Friday, April 18, 2014

တိမ်တစ်စရဲ့ စကားသက်သေ



မောင်
အသက် ၂၉နှစ်
၂ရက် ၁လ ၂၀၁၄ ကြာသပတေးနေ့တွင် ဘ၀တစ်ပါးသို့ကူးပြောင်းကွယ်လွန်သည်။


ကျွန်တော့်အမည်နာမနှင့်အသက်၊ ကွယ်လွန်သည့်ရက်စွဲတို့ကို ရေးထိုးစိုက်ထူထားသည့် နာမည်ကတ်ပြားလေးကို ငေးငိုင်ကြည့်ရင်းက ဆန္ဒလေးတစ်ခု ရင်တွင်းမှ ဖြစ်ပေါ်လာသည်။

နောင်ဘ၀လူပြန်ဖြစ်ခဲ့ရင် ချစ်တတ်လွန်းခြင်းမှကင်းလွတ်၍ ၊ မလွမ်းတတ်သော ၊ ကြေကွဲမဲ့သူ ဖြစ်ရပါစေဗျာ။

ဆန္ဒအတိုင်း သိစိတ်မဲ့ ခပ်တိုးတိုးရွတ်ဆိုလိုက်ပြီးမှ၊ အနီးအနားမှလူများ ကြားသွားမည်စိုးသောကြောင့် အားနာစိတ်နှင့်လှည့်ကြည့်မိသည်။ 

အင်း..ကျွန်တော်တော့ ရူးနေပြီထင်သည်။ ၀ိဥာဉ်တစ်ကောင် ရွတ်ဆိုနေသည့် ခပ်ဖွဖွအသံကို နာမ်ရုပ်တွဲနေသည့် လူသားတို့ အဘယ်မှာ ကြားနိုင်ပါမည်လဲလေ။ ဒါကြောင့် ၀တ်မှုန်က မကြာခဏ ကျွန်တော့်ကို ထောမနာပြုတာပေါ့။ “ခင်ဗျား ရူးနေသလား။ မကြောင်စမ်းပါနဲ့” လို့။

ကျောက်သားခုံပေါ်မှာ ခပ်ဆန့်ဆန့်လဲလျောင်းနေသည့် ကျွန်တော့်မျက်နှာနားတိုးကပ်ကြည့်မိတော့ နှုတ်ခမ်းတွေက နာကျင်မှုကြောင့် မကြာခဏ ဖိကိုက်ထားခံရသည့် နှုတ်ခမ်းများပီပီ ဒဏ်ရာအချို့မပြယ့်တပျယ်ရှိနေသည်။ ချစ်သူ၏ ကိုယ့်အတွက်သီးသန့်ဖြစ်သည့် လျစ်လျူပြုမှုတို့ကို ခံစားရတိုင်း ခပ်ယဲ့ယဲ့လေး နာကျင်စွာပြုံးမိစမြဲမို့ သည်အပြုံးသည်လည်း သေသည့်တိုင်အောင် ရှိနေသည်။

ကျွန်တော့်နောက်ဆုံးထွက်သက်အထိ၊ ပြီးတော့ ထွက်ပြီးသွားသည်အထိ ၀တ်မှုန်ကို စွဲလမ်းမြတ်နိုးစွာ ချစ်နေမိသေးသည်ပဲ။ နာကျင်တတ်သည့်စိတ်များ ၀တ်မှုန်နှင့်ပတ်သက်လာတိုင်း ဘယ်ဆီဘယ်ဝယ်ရောက်နေခဲ့သည် မသိတတ်တော့။

သက်မဲ့ခန္ဒာကိုယ်အနားတွင် ၀န်းရံ ငိုကြွေးနေရသူများထဲမှာ ကျွန်တော့်ကို ချစ်သောသူများရှိနေပေမယ့် ကျွန်တော် ချစ်ရသော ၀တ်မှုန်က ရှိမနေခဲ့။ ဤအခြေအနေတွေကို နေသားကျနေခဲ့သည်မှာ ကျွန်တော်ခု သေလွန်သွားသည့်အချိန်ထိပေါ့။

xxxx

“ရော့.. အလေနတ်တော လိုက်ပြီးပြန်လာတဲ့ေ-ာက်ကောင်ရဲ့။ နင့်လောက် ဆတ်ဆလူးထတာ နင်ပဲရှိတယ်။ နင်လုပ်တဲ့လုပ်ရပ် မှန်သလား မှားသလား ဦးနှောက်ရှိသူတိုင်းသိတယ်။ @#$%@#$% ”

စားပွဲပေါ်သို့ အပြစ်မဲ့စွာ ပစ်ပေါက်ခံရတဲ့ ဓာတ်ပုံလေးတွေရဲ့ ပြန့်ကျဲသွားမှုအပေါ် အံ့သြသွားရခိုက် သူမရဲ့ လှပသော နှုတ်ခမ်း၂လွှာမှ ဤသို့သော ညစ်ညမ်းသံများထွက်ကျလာခဲ့သည်။ ကျွန်တော်၏ အံ့သြမှုတို့ ထိန်းမရခြင်းနှင့်အတူ နှုတ်ခမ်းများကပါ ပို၍ ပွင့်ဟ လာခဲ့ရသည်။

ကျွန်တော်သိပ်ချစ်သော သူမသည် ကျွန်တော့်ရင်ကို ထိခိုက်စေခဲ့သော စကားကြမ်းများကို သုံးတတ်သူတဲ့လား။ ကျွန်တော်နှင့် မသက်ဆိုင်သင့်သော စကားလုံးများနှင့် ပစ်ပေါက်ရက်သူလား။ မယုံနိုင်သောစိတ်များ ဖြင့် ကျွန်တော့်အသည်းနှလုံးတဆတ်ဆတ်တုန်ခါလာသည်။ ကျွန်တော် သူမကို ဘယ်လောက်ထိ မြတ်နိုးစွာ အရိပ်ကြည့်ချစ်ခင်စုံမက်ခဲ့သလဲ သူမ မသိလေရော့သလား။

“ မင်း မောင့်ကို အဲလိုမပြောနဲ့ ၀တ်မှုန်။ မင်းစွပ်စွဲတဲ့အမျိုးသမီးကိုသာ မောင်ကြိုက်ခဲ့ရင် မင်းနဲ့မောင့်ရဲ့ဇာတ်လမ်းတောင်ဖြစ်လာနိုင်စရာအကြောင်းမရှိဘူး။”

သူမရဲ့ပစ်ခါ ကြမ်းတမ်းသော စကားလုံးရင့်ရင့်များအကြားမှာ ကျွန်တော်၏ ဖြေရှင်းချက်များက တိမ်တလှည့် မြုပ်တလှည့်။ လှိုင်းကြမ်းလှေပမာ။

သို့သော် ကျွန်တော်ချစ်လွန်းသော သူမကို မစွန့်လွှတ်နိုင်သေးသည့်အတွက်၊ အမှန်တရားကိုသာ ကျွန်တော်မြတ်နိုးသည့်အတွက် အောက်ကျလွန်းစွာ၊ တိုးတိမ်လွန်းစွာ ၊ ထို့အတူ နွမ်းလျစွာ တတွတ်တွတ်တောင်းပန်နေခဲ့သည်။ အဖြစ်မှန်ကို ၀တ်မှုန်သိစေဖို့ ကျွန်တော်ဘာမဆိုကြိုးစားရပေမည်။

ရင့်သီးသော ခပ်ကြမ်းကြမ်းစကားလုံးများသည် နှလုံးရောဂါသည် ကျွန်တော်နှင့် အကျွမ်းတ၀င်မရှိခဲ့သလို ခံနိုင်ရည်စွမ်းအားလည်းမရှိခဲ့။ သို့သော် ချစ်သောဝတ်မှုန်၏ ရင့်သီးသောစကားများကို ခံရတိုင်း ၀မ်းနည်းစိတ်နှင့် မျက်ရည်ဝဲကာ ခေါင်းငုံ့ခံခဲ့မြဲပင်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော် ၀တ်မှုန်ကို သိပ်ချစ်လွန်းလို့ ခွဲခွာရမည်ကို စိုးရိမ်လွန်းသောကြောင့်ဖြစ်၏။

ဝတ်မှုန်…..မောင်ကလေ မင်းစိတ်ဆိုးပြီး ပြောဆိုကြိမ်းမောင်းခဲ့လည်း၊ မင်းကသာ ပြန်ချော့လိုက်ရင် ၂ခါမမြောက်ခင် ပြန်ပျော့ကျသွားတတ်တာ၊ မဆွတ်ခင်က ညွှတ်ခဲ့တဲ့ ပန်းလေးတစ်ပွင့်လိုပါပဲ။ ဒါကို မင်းလေး မှတ်မိပါသေးရဲ့လား။

xxxx

“ ၀တ်မှုန် နေလို့မှကောင်းရဲ့လား။ ဘာဖြစ်နေတာလဲဟင်။ သိပ်တိတ်နေတာပဲ။ ဘာဖြစ်ချင်လဲ။ မောင်ဘာလုပ်ပေးရမလဲ။ လုပ်ပေးနိုင်တာရှိရင် ပြောနော် ”

“……………”

“လွမ်းတယ် ၀တ်မှုန်ရယ်။ သိပ်လွမ်းတာပဲ။ သိပ်ချစ်တယ်။ ၀တ်မှုန်ရော မောင့်ကိုလွမ်းလား။ ချစ်ရဲ့လားဟင်”

“……………”

ကျွန်တော့်အတွက် ၀တ်မှုန်သည် မနက်မိုးလင်းလျှင် မရှိမဖြစ်သော ၀င်သက်ထွက်သက်ကလေး။ နေရောင်ခြည်ကလေး၊ ညဖက်မိုးချုပ်လျှင် တရေးနိုးတောင် အတွေးထဲမှာ သာနေတဲ့လကလေး။ ၀င်သက်ထွက်သက်တိုင်း နီးပါးမှာ စိတ်တွင် စွဲလမ်းတွေးတော နေမိသော အသည်းနှလုံးပိုင်ရှင် ဘုရင်မကလေး။

သို့သော် ၀တ်မှုန်အတွက်ကတော့ ကျွန်တော်သည် သူမြတ်နိုးသည့် သီချင်းတွေ နှင့် သူ့ပတ်ဝန်းကျင်တွင် ၀န်းရံနေသော လူများလောက် မထိတွေ့ မပြုံးပြချင်စဖွယ်၊ ကျွန်တော်ဟာ အနီးဆုံးရှိ အဝေးဆုံးဖြစ်နေသည့် ချစ်သူတစ်ယောက်။

လူမမြင်ရသောအချိန်များတွင် စိတ်ပူစွာဖြင့်  တတွတ်တွတ် မေးမြန်းနေခိုက် စကားပြန်မလာတဲ့ ၀တ်မှုန်က တခြားတစ်ဖက်မှာတော့ သူ့အပေါင်းအဖော်များ တသောသောရယ်မောသဘောကျလို့နေသည်။ ထိုထိုမြင်ကွင်းများကို မြင်လျှင်တော့ ပုရိဿတန်မဲ့ မျက်ရည်ဝဲပြီး တိတ်တိတ်လေး လှည့်ပြန်ခဲ့ရသည့် အကြိမ်ရေတို့ကတော့ မနည်းတော့။

တကယ်တော့ မင်းဆီက မောင်ဘာမှ သိပ်အများကြီး မမျှော်လင့်ခဲ့ပါဘူး ၀တ်မှုန်ရယ်။ မင်းဝါသနာကို မင်းနဲ့အတူ ချစ်ခဲ့တာမို့ အဲ့သည့်ဝါသနာထဲကမြတ်နိုးမှုကိုတော့ ဖဲ့မယူချင်ပါဘူး။မင်းနဲ့ မောင်တစ်ထမ်းမယ်တစ်ရွက် တတ်နိုင်သလောက် အားဖြည့်ဖို့လည်း မောင့်စိတ်ကူးရှိပါတယ်။ ဒါပေမယ့် အချိန်မရှိပါဘူးလို့ ပြောထားခဲ့ပြီး ကိုယ်ကလွဲတဲ့ မိတ်ဆွေအပေါင်းအဖော်တွေကို ပေးတဲ့ အချိန်လေးထဲက ၂၀%လောက်လေးဖဲ့ပြီး မင်းချစ်တယ်လို့ ပြောခဲ့ဖူးတဲ့ မောင့်အတွက် မပေးနိုင်ဘူးလားဟင်။ လျစ်လျှူရှုမှုတွေဟာ မောင့်အတွက်ပဲ သီးသန့်ဖြစ်နေသလားလို့။

ရင်ထဲတွင် အကြိမ်ကြိမ်ပြောဆိုတောင်းခံနေခဲ့သော ဆန္ဒတို့သည် ၀တ်မှုန် ငြိုညင်မှာစိုးစိတ်ဖြင့် လည်ချောင်းဝမရောက်ခင်ပင်ပျောက်ကွယ်မြိုသိပ်ခဲ့ရသည်။ ကိုယ်သာလူ့လောကက ထွက်ခွာသွားခဲ့ပြီ။ မင်းကို အဲ့လောက်ချစ်ခဲ့တာ မင်းသိပါလေစ မောင့်ဝတ်မှုန်။

Xxxx
 “၀တ်မှုန်ကို မောင်နားလည်နိုင်မှာမဟုတ်ဘူး။ ၀တ်မှုန်ရဲ့အနုပညာအပေါ်ရူးသွပ်မှုကို မောင်သဘောထားကြီးနိုင်မယ်မဟုတ်ဘူး”

ဤသည်က နှစ်ကိုယ်တူ ချစ်သူများဘ၀မရောက်ခင်က ၀တ်မှုန်ပြောခဲ့လေသောစကား။

“နားလည်ဖို့သိပ်သေချာတာပေါ့ ၀တ်မှုန်ရယ်။ ချစ်သူရဲ့ဝါသနာကို မောင်အလေးထားစိတ်ဝင်စားရမှာပေါ့။ ဒါပေမယ့် မောင့်ဝတ်မှုန်ကို ရောနှောချဉ်းကပ်နေတဲ့ ပုရိဿတွေနဲ့တော့ သဘောထားသိပ်မကြီးချင်ဘူး။ မောင့်ချစ်သူကို မောင်သ၀န်တိုမိမှာ ”

သို့ပေမယ့်ဝတ်မှုန်သည် ကျွန်တော်သ၀န်တိုသည် မတိုသည်ကို သိပ်ဂရုမစိုက်ခဲ့။ နောက်ကွယ်မှာ ကျွန်တော်တိတ်တိတ်လေး ကြေကွဲနေသည်ကို သူမသိခဲ့။ သူယုံကြည်ရာကိုသာ ဆက်လုပ်ခဲ့သည်။ ကျွန်တော့် ခံစားချက်ဟူသည်မှာ အရေးမပါလေရော့သလား။ ထိုအချိန်မျိုးတွေမှာ ကျွန်တော်ဟာ အားလုံးကို တိတ်တိတ်ငေးကြည့်လို့ ချောင်တစ်ချောင်မှာ ၀မ်းနည်းကြေကွဲနေရုံသာ။

ဒါတွေဟာ ဟိုတုန်းကပေါ့ ၀တ်မှုန်လေးရယ်။ ခုတော့ မင်းကိုချစ်တဲ့အချစ်တွေသယ်ဆောင်ပြီး မင်းဘေးနားက မောင်ထွက်သွားပေးခဲ့ပြီလေ။

မင်းစိတ်ကို ဘယ်တော့မဆို အရည်ပျော်သွားအောင် လွှမ်းမိုးနိုင်သူနဲ့ (သို့) ပျော်ချင်တဲ့လူနဲ့ မင်း ပျော်ပါတော့။

မင်းဘ၀မှာ မောင်မရှိရင်ဖြစ်ပေမယ့်၊ မရှိရင် မဖြစ်နိုင်တဲ့ ၊ မင်းစိတ်ကျေနပ်မယ့် အရာတွေနဲ့မင်း ပျော်ပါတော့။

ဘာမှ မသက်ဆိုင်တော့ဘူး မမြင်လိုတော့ဘူးလို့ မင်းကိုယ့်ကို ထားတဲ့ အချိန်က စလို့ ၊ မိနစ်က စလို့၊ ကိုယ်လည်း မသက်ဆိုင်တော့အောင် မင်းစိတ်ကြိုက် ထွက်သွားပေးခဲ့ပြီးပြီမို့ မင်း 
ပျော်ပါတော့။

Xxx

ကိုယ့်အိပ်ခန်းထဲက အပြာရောင် ဒိုင်ယာရီထဲမှာ သူငယ်ချင်းတချို့က စပ်စုလိုစိတ်နဲ့ ရှာဖွေ ဖတ်ရှုကြည့်ကြလိမ့်မယ်။

မင်းကို ဘယ်သို့ဘယ်ပုံ မောင် ချစ်ရတာတွေကို အများမြင်သာတဲ့စာအုပ်မှာ မရေးပြရက်ပါကွယ်။ မင်းဟာ မောင့်ရင်ထဲက အနှစ်သက်ဆုံးကဗျာတစ်ပုဒ် ၊ အလှပဆုံး ပန်းချီတစ်ချပ်၊ အစွဲလန်းဆုံး သီချင်းတစ်ပုဒ်။ ဒါတွေဟာ မောင်နဲ့ မောင်သိပ်ချစ်တဲ့ ၀တ်မှုန်ပဲသိစေရမှာပေါ့လေ။ မင်းကို အများဖတ်နိုင်သွားမယ့် စာတစ်ကြောင်း အဖြစ် မောင့်မှတ်တမ်းမှာ မပြောင်းလဲ မတင်စားရက်လောက်အောင်၊  မင်းဟာ မောင့်ရင်ထဲက အလှပဆုံး ပန်းချီတစ်ချပ်အဖြစ် ဖွဲ့မမီနိုင်အောင် ချစ်တယ်။

ချစ်တယ်။

ချစ်တယ်။

မင်းကိုချစ်တဲ့ အချစ်တွေနဲ့ မောင့်ရင်ထဲအမြဲပြည့်နေလေရဲ့။

Xxx

ဟိုတစ်စု သည်တစ်စုရပ်နေကြတဲ့ လူတွေထဲက စကားသံတချို့ကြားရတယ်။

“မောင်က ၀တ်မှုန်ကို သိပ်ချစ်တာကွ။ ၀တ်မှုန်က သူ့ကို ချစ်တာမဟုတ်ဘူး။ မောင်ဆိုတာ သူ့အတွက် ဘယ်ချောင်ညပ်နေမှန်းတောင်မသိဘူး။ သူ့ကိုချစ်တဲ့ မိန်းကလေးတွေကိုကျတော့ ဒီကောင်လှည့်မကြည့်ဘူး။ ဒါကြောင့် ပြန်ခံရတာနေမှာ။ ၀ဋ်ဆိုတာနေမယ် ”

ကျွန်တော် ယောင်ယမ်း၍ နားများကို ပိတ်ပစ်မိသည်။

သူကျွန်တော့်ထက် အချို့အရာတွေကို ပိုချစ်ခဲ့မှုတွေ၊ သူ့ဝါသနာ၊ နှင့် ကျွန်တော်မှ လွဲ၍ တခြားသူတွေအပေါ် အလေးထားပေးအပ်ခဲ့တဲ့ ဂရုစိုက်မှုတွေ ၊ ပြီးတော့ သူ့ရဲ့အချိန်တွေ၊ နောက်ဘိတ်ဆုံးမှ ကျွန်တော် ရှိနေခဲ့တာတွေ၊ ဒါတွေဟာ ကျွန်တော့်ကံပေါ့လေ။

ဒါပေမယ့် ကျွန်တော့်ချစ်သူကို မြတ်နိုးလွန်းစိတ်ဖြင့် အပြစ်မတင်ခဲ့မိသလို၊ ဘယ်လိုလူမျိုးမှ အပြစ်မတင်စေရ။ မဝေဖန်စေရ။ အရာအားလုံးသည် ကျွန်တော်၏ ကံတရားသာဖြစ်၏။ ထို့ကြောင့် ကျွန်တော်လက်ခံနိုင်ခြင်း အလျဉ်းမရှိ။ တွေးရင်းနဲ့ သွေးများဆူဝေလာပြီး လေကဲ့သို့ အဟုန်ဖြင့် ပြောနေသူထံပြေးသွားခဲ့သည်။

“ ဟေ့ရောင် မင်းငါ့ဝတ်မှုန်ကို အဲ့လိုမပြောနဲ့ကွ။ ချစ်တယ်လို့ သူကိုယ်တိုင်ပြောခဲ့တာ။ ၀တ်မှုန်အချစ်ကို ငါယုံတယ်။ မပေါင်းစည်းခဲ့ရပေမယ့် ငါဝတ်မှုန်ကို သိပ်ချစ်သလို၊ ၀တ်မှုန်လည်း ငါ့ကို ချစ်မှာပဲ။ မင်းပါးစပ်ကို ပိတ်ထားလိုက်ကွာ”

သူ့ကော်လာစကို ဆွဲပြီး ကျွန်တော် ဟန့်တားလိုက်ပေမယ့် ကျွန်တော့်လက်က လေတွေကိုသာ ဖမ်းဆုပ်မိ၏။

xxxx

ဘာကြောင့် ကျွန်တော်ဟာ မကြာခဏ မေ့လျော့စွာ သတိလက်လွှတ်ပြုမူနေရသလဲ။ ကျွန်တော်က သေလူပါ။

ပစက္ခအခြေအနေကို ပြန်သတိရလိုက်တော့ ကျွန်တော် အားလုံးကို လက်လျှော့လို့ ထိန်းချုပ်လိုက်မိ၏။

xxxx

နောက်ဆုံးအနေနဲ့ပေါ့။

မောင် ဒီအရပ်မှာ နေနိုင်ခွင့်ရှိသေးတဲ့အခိုက် ရက်တို၊ နာရီတိုလေးမှာပေါ့။ အခွင့်ရှိသေးရင် မောင်သိပ်ခံစားရတိုင်း ဆိုတတ်တဲ့ သီချင်းလေးနဲ့၊ တေးသံသာလေးတွေ ဖန်ဆင်းတတ်တဲ့ မင်းနားမှာ မောင် ဆိုညည်းလိုက်ချင်သေးတယ် ၀တ်မှုန်ရယ်။

~~~~တစ်နေ့ တော့ .. ငါ့ရင်ထဲမှာ ရှိတာ မင်းမြင်မှာပါ .. တစ်နေ့ တော့ .. ငါ့ရဲ့နားလည်ခြင်းတွေ မင်း မြင်မှာပါ .. တစ်နေ့ မှာ .. အချစ်ကို နင်တွေ့ ခဲ့တဲ့အခါ .. ငါ့ကို ကိုယ်ချင်းစာ .. ငါ့လို ခံစားတတ်မှာပါ~~~~

ပျော်ပါစေတော့ ၀တ်မှုန်လေး။ဘ၀ဆိုတာ ခဏပါ။ 

မင်းစိတ်ချမ်းသာရာတွေလုပ်ပြီး မင်းစိတ်ချမ်းသာသူတွေနဲ့ ပျော်ပါစေ။ 


0 comments: