင့်ချက်များစွာနဲ့ ကြည့်ရှုခဲ့ပါတယ်။

ဆောက်တည်ရာမရ တုန်ယင်ဝမ်းနည်း နေတဲ့ သူမဟာ နာမည်စာရင်းကို ကြိုးစားဖတ်ပေမယ့် မျက်ရည်တွေနဲ့ ပြည့်လျှံနေတာမို့ တော်တော်နဲ့မဖတ်နိုင်ခဲ့ပါဘူး။ နောက်တော့ မိခင်ရဲ့ နာမည်ကို စာရင်းရဲ့အောက်ဆုံးတစ်နေရာမှာတွေ့ခဲ့ရပါတယ်။ ဖခင်နဲ့အကိုဖြစ်သူရဲ့နာမည်ကို မျှော်လင့်ချက်အပြည့်နဲ့ထပ်ခါတလဲ ရှာပေမယ့် မတွေ့ခဲ့ရပါဘူး။ သည်တော့ စိတ်တို့ ပိုလို့သာပူလောင် လှုပ်ရှားလာခဲ့ပါတယ်။ တာဝန်ရှိသူကတော့ နောက်နာရီအနည်းငယ်အကြာမှာ ထွက်လာတဲ့ နာမည်စာရင်းမှာ ပါနိုင်ကြောင်း အားပေးခဲ့ပါတယ်။ ဒါပေမယ့် နောက်ထပ် ထွက်လာတဲ့ စာရင်းပေါင်းများစွာ ထဲမှာလည်း သူတို့ နာမည်မပါခဲ့။ သင်္ဘောကြီး လုံးဝမနစ်မြုပ်မီ ၂နာရီအလိုလောက်မှာ ကယ်ဆယ်ဖို့ရောက်သွားတဲ့ ကာ့ပေသီယာ နည်းတူ အခြားသင်္ဘောငယ်များက ကယ်ဆယ်ရန်ကြိုးစားခဲ့သော်လည်း ရေခဲတမျှအေးစက်လှတဲ့ သမုဒ္ဒရာရေထဲမှာ အသက်ရှင်နေဖို့ခက်ခဲလှတာကြောင့် သက်မဲ့ခန္ဓာကိုယ် အများစုကိုသာ တွေ့ခဲ့ရပါတယ်တဲ့။ တနေ့လုံး ဘာမှ မစားသောက်ပဲ ညနေငါးနာရီလည်းတိုင်ခဲ့ပေပြီ။ အဲ့သည့်အချိန်မှာ တာဝန်ရှိသူမှ အသက်ရှင်ကျန်သူတို့ရဲ့စာရင်းဟာ ပြီးပြည့်စုံသွားပြီဖြစ်ကြောင်း ၇၀၆ ဦးမျှသော လူများကိုသာ ကာ့ပေသီယာ မှ ကူညီကယ်တင်နိုင်ခဲ့ကြောင်း၊ အမျိုးသမီးများ နဲ့ကလေးငယ်များဖြစ်ကြောင်း။ အချို့သောကလေးငယ်များဟာ မိမိကိုယ်တိုင်နဲ့ မိဘများရဲ့အမည်နေရပ်တို့ကိုပြောပြမှတ်မိနိုင်စွမ်းမရှိကြအောင် ငယ်သေးကြောင်း၊ ကာ့ပေသီယာ သင်္ဘောကြီး နောက် ၃ရက်အကြာမှာ နယူးယောက် ဆိပ်ကမ်းကို ဆိုက်ကပ်မှာ ဖြစ်ကြောင်း တို့ကိုလည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

၃ရက်မြောက်ည။  ထူထပ်လှစွာသော ကျန်ရစ်သူမိသားစုနဲ့အတူ မိခင်ကို သွားစောင့်ကြိုနေခဲ့တော့ ကိုယ့်ရင်ခုန်သံကိုယ်  ပြန်ကြားရလောက်အောင် အားငယ်တုန်ယင် ၀မ်းနည်းနေခဲ့လေ၏။ မိခင်ဖြစ်သူ အနားကိုရောက်လာတဲ့အထိ အသက်ရှူဖို့တောင် သတိမရခဲ့ဘဲ စိတ်နဲ့လူနဲ့ကင်းကွာနေခဲ့ပြန်သည်။ မိခင်ဖြစ်သူရဲ့ မျက်နှာပေါ်မှ အပူဆွေးဆုံးသော ဆုံးရှုံးကြေကွဲမှုများကို မြင်ရတဲ့အခိုက် ဖခင်နဲ့အကိုဖြစ်သူကို တသက်ပြန်ပိုင်ဆိုင်ဖို့ မဖြစ်နိုင်တော့မှန်းသေချာသွားခဲ့ပြန်ပါ၏။ အဲ့သည့်ညမှာတော့ အထီးကျန်သွားပြီဖြစ်တဲ့ မိခင်ဖြစ်သူနဲ့ တစ်အိပ်ယာထဲအတူအိပ်ပေးပြီး အဖော်ပြုပေမယ့် သားအမိ ၂ယောက်လုံးအိပ်မပျော်ခဲ့။ မိခင်ဖြစ်သူက အသက်ကယ်လှေ နံပါတ် ၄မှာ ရှိနေခဲ့ပါတယ်တဲ့။ တ၀က်လောက်သောနေရာလွတ်တွေရှိနေပေမယ့် ဖခင်နဲ့အကိုဟာ အသက်ကယ်လှေပေါ်တက်ရောက်ဖို့ ငြင်းဆန်ခဲ့ပြီး ကျန်ရစ်နေသေးတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တို့ တက်ရောက်နိုင်ဖို့သာကူညီနေခဲ့ရင်းနဲ့ သူတို့အသက်ဆုံးရှုံးခံခဲ့တယ်တဲ့.။ ဒီအကြောင်းတွေကို မိခင်ဖြစ်သူဆီကပြန်ကြားခဲ့တော့ ဖခင်နဲ့အကိုဖြစ်သူတို့ဟာ ရဲရင့်စွန့်လွှတ်သူများပါလားလို့ သူမရဲ့ ဆုံးရှုံးမှုတို့အတွက် နှစ်သိမ့်မှုပေးနိုင်ခဲ့ရပါတယ်။

(၃)
အဲသည့်အပတ်ထဲမှာပါပဲ။  နယူးယောက်မြို့ထဲရှိ ရာကျော်သော နာရေးတို့နဲ့ ပြည့်နှက်နေတဲ့အထဲမှာ အသက်၂၄နှစ်သာ ရှိသေးတဲ့ သူမရဲ့ အကိုနဲ့ ၄၆နှစ်သာ ရှိသေးတဲ့ ဖခင်ဖြစ်သူတို့ရဲ့ အသုဘ အခမ်းအနားလည်းပါခဲ့ပါတယ်။ သားနဲ့ခင်ပွန်းကို တပြိုင်နက်ဆုံးရှုံးခဲ့ရတဲ့ မိခင်ရဲ့ သောကအပူကိုလည်း ကိုယ်ချင်းစာလို့ စိုးရိမ်ခဲ့ရပါတယ်။ အသုဘ အခမ်းအနား အပြီး ၂ပတ်အကြာ မနက်စာစားရင်းနဲ့ မိခင်ဖြစ်သူက ဆေးရုံမှာ လုပ်အားပေးလုပ်မယ့်အကြောင်း ပြောလာခဲ့တော့ ၀မ်းသာသွားခဲ့တယ်။ အနည်းဆုံး သူများတွေအတွက် စဉ်းစားခြင်း ၊ လုပ်ကိုင်ပေးခြင်းဖြင့် အချိန်များကုန်သွားကာ စိတ်ဆင်းရဲမှုများ လျော့နည်းနိုင်ပေလိမ့်မည်။ အသက်၁၅နှစ်အရွယ်ထဲက မိခင်နှင့်အတူ လုပ်အားပေးလိုက်ဖူးသူမို့ သည်တကြိမ်တွင်လည်း မိခင်ကို အဖော်ပြုလို့ လုပ်အားပေးခဲ့သည်။

အသုဘအပြီး နောက်ပိုင်းရက်သတ္တပတ်များမှာ သူမတို့အိမ်သို့ ဧည့်သည်များသတင်းမေး လာခဲ့ပါတယ်။ အဲ့သည့်ထဲမှာ ဖခင်ဖြစ်သူရဲ့ဘဏ်မှ ၀န်ထမ်း ၁ဦး လည်းလာရောက်ခဲ့ပါတယ်။ ဖခင်ရဲ့လုပ်ငန်းတွေကို မိခင်ဖြစ်သူက ဘာတစ်ခုမှ နားမလည်ခဲ့ပေမယ့် ဖခင်ရဲ့သတင်းစကားများအရ တော်သော ထက်သော (ဂျော့စ်) Josiah Millbank ၏ အကြောင်းတော့ ကောင်းစွာသိခဲ့သည်ပင်။ စကားပြောကြည့်သော အခါတွင်မှ သူသည် ယဉ်ကျေးသိမ်မွေ့သော လူတော်တစ်ယောက် ဖြစ်ပြီး ၀မ်းနည်းမှုနှင့် ပြည့်နေသော သူမတို့ဘ၀ထဲသို့ ပျော်ရွှင်စေရာ စကားများဖြင့် လာရောက်လည်ပတ်တတ်သော အထူးဧည့်သည်တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါတယ်။ ဇွန်လရောက်တော့ နယူးပို့ ရှိအိမ်တွင် အပမ်းဖြေနေကျအတိုင်း သားအမိ ၂ယောက် သွားခဲ့သည်။ မိသားစုလျော့နည်းသွားခြင်းက သိသာသော ခြောက်သွေ့သွားမှုကို ဖြစ်စေပြီး ၀မ်းနည်းမှုထိမ်းမရခြင်းကို ခံစားရစေသည်။ ဇူလိုင်လတွင် ဂျော့စ် လည်း နယူးပို့ ရှိသူ့အိမ်ရှိရာသို့ အပမ်းဖြေလာခဲ့ခြင်းကြောင့် မကြာခဏဆိုသလို သူတို့သားအမိရှိရာအိမ်သို့လာရောက်လည်ပတ်လေ့ရှိသည်။

”မာမား ဂျော့စ် က မာမားကို သဘောကျနေတာဖြစ်မယ်နော်” ဟု ဂျော့စ် ထက် ၃နှစ်ခန့်သာကြီးသော မိခင်ဖြစ်သူအားစနောက်ခဲ့၏။ သို့သော်မိခင်ဖြစ်သူက မိမိစိတ်မ၀င်စားကြောင်းနှင့် လူပျိုကြီးဖြစ်သော သူ့အား သမီးနှင့်သာ သဘောတူကြောင်း၊ ဂျော့စ် သာ သဘောကျမည်ဆိုပါက သမီးဖြစ်သူကို မိမိမျက်ကွယ်မပြုခင် လက်ဆက်စေလိုကြောင်း ပြန်လည်ပြောလေ၏။

 “ဟင့်အင်း မာမား သူက သမီးကို စိတ်မ၀င်စားတာသေချာတယ်။ ပြီးတော့ သမီးက ၁၉နှစ် သူက ၃၈နှစ် အသက်လည်း သိပ်ကွာတယ်”

“သမီး …မိန်းကလေးအများစုက သူ့လိုအရွယ်မျိုးကို လက်ဆက်ကြတယ်။ သေချာတာတစ်ခုကို မာမားပြောရဲတာက သူ သမီးကို စိတ်ဝင်စားနေတယ် ဆိုတာပဲ။ ပြီးတော့ သူက သမီးနဲ့ အသင့်တော်ဆုံးသူပဲ” ။

ရှက်လှတဲ့အတွက် အန်နေဘယ် က သူငယ်ချင်း ရှိရာ ကမ်းခြေသို့ပြေးထွက် ဆော့ကစားနေခဲ့လိုက်သည်။ ညနေခင်း ဂျော့စ် ရောက်လာခိုက် သူမတို့ သူငယ်ချင်း ၂ဦးနှင့် ညနေခင်းလမ်းလျှောက်ထွက်တော့ သူမရဲ့ လုပ်အားပေးအလုပ်အတွေ့အကြုံများ အကြောင်း နှင့် ဖြစ်နိုင်လျှင် ဆရာဝန်ဖြစ်ချင်ကြောင်းကို ပြောပြခဲ့သည်။

“မင်း မာမားကို ပြောပြပြီး ရှေ့ဆက်သင့်တယ်။ ဥာဏ်ကောင်းတာပဲ။ ရည်ရွယ်ချက်လည်း ကောင်းတယ်။ ဖြစ်နိုင်ပါတယ်“

“ဟင့်အင်း …မာမားက ဆရာဝန်လုပ်ဖို့ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်မကတော့ ဆေးပညာ စာအုပ်တွေ၊ ခွဲစိတ်နည်းစာအုပ်တွေကို အချိန်အားတိုင်း ဖတ်ပြီးလေ့လာတယ်။ အကုန်လုံးတော့ နားမလည်ဘူး။ ဒါပေမယ့် ကြိုးစားပြီးဖတ်တယ်။ ကျွန်မသာ ယောက်ျားလေးတစ်ယောက်ဆိုရင် မာမားတို့က ခွင့်ပြုမှာ။ ယောက်ျားလေးသာ ဖြစ်လိုက်ချင်တော့တယ်”

“ဖြစ်လာသမျှကို လက်ခံပြီး အကောင်းဆုံးကျင့်လိုက်ပါကွယ်။နော်”

“ ဟုတ်ကဲ့..မာမား စိတ်ပျက်စေမယ့် ကိစ္စတွေကို ကျွန်မ ဘာမှ လုပ်ဖြစ်မှာမဟုတ်ပါဘူး။ ”

ထိုညနေခင်းလေးကတော့ အန်နေဘယ် တစ်ယောက် သူမ၏ ရည်မှန်းချက်နှင့် ဆန္ဒတို့ကို အကိုကဲ့သို့ သဘောထားလို့ ရင်ဖွင့်ခဲ့သော နေ့တစ်နေ့ဖြစ်ခဲ့၏။

(၄)
အောက်တိုဘာလရဲ့ တစ်ခုသော ညနေခင်းမှာ အန်နေဘယ် ဆေးရုံသို့လုပ်အားပေးသွားခိုက် မိခင်ထံသို့ ဂျော့စ် ရောက်လာပြီး သမီးဖြစ်သူနှင့် လက်ထပ်ခွင့်တောင်းခံခဲ့သည်။ နဂိုထဲကမှ သမီးအတွက် မျက်ကွယ်မပြုခင် စိတ်ချချင်တာမို့ မိခင်က သဘောတူခဲ့ပြီး ချစ်ရေးဆိုရန် ၊ လက်ထပ်ခွင့်တောင်းခံရန် ၊ ကိစ္စအ၀၀တို့ကို ယောက္ခမ သားမက်လောင်းတို့ ၂ဦးတိုင်ပင်၍ အစီအစဉ်များ ချမှတ်ခဲ့သည်။ အန်နေဘယ် အားသိခွင့်မပေးခဲ့သေး။ ဖခင်ဖြစ်သူ၏ လက်ကို တွဲကာ မင်္ဂလာပွဲတက်ခွင့်အရေး ဆုံးရှုံးရှာသည့် သမီးငယ်အတွက် စိတ်မကောင်းဖြစ်မိ၏။

ဂျော့စ် နှင့် သူမတို့ တွေ့ဆုံပြီး တစ်နှစ်မြောက်အကြာတွင် ဖခင်ဖြစ်သူနှင့်အကိုအား တချိန်ထဲတွင် ဆုံးရှုံးခဲ့ရသော အန်နေဘယ် အတွက် ဖခင်လို တမျိုး၊ အကိုလို တစ်သွယ် နှင့် နူးညံ့ညင်သာသော ချစ်သူတစ်ဦး၏ ကြင်နာလွှမ်းမိုးမှု အပြည့်ပေးနိုင်သော ဂျော့စ် ရဲ့အချစ်ကို လက်ခံလို့ မိခင်အလိုကျ မင်္ဂလာပွဲဆင်နွှဲခဲ့၏။

သူမ၏ အရင်းနှီးဆုံး သူငယ်ချင်းမလေး ဟော်တီ က သူမ ဟန်းနီးမွန်း ထွက်သွားချိန်တွင် ကလေးမီးဖွားရန် နာရီပိုင်းမျှသာ လိုတော့၏။ ထို့ကြောင့် သူမတို့ ခရီးထွက်ရာသို့လာရောက် မနှုတ်ဆက်နိုင်။ ခင်ပွန်းဖြစ်သူကသာ လာရောက်ခဲ့၏။ သည့်နောက် အခြားသူငယ်ချင်းများနှင့် ချိန်းဆိုပြီး ဆက်သောက်ပြန်၏။ သူရှိနေလည်း ဟော်တီ အတွက် ဘာမှ မလုပ်ပေးနိုင်တဲ့အတူ အပြင်သို့သာ ထွက်သောက်နေပါသည်တဲ့။  အရက်သောက်ပြီး မူးမူးနဲ့ ပြန်လာပြီး ဟော်တီ ရဲ့ နာကျင်ငြီးတွားသံများအောက်မှာ နှစ်ခြိုက်စွာ အိပ်ပျော်သွားခိုက် ၂၆ နာရီကျော်မျှ နာကျင်ခံစားခဲ့ရတဲ့ ဟော်တီ က၁၀ပေါင် အလေးချိန်ရှိတဲ့ သူတို့ရဲ့ သားဦးလေးကို မွေးဖွားပေးခဲ့ပါတယ်။ ဤကဲ့သို့ သေလုမျောပါးနာကျင်မှုက ဟော်တီအတွက် ငရဲအလားခံစားခဲ့ရ၏။ နောက်တကြိမ် ကလေးမွေးဖို့လည်း အားအင်တို့မရဲဝံ့တော့။ သို့ပေမယ့် ယောက်ျားက နောက်တစ်ယောက်ကို မကြာခင်မှာထပ်ယူမည်ဟု ပြောပြန်သည်ဆိုတော့ သားဖောက်စက်လို သဘောထားနေသည်ဟုသာ မြင်လာတော့၏။

 အန်နေဘယ် ၏ မင်္ဂလာဦး ဟန်းနီးမွန်းခရီးက နူးညံ့ကြင်နာ ဂရုစိုက်တတ်လွန်းသော ခင်ပွန်းနှင့် အတူလက်တွဲလို့ ပျော်ရွှင်ဖွယ် ဖြစ်နေခဲ့သည်။ ဟော်တီ ၏ နာကျင်ခံစားရမှုများကို အန်နေဘယ် သိပါက ကလေးယူပြီး မိသားစုဘ၀ ဖန်တီးရမည်ကို ကြောက်ရွံ့စိုးရိမ်သွားမည် စိုးသောကြောင့် သူမမိခင်ကတော့ မသိစေလိုခဲ့။ ထို့ကြောင့် သူ့သမီးလေး ခရီးမှ ပြန်ရောက်လာသော အခါတွင် ထိုအကြောင်းအား စကားမဟခဲ့။ ကလေးကို သတင်းသွားမေးခိုက် သူမအား သားဖောက်စက်လို သဘောထားချင်သော အမျိုးသားကိစ္စကို မကျေမနပ် ရင်ဖွင့်သော ဟော်တီ ၏ စကားများကြောင့် သူမ ကလေးမွေးဖို့ တွေဝေခဲ့သည်။

ဒါပေမယ့် နူးညံ့ကြင်နာသနားတတ်သော သူမက မိသားစု ဘ၀ကိုတော့ ပိုင်ဆိုင်ချင်သေးပြန်သည်တဲ့။ အိမ်ထောင်ကျပြီးတော့လည်း သဘောထားကြီးသူ ခင်ပွန်းသည်ကြောင့် သူမ၏ ဆန္ဒအတိုင်း ဆေးရုံတွင် လုပ်အားပေးလုပ်ရင်း ဆေးပညာများကို ဆက်လက်ဆည်းပူးလေ့လာခွင့်ရခဲ့၏ ။

(၅)
သူမ ခင်ပွန်း၏ အရင်းနှီးဆုံးသော သူငယ်ချင်းအဖြစ် အမြဲအတူ ရှိနေတတ်သူ ဟန်နရီ အော်ဆွန် ကိုလည်းခင်မင်ရင်းစွဲ ရှိသည်မို့ သူငယ်ချင်း မိန်းမငယ်လေးများနှင့် ဆက်နွယ်မိစေရန်နှင့် လူပျိုကြီးဘ၀မှလွတ်စေရန် ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပေ။ နှစ်တိုင်း နည်းတူ ဇွန်လတွင် နယူးပို့ သို့သွားရောက်အပန်းဖြေသော အခါတွင် ပို၍ အထီးကျန်ဆန်သွားသော မိခင်ဖြစ်သူအတွက် အချိန်ပေးခဲ့သည်။ ၁၉၁၄ ဇူလိုင်လတွင် ( ရုရှ၊ အင်္ဂလန်၊ ပြင်သစ်တို့ဖက်နှင့် ဂျာမနီတို့ဖက်မှ ) တဖြည်းဖြည်း စတင်လောင်ကျွမ်းလာတဲ့ ပထမကမ္ဘာစစ်မီးကြောင့် အခြားနှစ်များထက် နယူးပို့ ကခြောက်သွေ့နေခဲ့သည်။ နယူးယောက်သို့ပြန်သွားသော အခါတွင်လည်း ဆေးရုံတွင် ကူးစက်ရောဂါလူနာများနှင့် အမြဲလိုပင် အလုပ်ရှုပ်နေခဲ့၏။ ထိုအတွင်း သူမ အနေဖြင့် ခွဲစိတ်မှုများတွင် ပါဝင်လေ့လာခွင့်ရခဲ့၏။

ခရစ်စမတ် အပြီးနောက်နေ့မှာ မိခင်ဖြစ်သူကို သတိတရရှိလှတာကြောင့် သွားလည်ဖြစ်တော့ တုတ်ကွေးဒဏ်စတင်ခံစားနေရတာကို သတိပြုမိခဲ့သည်။ မိခင်ဖြစ်သူကတော့ စိတ်မပူစေဖို့ အရေးမကြီးကြောင်းသာ ပြောဆိုပြီး သမီးကို ကလေးယူစေချင်ကြောင်းနဲ့ မြေးချီချင်ပြီ ဆိုတဲ့အကြောင်းတို့ကိုသာ ဦးတည်ပြောပြနေခဲ့ရဲ့။ ဒါပေမယ့် အန်နေဘယ် က သူမ၏ အဖြစ်ကို မိခင်ဖြစ်သူအားရင်ဖွင့်ရမှာ ရှက်လှ၏။ လက်ထပ်ပြီး ၁နှစ်ကျော် ကြာသည်အထိ လင်ခန်းမယားခန်း မမြောက်သေးသည်မှာ မိမိဖက်မှ ခင်ပွန်းအပေါ်မစွဲဆောင်နိုင်၍သာဖြစ်ရမည်ဟု သူမဖက်မှ ချို့ယွင်းချက်ဟု ထင်ရောက် သိမ်ငယ်ကာ မိခင်ဖြစ်သူထံလည်း ရင်မဖွင့်ရဲ။ ကလေးလိုချင်သည်မိှု့ ”တို့တွေ ကလေးဘယ်တော့ယူမလည်း” လို့မေးတိုင်း မိမိတို့ ၂ဦး အတွက် အချိန်တွေ များစွာရှိသေးကြောင်းသာ ခင်ပွန်းဖြစ်သူက အမြဲပြောဆိုခဲ့သည်။ ထို့ကြောင့် သမီးတို့ အချိန်တွေ အများကြီး ရှိပါသေးတယ် မာမားရယ် ဟုသာ ခင်ပွန်းသည် စကားကို ငှားသုံးခဲ့ရှာသည်။

မိခင်ဖြစ်သူ၏ တုပ်ကွေးရောဂါမှာ ပိုမို ဆိုးလာသည်မို့ ဆရာဝန်ပင့်ခေါ်ကုသခဲ့သော်လည်း သုံးရက်ကြာလာသည့်တိုင် ရောဂါအခြေအနေထူးခြားသက်သာခြင်းမရှိဘဲ တိုးလို့သာလာခဲ့သည်။ ဆရာဝန်က တစ်နေ့တွင် ၂ကြိမ်၊ သားမက်ဖြစ်သူက နေ့ခင်းတွေတွင် လာရောက်ကြည့်ရှုပြီး သမီးကတော့ မိခင်နားတွင် အချိန်ပြည့်စောင့်ပြီး သက်သာရာကြောင်းများ ရှာကြံ့ပုစုခဲ့လေသည်။ တနေ့ နေ့ခင်းမှာတော့ ညစဉ်ရက်စက် အိပ်ရေးပျက်ထားတဲ့ အန်နေဘယ် ကို ဂျော့စ် က နေ့ခင်းတရေးတမော အိပ်ရန်ပြောဆိုပြီး ယောက္ခမကို စောင့်နေခိုက်  ”ဂျော့စ် မင်းကိုအန်နေဘယ် ကသိပ်ချစ်တယ်။ မင်းတို့ကို သားသမီးတွေနဲ့ မိသားစုဘ၀လေး တည်ဆောက်စေချင်တယ်။ တကယ်လို့ ငါတစ်ခုခု ဖြစ်သွားခဲ့ရင် မင်း အန်နေဘယ် အနားမှာ တစ်သက်တာလုံး စောင့်ရှောက်လို့ နေသွားပါ့မယ်လို့ ကတိပေးစမ်းပါကွယ်”  

“ဟုတ်ကဲ့…ကျွန်တော် ကတိပေးပါမယ်။ ဒါပေမယ့် ဘာမှမဖြစ်ပါဘူး။နေကောင်းသွားမှာပါ။ နော်” လို့ ပြောခဲ့သည်။ အားလုံး စိုးရိမ်နေကြတဲ့ ကြားမှာပဲ အန်နေဘယ် တစ်ယောက် သူချစ်ခင်ရတဲ့ တစ်ဦးထဲသော ဆွေမျိုးအဖြစ် ကျန်ရစ်ခဲ့သူ မိခင်ကိုပါ  ၁၉၁၅ ဇန်န၀ါရီလမှာ ဆုံးရှုံးခဲ့ရပြန်ပါတယ်။ လောက အလယ်မှာ ခင်ပွန်းကလွဲလို့ မိဘဆွေမျိုးမဲ့ သူမအတွက် အရာရာသတိရစရာတွေ ပြည့်ဝနေမယ့် ဟိုး ငယ်စဉ်ကလေး ဘ၀ထဲက ကြီးပြင်းခဲ့ရတဲ့ အိမ်လေးကို ရောင်းချပစ်ပြီး အမှတ်ရ ၀မ်းနည်းစရာတွေကို သိုလှောင်ထားမှုမှ နည်းနိုင်သမျှ နည်းအောင်လည်း ခင်ပွန်းဖြစ်သူရဲ့ အကြံပေးချက်အတိုင်း သူမလိုက်နာခဲ့တယ်။ ခင်ပွန်းဖြစ်သူက လိုအပ်တာထက် ပိုမိုဂရုစိုက်လို့ ချစ်ခင်ကြင်နာခဲ့တယ်။ ဇွန်လ သို့ရောက်တော့ နယူးပို့ ဟာ သူမအတွက် အသည်းကွဲသူရဲ့ ခိုလှုံရာ ရပ်ဝန်းတွေ ဖြစ်ခဲ့ရတယ်။  

ဂျူလိုင်ရဲ့ တစ်ညမှာ ကမ်းခြေဘေးမှာ မီးလှုံနေရင်း အန်နေဘယ် ကို စကားပြောချင်တယ်လို့ ဂျော့စ် ကဆိုလာတာမို့ ထူးဆန်းခဲ့ပါတယ်။ ဂျော့စ် ကလည်း သူမကို ဒီစကားပြောချင်ခဲ့တာ လွန်ခဲ့တဲ့ ၆လထဲကပါပဲ။ ဒါပေမယ့် သူ့အမေနေမကောင်းဖြစ်တာနဲ့ နာရေးကိစ္စပေါ်လာလို့ အချိန်တစ်ခုကို စောင့်ခဲ့ရတာပါ။ ၆လဆိုတာကို အောင့်အီးသည်းခံစောင့်ပြီးတဲ့ နောက် သူဆက်မစောင့်စည်းနိုင်တော့ပါဘူး။ ကြာရင်သူရူးသွားနိုင်ပါတယ်။

“ကျွန်မဘာတွေ မှားနေလို့လည်း။ ရှင်စိတ်ပျက်အောင် ကျွန်မတစ်ခုခုများလုပ်မိလားဟင်။ ဘာဖြစ်လို့လည်း” လို့ ဘာမှ မသိရသေးခင်မှာတောင် မျက်ရည်တွေနဲ့ ပြည့်လျှံနေတဲ့ မျက်ဝန်းတွေနဲ့ မေးလာတဲ့  ၂၂ နှစ်သာ ရှိသေးတဲ့ သူမကို  ဂျော့စ် သနားမိသည်။

“တကယ်တော့ မင်းမမှားပါဘူးကွယ်။ ကိုယ်သာမှားတာ။ ကိုယ်မင်းအတွက် အကောင်းဆုံးဘ၀ကို ဖန်တီးပေးချင်ခဲ့တာ။ မင်းကို ပျော်အောင်ထားနိုင်မယ်လို့ ထင်ခဲ့တယ်။ မင်းအတွက် ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ချင်ခဲ့တယ် ဖြစ်နိုင်မယ် လို့လည်း ထင်ခဲ့တာ။ ဒါပေမယ့်…..”

“ရှင်က ခင်ပွန်းကောင်းတစ်ယောက်ပါ။ ကျွန်မအတွက် ကောင်းမွန်တဲ့ ဘ၀ကိုလည်း ပိုင်ဆိုင်စေခဲ့တာပဲ”

“မဟုတ်ဘူး..ငါမင်းအတွက် ခင်ပွန်းတာဝန်တွေ မကျေခဲ့ဘူး။ မင်းလိုချင်တဲ့ကလေးတွေ မမွေးပေးနိုင်ခဲ့ဘူး။”

”ကျွန်မတို့အတွက် အချိန်တွေ အများကြီးရှိသေးတယ်လေ”  ခင်ပွန်းဖြစ်သူ စိတ်သက်သာရာ ရစေဖို့ ထိုသို့ကလေးယူရေးဟာ အရေးမကြီးသယောင် ခပ်ပေါ့ပေါ့လေး ဖြစ်စေရန်ပြောဆိုခဲ့၏။ သူမခင်ပွန်းသည်ကို သိပ်ချစ်ပါသည်။ ၀န်ထုပ်ဝန်ပိုးလည်း မဖြစ်စေချင်ပါ။

”ကိုယ်တို့အတွက် အချိန်မရှိတော့ဘူး။ ကိုယ်တို့လက်ထပ်ထားတာလည်း ၂နှစ်နီးပါးရှိပြီ။  လင်မယားအရာလည်းမမြောက်ခဲ့ဘူး။ မင်း ကိုယ်ပြောတာကို လက်ခံလိုက်ပါ။ ကိုယ်မင်းကို ချစ်တယ်။ ဒါပေမယ့် တခြားနည်းနဲ့ ချစ်ခဲ့တာ။ သိပ်ချစ်သည့်တိုင် ကိုယ်တို့ အိမ်ထောင်ရေးက မှားခဲ့တယ်။ တကယ်တော့ ကိုယ်က…. ကိုယ်ချစ်ပြီး အတူနေချင်တာက ယောက်ျားလေးနဲ့။ ဒါကြောင့် အရင်က ဘယ်တုန်းကမှ လက်မထပ်ခဲ့တာ။ မင်းကိုတော့ သိပ်ချစ်ခဲ့မိလို့လက်ထပ်ခဲ့မိတယ်။  ကိုယ်ဆန္ဒကို လိမ်ညာထိန်းချုပ်ပြီး သဘာဝအတိုင်း ဖြစ်မယ်ထင်ပေမယ့် ကိုယ်မလုပ်ဆောင်နိုင်ခဲ့ဘူး။ ”
သက်ပြင်းရှည်ကို ချလိုက်ရင်းက “ ကိုယ်နဲ့ ဟန်နရီ  ချစ်နေကြတာ နှစ် ၂၀ ကျော်ပြီ။ ”

” ဟန်နရီ  နဲ့?”

“ဟုတ်တယ်။ သူက မင်းနဲ့ကိုယ်လက်ထပ်ပြီး ကလေးတွေလိုချင်ခဲ့တာလည်း နားလည်ပေးခဲ့တယ်။ ကိုယ်မင်းအတွက် အဖေ၊ အကို၊ သူငယ်ချင်း အားလုံးဖြစ်နိုင်သမျှ လုပ်ပေးနိုင်ခဲ့တယ်။ ဒါပေမယ့် ခင်ပွန်းအဖြစ် မစွမ်းဆောင်နိုင်ခဲ့ဘူးကွာ။ ကိုယ် ဘ၀ ၂ခုအနေနဲ့ ရှင်သန်ဖို့ ကြိုးစားခဲ့ပေမယ့် အကြိမ်တိုင်း မအောင်မြင်ခဲ့ဘူး။ နောက်ပြီး ကိုယ်တို့ သိပ်ကြာကြာမနေရတော့ဘူး။ ဟန်နရီ  ရောကိုယ်ရော ကာလသားရောဂါ ဖြစ်နေကြပြီ။ ဒါကို ဒီဇင်ဘာတုန်းက သိနေခဲ့လို့ ဖွင့်ပြောဖို့ ကြိုးစားခဲ့တာ လွန်ခဲ့တဲ့ ၆လထဲကပဲ။ ကံကောင်းဆုံးက မင်းနဲ့ကိုယ်တခါမှ ဇနီးမောင်နှံလို မနေခဲ့တော့ မင်းဆီရောဂါမကူးခဲ့ဘူး။”

”အဲ့ဒါ သေချာရဲ့လားဟင်”

”သေချာတယ်။ သိသိချင်းပြောဖို့ကြိုးစားပေမယ့် မင်းအမေ နေမကောင်းဖြစ်နေတာကြောင့်မအောင်မြင်ခဲ့ဘူး။ ဒါပေမယ့် ကိုယ်တို့ တခုခုတော့ လုပ်ရတော့မယ်”

“ဟင့်အင်း…ကျွန်မ ဘာမှ မလုပ်ချင်ဘူး။ ဘ၀ရဲ့ နောက်ဆုံး အချိန်ထိ ရှင်နဲ့ပဲ လက်ထပ်သွားချင်တယ်။ ရှင့်ကိုပဲချစ်တယ်”

“ဒါပေမယ့် ကိုယ်ခွင့်မပြုနိုင်ဘူး။ အဲ့ဒါမင်းအပေါ်မတရားရာကျတယ်။ ပြီးတော့ ကိုယ်နဲ့ ဟန်နရီ  မသေခင်မှာ လွတ်လွတ်လပ်လပ် ဆက်ချစ်သွားချင်တယ်။ မက်စီကို ကိုထွက်သွားပြီး နောက်ဆုံးအချိန်မှာ အတူရှိချင်တယ်။ ကိုယ်ရှေ့နေနဲ့ တိုင်ပင်ပြီး ကွာရှင်းဖို့အတွက် စီစဉ်ပြီးပြီ မင်းကိုယ့်ကို ကွာရှင်းခွင့်ပေးပါ။ သူများတွေ မေးလာရင် ကိုယ်က ကလေးမရနိုင်တော့တဲ့ အတွက် မင်းက ကိုယ့်ကို အဆက်ဖြတ်လိုက်တယ်လို့ပဲပြောလိုက်ပါ”  

ထိုသို့ပြောပေမယ့် သူတို့ ၂ဦးထဲမှ တစ်ဦးကဖောက်ပြန်နောက်မီးလင်းမှသာ ကွာရှင်းဖို့ ခိုင်မာသောအကြောင်းပြချက်ဖြစ်မည်ဟု သိနေခဲ့သည်ပင်။ သူကကွာရှင်းမည်ဖြစ်သောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးက သူမအား ဖောက်ပြန်လင်ငယ်နေသူအဖြစ် မြင်ကြပေဦးမည်။ သို့သော် သူမအတွက်လည်း အနှောင်ဖွဲ့ကင်းစွာဖြင့် ရှိစေဖို့ ကွာရှင်းရန်တနည်းသာရှိသည်။ မကွာရှင်းဖို့ ထပ်တလဲလဲတောင်းဆိုနေခဲ့သော အန်နေဘယ် ၏ စကားများကို ကြားနေပေမယ့် ခေါင်းမာသောသူကတော့ လုပ်သင့်သည်ထင်၍ ဆုံးဖြတ်ပြီးသည့်အတိုင်း လုပ်ပေမည်။

“ကိုယ်တို့လက်ထပ်ပြီးဆက်နေလို့တော့ မဖြစ်တော့ဘူး အန်နေဘယ် မင်းကိုဆက်ပြီးမချည်နှောင်ထားသင့်တော့ဘူး။ မင်းစိတ်ကြိုက် မိသားစုဘ၀တည်ဆောက်ပေးနိုင်မယ့်၊ ယောက်ျားကောင်းပီသမယ့် ခင်ပွန်းသည်ကိုသာ ရွေးချယ်လက်ထပ်ယူပြီး ပျော်ရွှင်ဖွယ်ဘ၀ကိုတည်ဆောက်ပါ”

 “ကျွန်မဘယ်သူနဲ့မှ လက်မထပ်ချင်ဘူး”

”ဒါပေမယ့် မင်း ကလေးတွေလိုချင်တယ်။ ဒါကို ကိုယ် ဟိုးအရင်ထဲက သိခဲ့တယ်။ လက်ထပ်ခဲ့တဲ့ နှစ်တွေမှာ မင်းရဲ့တန်ဖိုးရှိတဲ့ဘ၀ကို ဆုံးရှုံးစေခဲ့တယ်။”

သူ ဘယ်လိုပဲ ပြောပြော၊ သူမကတော့ သူ့ကို သိပ်ချစ်သည်။ အလိုရှိရာသည် သူသာလျှင်ဖြစ်သည်။ သို့ပေမယ့် သူမထံမှ သူအလိုရှိခြင်းရဲ့ အဆုံးသတ်က ကွာရှင်းခြင်းတဲ့။

”ကိုယ်မင်းကို လက်ထပ်ခဲ့ခြင်းဟာ မင်းအတွက် သိပ်ကို မတရားဖြစ်သွားခဲ့တယ်။ ကိုယ်အမှားကြီးတစ်ခုကို မင်းအပေါ်ကျူးလွန်ခဲ့တာပဲ။ ခုအချိန်က ပြင်ဆင်ဖို့အချိန်ရှိနေသေးတဲ့အတွက် ကိုယ်ပြင်ဆင်ချင်တယ်။ ကိုယ့်ကို ကွာရှင်းခွင့်ပေးပါ။”

သူ မရှိတော့တဲ့ ဘ၀မှာ သူမဘယ်လိုဆက်လက်ရပ်တည်ရတော့မလည်း၊ မိဘမဲ့ ၊ မောင်နှမဆွေမျိုးမဲ့။ ခုတော့ တလောကလုံးမှာတစ်ယောက်ထဲသော ချစ်ရသူခင်ပွန်းကပါ သူမကိုစွန့်လွှတ်သွားပေဦးတော့မည်။ သို့သော်လည်း မတတ်နိုင်ပြီ။

သူ အန်နေဘယ် ကို သိပ်ချစ်ပါသည်။ သို့သော် တခြားနည်းဖြင့် ချစ်ခဲ့ခြင်းသာ။ ဇနီးမောင်နှံခန်းရောက်ခဲ့၍ အန်နေဘယ် ကို ရောဂါ ကူးစက်စေခဲ့ရပါက သူ့ကိုယ်သူ ခွင့်လွှတ်နိုင်တော့မည်မဟုတ်။ ခုတော့ သူမလေးကို လွတ်လပ်ခွင့် ပေးနိုင်ပေပြီ။ ပျော်ရွှင်ဖွယ် မိသားစုဘ၀ကို တည်ဆောက်နိုင်ပါစေတော့။ တနေ့တော့ သူမလေး နားလည်လာပေလိမ့်မည်။

သူမကို ထား၍ ဟန်နရီ  နဲ့ရှေ့ဆက်ရန် မက်စီကို သို့ သွားပြီးနောက်တော့ သူမဘ၀တွင် ဤ အဖြစ်အပျက်သည် အဆိုးဆုံးမို့ ဒီထက် ဆိုးစရာအကြောင်းများ မရှိနိုင်ဟု ထင်မိတော့သည်။

(၆)
ဖောက်ပြန်သောကြောင့်သာ ဂျော့စ် နှင့်ကွာရှင်းရသည်ဟု ပတ်ဝန်းကျင်မှ သမုတ်ကြသော စကားတို့အတွက်လည်း အချစ်ဆုံးသူငယ်ချင်းကိုပင် သူမရှင်းပြမည်မဟုတ်။ ချစ်သော သူ့အတွက် သူမတတ်နိုင်သမျှ ကာကွယ်သွားမည်သာ။ သို့သော် သူမ၏ စာရိတ္တကို အစအဆုံး သိနေသူ သူငယ်ချင်းကတောင်  မဟုတ်ပါဘူး ဟူသော ငြင်းဆိုစကားကို နားလည်မပေးနိုင်တော့ဘဲ ”နင်နဲ့ဆက်ဆံရင် နင့်အကျင့်တွေ ငါ့ဆီကူးမှာစိုးလို့ ငါ့ယောက်ျားက နင့်ကိုအိမ်လာခွင့်ပေးတော့မှာ မဟုတ်ဘူး။ နင်ငါ့ကို နောင်ဘယ်တော့မှ မဆက်ဆံပါနဲ့တော့ ” လို့ ပြောခံခဲ့ရခြင်းကပဲ အသက် ၂၂ အရွယ် သူမကို နယူးယောက် နှင့် နယူးပို့ မှ ရာသက်ပန်လွင့်စင်သွားစေခဲ့သည်။

ပြင်သစ်သို့သွားရောက်ကာ ခက်ခဲကြမ်းတမ်းစွာနေရပြီး ကမ္ဘာစစ်အတွင်း ဒဏ်ရာရစစ်သားများ၏ အသက်ကို ကယ်ဆယ်ပေးရင်းဖြင့် ဘ၀၏ အချိန်အားလုံးကို နေရာပေါင်းစုံမှ ပါဝင်ဖြည့်ဆည်းခြင်းကပဲ သူမဖြစ်ချင်သော ဆရာဝန်ဘ၀ကို ပိုင်ဆိုင်ဖို့အခွင့်အရေးရခဲ့သည်။ အမျိုးသမီးများ ဆေးကျောင်းတက်ခွင့် ရှားပါးသောအချိန်တွင် သူမ၏ အရည်အချင်းကို သိနေခဲ့သော ဆရာဝန်ကြီးတစ်ဦးမှ ၆လအကြာတွင် ဆေးကျောင်းတက်ရန် ကူညီပေးခဲ့ခြင်းကြောင့် မျှော်လင့်ချက်ရောင်ခြည်တို့ ထွန်းတောက်ခဲ့ရ၏။

ဆေးကျောင်းတက်စဉ် အစပိုင်း ၁နှစ်အတွင်းက အတန်းဖော်ယောက်ျားလေးများအလယ်တွင် အမျိုးသမီးအဖြစ် တစ်ဦးတည်းရှိနေသော သူမအား အတန်းဖော်များက လျစ်လျှူရှုထားကြ၏။ အဖက်မလုပ်ခြင်းထက် တိုက်ခိုက်မှုများပင်ရှိခဲ့၏။ သို့သော် သူမ၏ ကြိုးစားမှု အရည်အချင်းရှိမှုနှင့် ဆေးရုံများတွင် လက်တွေ့သွားရောက်စမ်းသပ်ချိန်တွင် စိတ်ရှည်သည်းခံကာ ရရှိခဲ့သော ဆေးရုံအတွေ့အကြုံများ ဖြင့် လူနာများအပေါ် ယုယပေးဆပ်တတ်မှုများကြောင့် အတန်းဖော်သူငယ်များနှင့် လူနာများအကြားတွင် အသိအမှတ်ပြုခံဖွယ်ဖြစ်လာခဲ့ရုံမက ဆရာများ၏ သုံးသပ်ချက်အရလည်း အောင်မြင်သော ဆရာဝန်အဖြစ် အသက်မွေးနိုင်မည့် သူတစ်ယောက်အဖြစ် အားလုံးက လက်ခံအသိအမှတ်ပြုလာကြ၏။ ထိုသို့သော အပြိုင်အဆိုင် ၊ အဖက်မလုပ်မှုများကြားထဲတွင် ကြံ့ကြံ့ခံရပ်တည်နိုင်သော ၂၂နှစ်အရွယ် အမျိုးသမီးငယ် ကို စိတ်ဓာတ်ခိုင်မာသူတစ်ယောက်အဖြစ် အားကျခဲ့၏။

(၇)

၂၈ နှစ်အရွယ်တွင် ဆရာဝန်ဖြစ်ပြီဟု သတ်မှတ်ချက်ထားခဲ့သော်လည်း ကမ္ဘာစစ်မီးက သူမ၏ဘ၀ကို အလှည့်ပြောင်းများစွာဖြစ်စေခဲ့၏။  ဆေးကျောင်းမှ ကျောင်းသားများကိုပါ စစ်အတွင်းရှေ့တန်းဆေးရုံများမှာ ပါဝင်ကူညီဖို့ အစိုးရမှတောင်းဆိုခဲ့တဲ့အတွက် သူမအပါအ၀င် ဆေးကျောင်းတွင် အခင်ဆုံးသဘောထားခဲ့ရသော သူငယ်ချင်းတစ်ဦး နှင့် အခြားကျောင်းသား ၂ဦးတို့ ထွက်သွားခဲ့၏။ ကံဆိုးလှသော သူငယ်ချင်းကတော့ ရှေ့တန်းတွင် လူနာတင်ယာဉ်မောင်းနေရင်း မိုင်းထောင်ထားသောနေရာသို့ ကားဖြတ်မောင်းမိသောကြောင့် သေဆုံးသွားခဲ့၏။ သူမသည်လည်း နေ့ညမအားနိုင်အောင်ပင် များပြားလှသော တိုက်ပွဲမှ ဒဏ်ရာရ စစ်သားများကို ကယ်ဆယ်ရင်းဖြင့် ဘ၀ထဲမှ ၀မ်းနည်းဖွယ် ဖြစ်ရပ်တို့ဟာလည်း တာဝန်တွေကြားထဲမှာ ကွယ်မြုပ်နေခဲ့၏။

တစ်နေ့သောညနေမှောင်ရီပျိုးချိန်တွင်တော့ သူမ အဆောင်သို့မပြန်ခင် အနီးအနားသို့လမ်းလျှောက်ခဲ့ပါသည်။ လမ်းလျှောက်ရင်း စစ်ပွဲများ အကြောင်းကို စဉ်းစားလာခဲ့၏။ လူငယ်လေးများ တိုက်ပွဲတွင်စစ်ဒဏ်ကြောင့် သေကြရ၏။ အလောင်းတွေနှင့် ဒဏ်ရာရ စစ်သားလူငယ်လေးတွေကို သယ်ဆောင်လာရတိုင်း စစ်ဒဏ်ကို သူမစိတ်ပျက်မိသည်။  သူမထက်ငယ်ရွယ်ကြသော အမျိုးသမီးလေးများသည် သူနာပြုမလေးများအဖြစ် တာဝန်ထမ်းဆောင်နေကြရ၏။ ၂၄နှစ်အရွယ်မှာ နာကျင်ရမှုတွေကို အရွယ်နှင့် မမျှ ခံစားခဲ့ရသူပီပီ ငယ်ရွယ်သော မိန်းမငယ်လေးတစ်ယောက်၏ ခံစားချက်မျိုးပင်မရှိတော့။ ခင်ပွန်းဟောင်းမသေဆုံးခင်က ပေးပို့ခဲ့သော စာ ၂စောင်ပါ အကြောင်းအရာများ။ အမေရိကန်ပြည်ထောင်စုမှ ငယ်ဘ၀၊ အိမ်ထောင်ရေး ၊ ဆုံးရှုံးပျောက်ကွယ်ခဲ့ရသော ဘ၀ရဲ့ ပျော်ရွှင်မှု အကြောင်း တို့ကို တွေးတောရင်း ပတ်ဝန်းကျင်ကို သတိမထားမိဘဲ ခေါင်းငိုက်စိုက်ချလို့ လမ်းလျှောက်လာခဲ့ဖြစ်သည်။ မနက် ၆နာရီအချိန်မှစလို့ ယခုညလယ်အချိန် အဆောင်ပြန်သည်အထိ မရပ်မနား လုပ်ခဲ့ရလို့မို့ ညောင်းညာမောပန်းနေပါပြီ။ အဲ့သည့်အချိန်မှာပဲ အနီးအနား ကလပ်မှ အရက်သောက်ပြီး ပြန်လာသော ဗြိတိသျှလူမျိုးတစ်ဦး၏ ခေါ်သံကို ကျောဖက်ဆီမှ ကြားခဲ့ရပါသည်။ ထို့နောက်တော့ သေးသွယ်လှတဲ့ သူမရဲ့ ခန္ဓာကိုယ်ဟာ အင်အားချင်းမမျှအောင် သန်မာထွားကျိုင်းလှတဲ့ ထိုဗြိတိသျှဗိုလ်ရဲ့ အလိုမတူဘဲသားမယားအဖြစ် ပြုကျင့်ခြင်းကို ခံခဲ့ရပါတယ်။ ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းဖို့ကြိုးစားခဲ့ပေမယ့် အချည်းနှီးသာ၊ ပါးစပ်ပိတ်ထားခံရပြီး အလိုမတူ သားမယားအဖြစ် ပြုကျင့်ခံရခြင်းကြောင့် ချစ်၍လက်ထပ်ထားသော ခင်ပွန်းဖြစ်သူနှင့်တောင် အပျိုရည်မပျက်ခဲ့ရရှာသော သူမဘ၀ ဆုံးခဲ့လေပြီ။

သူ့ရင်ဘတ်တွင်ထိုးကပ်ထားသော တံဆိပ်မှ နာမည် (ဟယ်ရီ) ကို သိနေရသော်လည်း ဤအဖြစ်အပျက်ကို တိုင်ပါက သတ်ပစ်ပါမည်ဟု ခြိမ်းခြောက်သောကြောင့် မည်သူ့မှလည်း မပြောပြဖြစ်ခဲ့။ မိမိအဖြစ် မတိုင်မီကလည်း သူနာပြုမလေးများအား စစ်သားများက အလိုမတူ သားမယားပြုကျင့်ခံရမှုများ၊ ကိုယ်ဝန်ပျက်ကျ၊ ဖျက်ချမှုများ ကိုကြားသိခဲ့ရသော်လည်း ဤစစ်ကာလကြီးမှာ ဘယ်သူမှ အရေးတယူဖြေရှင်းပေးခြင်း မရှိခဲ့။ သူမ ဟယ်ရီ ၏ သွေးသားကို လွယ်ရမည်ကို ရွံမုန်းပါသည်။ ချစ်သော ဂျော့စ် ၏ သွေးသားကိုသာ လွယ်ပိုးချင်ခဲ့သူလေ။ ဖြစ်နိုင်လျှင် ဤကလေးကို မယူလို။ သို့ပေမယ့် ကလေးမှာ အပြစ်မရှိ။ ထိုထိုသော စိတ်တို့လွန်ဆွဲနေသောကြောင့် နှင့် အန္တရာယ်ကြီးလှသော ကိုယ်ဝန်ဖျက်ချမှုကို မရဲသောကြောင့် မထူးဇာတ်ခင်း၍ ကိုယ်ဝန်ကို လွယ်ပိုးခဲ့၏။

ဆေးရုံမှ နိုင်လွန်စများကို တတ်နိုင်သမျှစုဆောင်းပြီး၊ တာဝန်ချိန် လူအများရှေ့သို့ ထွက်ရမည့်အချိန်ရောက်တိုင်း အသက်ရှူရခက်ခဲလောက်အောင်ပင် ၀မ်းဗိုက်ကို တင်းကျပ်နေအောင်အထပ်ထပ်စုချည်ပြီး ကိုယ်ဝန်ကို သူများမမြင်စေရန် ဖုံးကွယ်ခဲ့သည်။ စစ်ဘေးကြောင့် လူတိုင်းအစားချွေတာရချိန်မှာ သူမကတော့ ကိုယ်ဝန်ထင်ရှားလာခြင်းကို တတ်နိုင်သမျှကာကွယ်လိုတာကြောင့် အများထက် ပိုချွေတာပြီး အသက်ရှင်ယုံသာ စားသောက်ခဲ့၏။ ကိုယ်ဝန်တဖြည်းဖြည်းရင့်လာတော့ ဟယ်ရီ  ကိုတွေ့ဆုံပြီး ကလေးအတွက် တာဝန်ခံပေးဖို့ ပြောဆိုဖို့ စဉ်းစားမိပေမယ့် အကောင်အထည်မဖော်ဖြစ်ခဲ့။ ဒီလိုနဲ့ ခါတိုင်းလိုပင် အလေးအပင်တွေ သယ်ပိုးလို့ အလုပ်တွေ မရပ်မနားလုပ်ခဲ့သည်။ ကိုယ်ဝန်၆လအကြာ တစ်ရက်မှာ လူနာဆောင်ရှေ့ဖြတ်လျှောက်သွားခိုက် လူနာစစ်သား ၂ဦးမှ ဟယ်ရီ တိုက်ပွဲတွင် ကျသွားသည်မှာ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်ကြောင်း ၊ သူဟာ သိပ်ကောင်းတဲ့ စစ်ဗိုလ်တစ်ယောက်ဖြစ်ကြောင်း ပြောဆိုနေသံကြားခဲ့၏။ သူဟာ လူကောင်းမဟုတ်ကြောင်း၊ တိရိစ္ဆာန်လို ဘီလူးသာဖြစ်ကြောင်း သူမသွားရောက်၍ အော်ဟစ်ပြောလိုက်ချင်သည်။ ထို့နောက် တကိုယ်လုံး တုန်ယင်စွာဖြင့် လူနာဆောင်ရှေ့ထွက်ပြေးခဲ့၏။ ဖခင်မဲ့သွားပြီဖြစ်သည့် ရင်သွေးလေးအတွက် စိတ်မကောင်းဖြစ်မိပေမယ့် တနည်းအားဖြင့် သူမကျေနပ်သည်။ ၄င်း၏ယုတ်မာမှုအတွက် ကိုယ်တိုင်လက်စားချေစရာမလိုပဲ ပေးဆပ်သွားရပြီ။ ထို့နောက် ရက်ပေါင်းများစွာပင်ပန်းမှုဒဏ်ကြောင့် ခွေလဲ ကျသွားခဲ့၏။ သတိရချိန်တွင် ဆရာဝန်ခန်းထဲရောက်နေခဲ့သည်။  စစ်မေးသော အချက်များထံမှ မည်သို့ပင်ဖုံးကွယ်သော်လည်း ကိုယ်ဝန်ရှိနေကြောင်း ဆရာဝန်ကသိရှိသွားပြီး ဘယ်သူမှ မရိပ်မိသေးခင်၊ ဒီမှထွက်ခွာပြီး ကလေးမီးဖွားရန်လိုအပ်ကြောင်း၊ သူတပါးမရိပ်မိစေရန်အတွက် ကျန်းမာရေး အခြေအနေအရ သူမအနားယူရန်လိုအပ်မည်ဖြစ်သည်ဟု ပြောပေးမည်ဖြစ်ကြောင်း ကူညီပေးခြင်းဖြင့် သူမ၏ အရှက်ကို ကာကွယ်ပေးခဲ့သည်။
                                                                                                   
(၈)
ထို့နောက် သူမဆေးကျောင်းတက်ခဲ့သော နေရာလေးနှင့် မနီးမဝေးတွင် အိမ်တစ်လုံးငှားသည်။ အနီးအနားမှ ဆရာဝန်ထံတွင် ကိုယ်ဝန်ကို အပ်နှံသည်။ ကလေးမီးဖွားပြီးလျှင် အကူတစ်ယောက်ခေါ်ပြီး ဆေးကျောင်းသို့ ပြန်တက်၍ ပညာပြီးဆုံးအောင် သင်ကြားဖို့ ဆန္ဒရှိသည်မို့ ဆေးကျောင်းနှင့်နီးရာ အရပ်တွင်နေထိုင်ခြင်း ဖြစ်သည်။ တိုက်ပွဲတွင် ခင်ပွန်းသည် ကျဆုံးသွားသော မုဆိုးမတစ်ဦးအနေဖြင့်နေထိုင်ခဲ့၏။ ဆေးကျောင်းတက်ဖို့ ငွေကြေး၊ အသုံးစားရိတ်၊ အိမ်ငှားစားရိတ် အားလုံးအတွက်ကတော့ ပူစရာမလိုပေ။ ဖခင် ဆုံးပါးသွားခဲ့ပြီဖြစ်သော်လည်း ဘဏ်လုပ်ငန်းကို လူယုံများနှင့်လည်ပတ်နေဆဲမို့ ဖခင်ထားခဲ့သော ငွေကြေးတို့က သူမ နှင့် ရင်သွေးတစ်သက်အတွက်ပင်ဖူလုံသေးသည်ပင်။ မွေးဖွားရ လွယ်စေရန် ညနေတိုင်း ဆေးကျောင်းအနီးရှိ ဘုရားကျောင်းဖက်သို့ လမ်းလျှောက်ထွက်သည်။ ကွယ်လွန်ပြီးခဲ့သော မိဘတို့ အတွက်နှင့် ခင်ပွန်းသည်အတွက် ဖယောင်းတိုင်ထွန်းလို့ ဆုတောင်းပေးခဲ့သည်။ မွေးဖွားရက်နီးလာတော့ ဆရာဝန်ထံသို့နောက်တဖန်သွား၍ အပ်ပြန်သည်။

တညနေမှာတော့ လမ်းလျှောက်က ပြန်လာပြီး အိပ်ပျော်သွားခဲ့သည်။ ညလယ်အချိန်တွင် ၀မ်းဗိုက်နှင့် ခါးဆီမှ ပြင်းထန်သောနာကျင်မှုကြောင့်လန့်နိုးလာခဲ့၏။ ဆရာဝန်သွားပင့်ရန်လည်း အနီးအနားတွင် မည်သူမျှမရှိ၊ ထို့အတူဖုန်းဆက်ခေါ်ရန်လည်း ဖုန်းမရှိ။ ကြောက်ရွံ့မှုများနှင့် ကယ်ကူ အားကိုးရာမဲ့စွာ နေခဲ့ရသည်။ ၈နာရီကြာမျှ ညလုံးပေါက် နာကျင်မှုပြင်းပြင်းခံစားခဲ့ရပြီးနောက် သူမ၏ အိမ်သို့ ချက်ပြုတ်သန့်ရှင်းရေး လာရောက်ကူညီလုပ်ကိုင်ပေးသည့် အိမ်နီးချင်းအန်တီမှ အဖြစ်ကိုမြင်သွားပြီး ခင်ပွန်းအားဆရာဝန်သွားပင့်ခိုင်းခဲ့သည်။ ထိုနေ့တနေ့လုံးလည်း သေလောက်သည့် နာကျင်မှုများကို တောင့်ခံခဲ့ရပြီးနောက် ည ၇နာရီနီးပါးအချိန်တွင် သမီးလေးကို မွေးဖွားနိုင်ခဲ့၏။ ခုတော့ လောက အလယ်တွင် သူမတစ်ဦးထဲ မဟုတ်တော့။ အဖော်ပြုပေးမည့် ချစ်စရာ့သမီးလေးရှိသည်။ သမီးလေးကြောင့်ပင် အားအင်တို့ ပိုတိုးပွားလာခဲ့ပြီး အရာအားလုံးကို မေ့ထားနိုင်ခဲ့၏။ သမီးလေး လသားအရွယ် (ဂျူလိုင်လ)တွင် ဆေးကျောင်းသို့ပြန်သွားပြီး ပညာပြန်သင်ခဲ့သည်။ ပညာသင်စဉ်အတွင်း  နိုဝင်ဘာ ၁၁တွင် ပထမ ကမ္ဘာစစ်ကြီး ပြီးဆုံးသွားကြောင်းကြေညာခဲ့သော အခါ ပျော်လွန်းလို့ သမီးလက်ကလေး ကိုင်ကာ မျက်ရည်ပင် ၀ဲခဲ့၏။  ၃၁ နှစ်အရွယ်တွင် ငယ်စဉ်ထဲကတောင့်တခဲ့သော ဆရာဝန်ဘ၀ကို ပိုင်ဆိုင်ခွင့်ရခဲ့တော့၏။

သူမ သမီးလေးကို သိပ်ချစ်ပါသည်။ နယူးယောက်ရှိ ဖခင်ဘဏ်မှ ပိုက်ဆံအချို့ကို ထုတ်ယူပြီး ပါရီတွင် အိမ်တစ်လုံးဝယ် ဆေးခန်းဖွင့်ကာ လူနာများကို စေတနာထား ကုသခြင်းဖြင့် ဆေးခန်းလေးအောင်မြင်လာခဲ့၏။ စကားတီတီတာတာပြောတတ်ချိန်တွင် သမီးလေးက မိခင်ဖက်မှ အဖိုးအဖွားမရှိလျှင် ဖခင်ဖက်မှ အဖိုးအဖွားကို တွေ့လိုသည်ဟူသော တောင်းဆိုချက်ကြောင့် အကူအညီလုံးဝမယူ မဆက်သွယ်ဘဲထားခဲ့သော ဟယ်ရီ ၏မိခင်ထံသို့ စာရေးကာ သူမ၏ အဖြစ်အပျက်တို့ကို ပြောပြခဲ့သည်။ အစပထမပိုင်းတွင် အမျိုးသမီးကြီးက လက်ခံလိုခြင်းမရှိုခဲ့သော်လည်း အန်နေဘယ် ၏ ပြောကြားချက်များနှင့် သားဖြစ်သူ၏ စာရိတ္တကို သိနေသောကြောင့် ကလေးအား သူမ၏ မြေးအဖြစ်ယုံကြည်လက်ခံခဲ့သည်။ ယခုတော့  သမီးလေးတွင် အဖွားရှိပေပြီ။  

နေသားကျနေခဲ့သော သူမ၏ဘ၀ထဲသို့ ရေပွက်ပမာ ရောက်ရှိလာပြန်သူတစ်ဦးက အန်တိုနီ ။ ဆရာဝန်အသိုင်းအ၀ိုင်းမှပင် ဆင်းသက်လာသော အသက် ၃၅နှစ်အရွယ် ဆရာဝန်ချော အန်တိုနီ က သူမကို လက်ထပ်ခွင့် တောင်းဆိုခဲ့သည်။ ၂ဦးသားရဲ့ အနာဂတ်၊ တည်ဆောက်လိုသော မိသားစုဘ၀၊ ကလေးဘယ်နှစ်ယောက်ယူမည်။ အစရှိသည်ဖြင့် ရှေ့ရေး တိုင်ပင်ကာ အပျော်ကြီးပျော်ခဲ့ရ၏။ သူသည် ဂျော့စ် ပြီးလျှင် အချစ်နှင့်ဝေးကွာနေသော သူမဘ၀ထဲသို့ နူးညံ့သော ချစ်ခြင်းအပြည့်သယ်ဆောင်ပေးလာသော၊ ထို့အတူ သူမ ဖန်တီးလိုသော မိသားစုဘ၀ကို ဖန်တီးရန်လိုလားတောင့်တသော ခင်ပွန်းလောင်းဖြစ်ပေ၏။ ထို့ကြောင့် ဘ၀၏ အလုံးစုံကို ဖွင့်ပြောခဲ့သည်။

ထိုအခါ….အန်တိုနီ က ၂ နှစ်နီးပါးလက်ထပ်ခဲ့သော ခင်ပွန်းဖြစ်သူနှင့် လင်မယားအရာ မမြောက်သည်မှာ မဖြစ်နိုင်၊ သူမတွင် ခင်ပွန်းထံမှ ကာလသားရောဂါ ကူးစက်နေခဲ့မည်သာ ဖြစ်သည်ဟု စွပ်စွဲပြောဆိုခဲ့သည်။ ထို့နောက် စစ်အတွင်း  သူမ အဓမ္မအကျင့်ခံရသည့် ကိစ္စအပေါ် ကိုယ်ချင်းစာ နှစ်သိမ့်မှု မရှိသည့်အပြင် ဤသို့ဖြစ်ခဲ့ရခြင်းကပင် သူမ၏ လော်လီဖောက်ပြန်မှု အမှားကြောင့်ဟု စွပ်စွဲခဲ့ပြန်၏။ တွေ့စထဲက ဘ၀အဖြစ်မှန်ကို သူ့ကို ပေးမသိစေခဲ့ခြင်းကလည်း သူမ၏ အမှားဖြစ်ခဲ့ပြန်လေသည်။ သူမ၏အသက်၊ ဘ၀ဖြစ်သော သမီးငယ်အား မိမစစ်ဖမစစ် ကလေး၊ ဟုမညှာမတာ ပြောခဲ့သည်။  ”မင်းလိုမိန်းးမမျိုးကို လက်ထပ်ဖို့မပြောနဲ့ ငါစီးတဲ့ ဖိနပ်ဦးနဲ့တောင် မထိဘူး။ ” ဟူသော စကားအပြင် ယုတ်ရင်းကြမ်းတမ်းသော စကားများဖြင့် လမ်းခွဲထားရစ်ခဲ့ပြန်၏။ ဒုတိယ ချစ်သူကိုလည်း ချစ်ပါသည်။ သို့ပေမယ့် သူ၏ ယုတ်ရင်း ကြမ်းတမ်းခက်ထန်သော စကားများကိုဖြင့် မခံနိုင်။ အဆိုးဆုံးကတော့ သမီးလေးကို မိမစစ် ဖမစစ်ဟု ပြောခြင်းကို လုံးဝခွင့်မလွှတ်နိုင်။ ကလေး၏ ဖခင်သည်တိုက်ပွဲတွင် ဆုံးပါးသွားခဲ့သော်လည်း ကလေး၏ အဖွား (ဟယ်ရီ ၏ မိခင်) က သွေးသားကို ချစ်၍ အသိမှတ်ပြုပြီးပြီဖြစ်သည်။ အန်တိုနီက သူစိတ်ရှင်းသွားစေရန် ကာလသား ရောဂါရှိမရှိ သွေးစစ်လိုက်ပါက ၂ဦးသားအရင်လိုပင် ရှေ့ဆက်နိုင်ကြမည်ဟု ပြောဆိုခဲ့သော်လည်း စကားများက နူးညံ့ညင်သာခြင်းမရှိခဲ့။ ထို့အပြင် သူပြောခဲ့သောစကားများက သူမရင်ထဲ စူးကဲ့သို့ ဆူးဝင်ခဲ့ပြီးပြီမို့ လက်သင့်မခံလိုတော့ပေပြီ။ သည်တစ်ကြိမ်တွင်လည်း ချစ်သူနှင့်ပတ်သက်သော ဒုတိယအကြိမ် အသည်းကွဲ ဝေဒနာကို ခံစားရပြန်သည်။

(၉)
သူမ မေ့ထားခဲ့သော နယူးယောက် နှင့် နယူးပို့ ကို တကယ်ဆို ပြန်မသွားချင်တော့ပေ။ သို့ပေမယ့် သမီးလေး၏ အဖွားထံ အလည်သွားခိုက် ဘ၀တွင်ကြုံတွေ့ခဲ့ရသော အဖြစ်တို့ကို ကကြီးမှ အစပြု၍ အန်တိုနီ နှင့်လမ်းခွဲခဲ့ရသည့် အခြေအနေထိပြောပြခဲ့တော့ အမျိုးသမီးကြီးက စိတ်ဓာတ်လင်းရောင်ခြည်များ ပြန်ရအောင်စွမ်းဆောင်ပေးခဲ့၏။ ချစ်ခဲ့ဖူးသူ ၂ယောက်နှင့် ပတ်သက်၍ ဖြစ်ပျက်သမျှသော ကိစ္စတို့အား သူမ၏ အမှားဟုပင်သတ်မှတ်ခြင်းခံခဲ့ရ၏။ ဂျော့စ် နှင့် ကွာရှင်းပြီးနောက် ပြင်သစ်သို့ ထွက်သွားသည့်အခါတုန်းကလည်း နောက်အမျိုးသားတစ်ယောက်နှင့် ပြင်သစ်သို့ ထွက်ပြေးလိုက်သွားသည်ဟုသာ သူမကို သမုတ်ခဲ့ကြသည်။ ဤအမျိုးသမီးကြီးသာလျှင် ကိုယ်ချင်းစာတရားအပြည့်နှင့် အမှန်တိုင်း လက်ခံပေးခဲ့သူဖြစ်သည်။

”တခါတလေမှာ လူတွေဟာ မိုက်မဲတတ်ကြတယ်။ မင်းခင်ပွန်းက မင်းကို ဖောက်ပြန်သူမိန်းမတစ်ယောက်အသွင် လူပုံအလယ်မှာထင်ယောင်မှားစေတဲ့ အဖြစ်ကျရောက်အောင် မရည်ရွယ်ခဲ့ပေမယ့် ခုလိုကွာရှင်းခြင်းကြောင့်လည်း ဖြစ်စေခဲ့ပြီးပြီ။ တကယ်တော့ ယောက်ျားတွေဟာ အဲ့သည့်အချိန်တွေမှာ တကိုယ်ကောင်းသိပ်ဆန်တတ်ကြတယ်။ လူတွေရဲ့အထင်ကိုလည်း လွယ်ကူစွာ ဖျက်နိုင်လိမ့်မှာ မဟုတ်ဘူး။ တနည်းပဲရှိတယ်။ အမှန်ကို သိနေတာကမင်းပဲဖြစ်တော့ သဘောထားကျဉ်းမြောင်းသူတို့ရဲ့ စကားကို မင်းစိတ်ထဲမထည့်ဘဲ သူတို့စကားမှန်သမျှကို ဘာကိုမှ ဂရုမစိုက်ပါနဲ့။ သမီးလေးကိုလည်း သူ့ရဲ့ သမိုင်းတနေရာဖြစ်တဲ့ နယူးယောက်ကို ခေါ်သွားရမယ်။ မင်းပိုင်သမျှ ငါပိုင်သမျှဟာ တချိန်မှာ သူပဲပိုင်ဆိုင်ရမှာ။ အဲ့ဒါတွေနဲ့ သူ့ကိုရင်းနှီးကျွမ်းဝင်ခွင့်ပေးရမယ်။ မင်းနယူးယောက်ကို မကြာခဏအလည်ပြန်ပြီးသမီးလေးကို ပို့ပေးပါ”

အမျိုးသမီးကြီးထံမှ အပြန် ပဲရစ်သို့ပြန်ရောက်တော့ ဇွန်လတွင် နယူးယောက် သို့ ပြန်သွားခဲ့သည်။ သင်္ဘောစီးသွားသော လမ်းခရီးတွင် သမီးဖြစ်သူအား အဖိုးအဖွားနှင့်ဦးလေးဖြစ်သူတို့ ဤသို့ ပြင်သစ်နှင့် အမေရိကန်ခရီးသွားရင်း တိုင်တန်းနစ် သင်္ဘောနစ်မြုပ်ခြင်းကြောင့် ကွယ်လွန်သွားခြင်းဖြစ်ကြောင်းရှင်းပြခဲ့သည်။ ကြီးလာလျှင် မိခင်ကဲ့သို့ ဆရာဝန်ဖြစ်ချင်သည့် သမီးငယ်လေးက လမ်းခရီးတလျှောက် ပျော်ရွှင်နေသည်။ သင်္ဘောပေါ်တွင် သူမ၏ မိခင်ဖြစ်သူနှင့် မိတ်ဆွေဖြစ်ခဲ့ဖူးပြီး သူမအား အများနည်းသူ နောက်မီးလင်းသူဟု အထင်ရောက်ခဲ့သည့် မိသားစုနှင့် တွေ့ခဲ့သော်လည်း သမီလေး၏ အဖွားစကား ကြားယောင်ကာ အပြုံးမပျက်သွားရောက်၍ပင် နှုတ်ဆက်နိုင်ခဲ့သည်။

ယခု အန်နေဘယ် သည် အရင်ကလို လူတွေမြင်လျှင် သမုတ်မှာ စိုးကြောက်လို့ ထွက်ပြေးရှောင်ပုန်းမည့် အသက် ၂၁နှစ်အရွယ် မိန်းမပျိုလေး မဟုတ်တော့။ အမှန်တရားကို ရင်မှာ ပိုက်လို့ အရာရာကို အပြုံးနှင့် ရင်ဆိုင်ဖို့ အားတင်းထားသူ ၃၂နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဖြစ်နေပေပြီ။

နယူးယောက်ရှိ မိမိငယ်စဉ်ကလေးဘ၀မှစ၍ အိမ်ထောင်မပြုခင်အချိန်ထိ နေခဲ့သော (မိခင်ဖြစ်သူ ခေါင်းချခဲ့သည်လည်းဖြစ်သော) အိမ်လေးရှေ့တွင် အကြာကြီးရပ်လို့ သမီးငယ်ကို ပြကာ ငယ်စဉ်ကလေးဘ၀အကြောင်းတို့ကို ရှင်းပြပေးခဲ့သည်။ သမီးလေးအား မိမိတို့ပိုင် ဘဏ်။ နယူးယောက် ရှိ အထင်ကရနေရာများ၊ မိခင်ဖြစ်သူ၏ အုတ်ဂူနေရာတို့ကို ပို့ပေးခဲ့၏။ ထို့နောက်တွင်တော့ နယူးပို့ ရှိသူမတို့ နှစ်တိုင်း အပန်းဖြေရာ အိမ်လေးသို့ သွားရောက်ခဲ့တော့ အိမ်ထိန်းများနှင့် အစေခံများအားလုံး ၀မ်းသာ ၀မ်းနည်းဖြစ်ကြရသည်။ နယူးပို့ ကမ်းခြေလေးတွင် သမီးငယ်၏ ဖခင် မဟုတ်သော ချစ်သူ(ဂျော့စ်) နှင့်လက်ထပ်ခဲ့သော အကြောင်းများမှ အစပြု၍ သူမအပေါ် နယူးပို့ နှင့် နယူးယောက် မှ လူများ သတ်မှတ် သမုတ်ကြသော ဘ၀မှန်ကို သမီးငယ်လေးအားဖွင့်ပြောခဲ့သည်။

ထိုသို့အမှန်တိုင်းဖွင့်ပြောခြင်းကြောင့် နားလည်သူ တစ်ဦး ထပ်တိုးခဲ့ပြန်သည်။ ထိုသူကတော့ သမီးလေး။ ခုတော့ ဘ၀တွင် ဘယ်သူ့ကိုမှ ဘာလျို့ဝှက်ချက်မှ မထားလိုတော့။ အမှန်တရား မဟုတ်သော အရာတစ်ခုကိုသာ သမီးလေးအပေါ်ညာခဲ့သလိုချန်လှပ်ထားခဲ့သည်။ ဤသည်ကတော့ သူမနှင့် သမီးလေးဖခင်တို့လက်ထပ်ခဲ့သည်ဟု ပြောခဲ့ခြင်းပင်။ သို့ပေမယ့် အရွယ်ရောက်၍ သမီးလေး ခံနိုင်ရည် ရှိချိန်တွင်တော့ (သမီးလေး၏ ဖခင်သည် သူမအပေါ် မတရားပြုကျင့်သည်ကို ကလေးငယ်၏ ရင်ထဲတွင် မစွဲမှတ်စေလို သဖြင့်) သူမတို့ ၂ဦးလက်မထပ်ဖြစ်သည့် အကြောင်းကိုတော့ အမှန်အတိုင်းပေးသိရပေမည်။

ကလေး ၆ယောက်မိခင်ဖြစ်ကာ ပုံပန်းပျက် ၀နေခဲ့သော ငယ်စဉ်က ချောမောသူအဖြစ်လူသိခဲ့သော အချစ်ဆုံးသူငယ်ချင်း ဟော်တီ ကို ကမ်းခြေတွင် တွေ့တော့လည်း အပြုံးမပျက်ရင်ဆိုင်နိုင်ခဲ့သည်။ သမီးလေးကတော့ သူ့မိခင်အား စွပ်စွဲခဲ့သူအဖြစ် ဟော်တီ အား စူးရဲတောက်ပြောင်သော မျက်လုံးအစုံဖြင့် သတိအနေထားကာ စောင့်ကြည့်နေ၏။ ဘယ်သူလာထိထိ ကာကွယ်မည့် သမီးလေးတစ်ယောက် ရှိနေပြီမို့ ဘယ်သူဘာပြောပြော လောက ကိုရင်ဆိုင်ရန်ခွန်အားပြည့်ဝပြီဖြစ်၏။

(၁၀)
ပဲရစ်သို့ ပြန်ချိန်ရောက်တော့ ၀မ်းနည်းကျန်ရစ်ကြသည့် အိမ်ထိန်းများအားလုံးကို ကျောင်းပိတ်ရက်တိုင်း ပြန်လာလည်မည်ဖြစ်ကြောင်း ကတိပေး ပြောခဲ့ပြီး သားအမိတတွေ သင်္ဘောကြီးစီးလို့ ပျော်ရွှင်စွာပြန်ခဲ့ကြသည်။ ခရီးစဉ်တလျှောက် ပဲရစ်တွင် အခြေချနေထိုင်သော အမေရိကန် စာနယ်ဇင်းသမား တစ်ယောက်က စိတ်ဝင်စား၍ ချဉ်းကပ်လာသောအခါတွင်လည်း သူမသည် ဂျော့စ် နှင့်လက်ထပ်ခဲ့သည်။ သမီးလေး၏ ဖခင်နှင့်သူမသည် လက်ထပ်ခဲ့ခြင်း မရှိ။ စသည်ဖြင့် အမှန်ကိုသာ ပြောခဲ့သည်။ မည်သူ့ကိုမျှ မညာချင် လျို့ဝှက်မထားချင်တော့။

သူကလည်း စစ်အတွင်းမှာ သတင်းလိုက်ရင်း ဗြိတိသျှလူမျိုး သူနာပြုမလေးတစ်ဦးနှင့် ချစ်ကြိုက်ခဲ့ပြီး စစ်ကြီးအပြီးတွင် လက်ထပ်ကြရန်စီစဉ်ထားပြီးမှ စစ်အတွင်းတွင်ချစ်သူဆုံးပါးသွားကြောင်း ပြောဆိုပြခဲ့၏။ သူတို့ တစ်ဦး၏ဘ၀ကို တစ်ဦး အပြန်အလှန် နားလည်ခဲ့ကြသည်။ တကယ်တော့ သူတို့ ၂ဦးစလုံးကောင်းမွန်သော သူများသာဖြစ်ကြပေ၏။

။။။။။။။။။။


အန်နေဘယ် သည် အသက်အားဖြင့် သူမထက်ကြီးသော၊ လူကြီးလူကောင်းပီသ သကဲ့သို့ နားလည်ခွင့်လွှတ်မှုများစွာဖြင့် ကြင်နာတတ်သော ခင်ပွန်းကို ပိုင်ဆိုင်ရသည်မို့ သူမလေး ကံကောင်းမည်ဟု ကျွန်မထင်ခဲ့ခြင်းက မှားယွင်းကြောင်းကို ဆက်ဖတ်မိသော အကြောင်းအရာများက ဤသို့ဤနှယ်ပင် သက်သေပြခဲ့၏။

၁၉နှစ်အရွယ် အန်နေဘယ် ဟာ ရွှေဇွန်းကိုက်ပြီး မွေးလာရတဲ့ မိသားစုမှာကြီးပြင်းလာခဲ့ရပေမယ့် တိုင်တန်းနစ် သင်္ဘောကြီး မှောက်သွားပြီးသည်မှ အစပြုလို့ သူမဘ၀ဟာ ဆိုးရွားသွားခဲ့ရ၏။ ဒါပေမယ့် ဆေးရုံမှာ လုပ်အားပေးအလုပ်တွေလုပ်ရင်းနဲ့ ဘ၀ကို  နှစ်မြုပ်ပစ်ခဲ့သည်။ သူမရဲ့ ပထမဆုံး အိမ်ထောင်ရေးဟာ ချမ်းမြေ့ဖွယ်အတိနဲ့ ဘ၀တစ်လျှောက်လုံး ရွှေလက်တွဲသွားနိုင်မယ်ထင်ခဲ့ရပြီှး၊ ၂နှစ်ကြာ ပေါင်းဖက်ခဲ့ပြီးမှ အမျိုးသားဟာ တခြားတပါးသော ယောက်ျားတစ်ယောက်နဲ့ နှစ်ပေါင်း ၂၀ကျော် ပေါင်းဖက်နေခဲ့တဲ့အကြောင်းကို သိခဲ့ရ၏။ ၀န်းကျင်အလယ်မှာ သူမဟာ သစ္စာဖောက် နောက်မီးလင်းသူအဖြစ် အားလုံးက ကဲ့ရဲ့အတင်းဆိုကြလို့ နောက်ဆုံး သူငယ်ချင်းအရင်းကတောင် မဆက်ဆံလိုတော့ကြောင့် အပြောခံခဲ့ရပြန်သည်။ ဒါတွေကို ဖတ်ရတော့ သူမလေးအတွက် ရင်မောမှုတို့ လှိုက်တက်ခဲ့ရ၏။ အဲ့သည့် အခြေအနေတွေက ထွက်ပြေးလွတ်မြောက်ချင်လို့ သူမကို ဘယ်သူမှမသိနိုင်တဲ့ ပြင်သစ်ကို သွားရောက်ပြီး ဘ၀ကိုမြုပ်နှံလိုက်ဖို့ ကြိုးစားခဲ့ရှာသော်လည်း ကမ္ဘာစစ် ကြားထဲက အလှည့်အပြောင်းများကလည်း စိတ်မချမ်းမြေ့ဖွယ်ရာ။ 

တကယ်တော့ လက်ထပ်ခြင်းဆိုတာကို ဘ၀တစ်ခုလုံး၏ အရေးကြီးသည့်အစိတ်အပိုင်းများထဲမှ တစ်ခုအဖြစ် ကျွန်မမြင်သည်။ လူသား ၂ဦးပေါင်းဖက်၍ တစ်ဦးကို တစ်ဦးနားလည် ဖေးမလို့ နေ၀င်ချိန်များ အထိ ရွှေလက်တွဲသွားဖို့ ရည်ရွယ်ပြီး လမ်းတစ်ခုကို အတူလျှောက်လှမ်းခြင်းဟု သတ်မှတ်သည်။ ထိုသို့ အရေးကြီးသော အစိတ်အပိုင်းတစ်ခုကိုမှ (ဘ၀ ၂ခုလုံးကို တပြိုင်နက်ထဲ ကိုင်တွယ်ရှင်သန်နိုင်မည်ဟု) မိမိကိုယ်ကိုယ် မရေရာဘဲ မသေချာသော အတွေးများဖြင့် အန်နေဘယ် ၏ တန်ဖိုးရှိသော အချိန်များကို ဂျော့စ်က တိတ်တဆိတ်ခိုးယူ သွားခြင်းကို ကျွန်မအနေဖြင့် စိတ်ကွက်ခဲ့၏။ နှစ်ပေါင်း ၂၀ကျော်တိုင်အောင် အမျိုးသားတစ်ဦးနှင့် ချစ်ကြိုးသွယ်နေခဲ့ခြင်းကို နှစ်ခြိုက်နေသည်ဆိုကတည်းက သူ၏ စိတ်ကို သူဖာသာ ပြန်ဖတ်နိုင်ရပေမည်။ အန်တိုနီ ချစ်ခွင့်ပန်သော အချိန်ကတည်းက မိမိဘ၀အကြောင်းမှန်ကို အန်နေဘယ် ကချက်ခြင်း ပေးမသိလေသောကြောင့် သဘောမကျနိုင်။ သို့သော် ထိုအချက်များကပင် ဇာတ်လမ်း၏ မြှုပ်ကွက်များအဖြစ်ဆွဲခေါ်သွားခဲ့၏။ ထိုအထဲမှ စိတ်လှုပ်ရှား ထိတ်လန့်စရာ စစ်အတွင်းကအကြောင်းအရာတွေ ၊ တိုင်တန်းနစ် ကြောင့် ကျန်ရစ်သူဆွေမျိုးတွေရဲ့ အပူတွေ။ ရုန်းကန်ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘ၀ဖြစ်တည်မှုအလှည့်အပြောင်းတွေ၊ ပြောင်းလဲတတ်သော လူတို့ရဲ့ စိတ်သဘောထားတွေ။ လောကရဲ့ လှည့်ကွက်တွေကို စာအုပ်ထဲက အသေးစိတ်အချက်အလက်တွေက ဆွဲခေါ်သွားခဲ့လို့ ကျွန်မ မသိသေးတဲ့ အကြောင်းအရာအချို့ကို သိရှိခွင့်ရခဲ့တာမို့ ကျွန်မ နှစ်ခြိုက်မိ၏။

စာအုပ်အစပိုင်းကို ဖတ်ခဲ့စဉ်က ဗြိတိသျှနိုင်ငံသားမိတ်ဆွေတစ်ဦး၏ စကားကို ကြားယောင်မိတော့ ပြုံးမိခဲ့သေးသည်။ ” ငါတို့ ဗြိတိသျှလူမျိုးတွေနဲ့ အမေရိကန်လူမျိုးတွေရဲ့ဇာတ်ကောင်တွေ ကွဲပြားချက်က …အမေရိကန် ဇာတ်ကောင်မင်းသမီးတွေဆိုရင် သူတို့ဟာ အကောင်းမွန်ဆုံးတွေနဲ့ ပြည့်နှက်နေကြတာ။ ချောရမယ်။ ပညာတတ်ရမယ်။ ပိုက်ဆံရှိရမယ်။ ကြီးကျယ်ခမ်းနားတဲ့ မျိုးဆက်ပေါ့။ တို့တွေ ရဲ့ဇာတ်ကောင်တွေကတော့ ရုပ်ချောဖို့ မလိုဘူး။ သဘာဝကျကျ သရုပ်ဆောင်နိုင်ရင်သာ ရပြီ” တဲ့။

ချမ်းသာသော မိသားစုမှ ပေါက်ဖွားခဲ့သည့် အန်နေဘယ်က သူပြောခဲ့ဖူးသည့် ဇာတ်ကောင်အမျိုးအစားပင်။ သို့ပေမယ့် သူမအတွက် ချောမွေ့သော ပန်းခင်းလမ်းက တလျှောက်လုံးမရှိခဲ့။ ကြားထဲတွင် ဆူးခလုတ် ဖြင့် ပြည့်နေသော လမ်းများတွင် လျှောက်ရသေးသည်။

အသက်ဝင်နေသော ဇာတ်ကောင်များနှင့် ရင်းနှီးလိုမှုကြောင့် ရုပ်ရှင်ကြည့်လိုခဲ့သော်လည်း A Good Woman ဟူသော အမည်နာမ နှင့် ကွဲပြားသော ဇာတ်လမ်းကိုသာတွေ့ရသည်မို့ ကျွန်မ မကြည့်ဖြစ်ခဲ့။ Danielle Steel ရေးသားခဲ့သော စာအုပ်များထဲမှ ဤစာအုပ်အား သမိုင်းနှင့် တိုင်တန်းနစ် အတွေ့အကြုံအချို့ကိုလေ့လာခွင့်ရရှိမှုကြောင့်  ကြိုက်နှစ်သက်သူများရှိသကဲ့သို့ တချို့ကတော့ မနှစ်သက်ကြ။ စာမျက်နှာပေါင်း ၄၀၀ ကျော်တွင် အသေးစိတ်ကိုရေးသားဖော်ပြထားသောကြောင့် အချို့အခြင်းအရာများက ထပ်သည်ထင်ရပေမယ့် ထိုအကြောင်းများကပင် ကျွန်မတို့ မသိသေးသော အချက်များနှင့် နှစ်သက် သဘောကျစရာ စကားတချို့ကို ထိတွေ့စေသည်။ လူတစ်ကိုယ် အကြိုက်တစ်မျိုးစီပင်။ အဓိက ကတော့ စာဖတ်ခြင်းမှ အတွေး၊ ဗဟုသုတ၊ ရသ အနည်းဆုံး တခုခုလောက် ရရှိခဲ့လျှင်ပင် စာဖတ်ရကျိုး နပ်ပေမည်။

ဟော်တီ နှင့် အန်နေဘယ် တို့ရဲ့ မိခင်များအဖြစ်ရရှိဖို့နာကျင်ခံစားရမှုများ (ကလေးမီးဖွားပုံများ) ကို ဖော်ပြထားခဲ့တော့မိခင်တို့၏ ကျေးဇူးကို ခံစားသိရှိရစေရန် မီးမောင်းထိုးပေးသကဲ့သို့ရှိသည်။ ဇာတ်သိမ်းခန်းကတော့ အန်နေဘယ် အတွက် ပျော်ရွှင်ဖွယ်မိသားစုဘ၀လေးကို ပိုင်ဆိုင်စေလိုသော ပရိသတ်များအတွက် ကြည်နူးမှုအပြည့်အ၀ပေးနိုင်မည်မဟုတ်ပေ။ ဥရောပရှိ သင်္ဘောဆိပ်ကမ်းသို့ သင်္ဘောကပ်ခါနီး မနက် သူမ နှင့် အမေရိကန် စာနယ်ဇင်းသမားတို့ ၂ဦး မနက်ခင်းတွင် နှုတ်ဆက်ကြပြီး  သူတို့ကို ကောင်းမွန်သော လူသား၂ယောက်နှင့် ကောင်းမွန်သော ဘ၀များဟုသာ မှတ်ချက်ပေး အဆုံးသတ်ထားတော့ ကျွန်မအနေနှင့် သိပ်အားမရချင်။

သို့ပေမယ့် တခါတရံ ကိုယ်ရေးကိုယ်တာကြောင့် ၀မ်းနည်းအားငယ်ရ၍၊ အလုပ်တွင်စိတ်ဖိစီးမှုများလွန်း၍၊ စိတ်ဓာတ်ကျနေသည့်အချိန်တို့ရှိလာလျှင်တော့ ၊ ရည်မှန်းချက်အတိုင်း ဆရာဝန်ဘ၀ကိုရောက်ရှိအောင် မဆုတ်မနစ်ဇွဲဖြင့် ကြိုးစားခဲ့သော၊ မိသားစု ဆုံးရှုံးသွားသကဲ့သို့ ချစ်သောသူများ၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသော၊ စစ်အတွင်း ဒုက္ခပေါင်းများစွာရင်ဆိုင်ကြုံတွေ့ခဲ့ရသော်လည်း ဖြေရှင်းရပ်တည်နိုင်ခဲ့သော အန်နေဘယ် ၏ ကြံ့ကြံ့ခိုင်ပုံကို ပြန်လည်မြင်ယောင်လို့မို့ ကျွန်မတို့ ဘ၀တွင် ရှောင်တခင်ကြုံတွေ့ရသော ကိစ္စပြသနာတို့သည် သူမလောက်တော့ မဆိုးဝါးသေးပေဟု နှလုံးသွင်း၍ယိုင်လဲထိုးကျနေသည့် စိတ်ဓာတ်တို့ကို ပြန်လည်မြှင့်တင်ချင်စိတ်တော့ အနည်းဆုံးရရှိသေးသည်မို့ ဤစာအုပ်လေးကို ကျွန်မဖတ်ခဲ့ရကြိုးနပ်ပေသေးသည်။ 

ကြည်ဖြူပိုင်
၂၄-သြဂုတ်-၂၀၁၃
ညနေ ၅နာရီ ၂၀မိနစ်