Tuesday, February 4, 2014

ကောင်မလေးတစ်ယောက်ရှိခဲ့တယ်





သာမန်ကောင်မလေးတစ်ယောက်ပါပဲ။

ရုပ်မချောဘူး

ချစ်ဖို့မကောင်းဘူး

ခင်ဖို့ကောင်းတဲ့ရုပ်ထွက်မနေဘူး

စိတ်ကိုတန်းဖတ်နိုင်တဲ့ ဟန်မဆောင်တတ်တဲ့မျက်နှာတစ်ခုတော့ပိုင်ဆိုင်တယ်။

အဲဒိကောင်မလေးက....................................................

တယ်လီဖုန်းစင်နားမှာမတ်တပ်ရပ်ရင်း မိုးတွေသည်းလေတွေထန်နေတဲ့ လေယာဉ်ရပ်ထားရာကွင်းပြင်ထဲကိုငေးကောင်းကောင်းနဲ့ ငေးမောနေခိုက်...

“ဟေ့...ကောင်မလေး.ဘာတွေငေးနေတာလဲ။ မုန့်ကိုကုန်အောင်မစားလို့ ဦးအုန်းဆူလိမ့်မယ်။ သွားသွား...အမြန်သွားစား”

“ဟင်...အဲဒါအနော့်ဖို့ဟုတ်လို့လား။ ကိုသက်အောင်တစ်ဝက် အနော်တစ်ဝက်လေ”

“အာ..ဒီကောင်လေးက ဦးအုန်းနဲ့လိုက်သွားပြီး အပြင်မှာအ၀တီးလာတာ.ညည်းပဲဝအောင်စား”

“အာ..ဒါဆိုရင်တော့ကော်တာပဲ..အနော်ကသူ့ဖို့ထင်လို့ ချန်ထားရတာ။ အရမ်းကြိုက်လို့အကုန်စားချင်တာ”

ပြောရင်းနဲ့ပဲ သူမတို့ စားသောက်နေကျနေရာလေးကမုန့်ဆီကို အရောက်သွားပြီး ကြိုက်လှတဲ့ အာလူးကတ်တလစ်ကိုအကုန် စားလိုက်တယ်။

အဲဒိကောင်မလေးက မုန့်သိပ်ကြိုက်တယ်။

၁၂နာရီထိုးတော့ စားသောက်ဖို့ပြင်ကြပြီ။

“ရော့...သမီး ။ ညည်းသိပ်ကြိုက်တဲ့ ထားဝယ်မကြီး ၀က်သားနှပ်”

“အိုး...တော်လိုက်တဲ့ဦးအုန်း..အနော်ဒီနေ့အိမ်ကဟင်းကို သိပ်မကြိုက်လို့ညစ်နေတာ။ 
ဦးအုန်းဗိုက်ထဲပုဏ္ဏားလေးများရှိလေသလား။အဘအမျိုးသမီးသုပ်တဲ့သရက်ချဉ်သုပ်ကလဲကောင်းမှကောင်း။ ကိုသက်အောင်ငပိချက်ကလဲ ရှယ်ပဲ။ အမလေး...အနော့်ဗိုက်တော့ဒီနေ့ခွေးနမ်းတော့မှာပါပဲ”

“စား..စား..၀အောင်သာစား..ဒီကလေး၂ယောက်ရှိနေလို့ ငါဝယ်ရကျိုးနပ်တာ. နို့မိုဆိုညည်းအဘက တို့ကနန်းဆိတ်ကနန်းစားတာ”

“ဟဲဟဲ..အဘတို့ကနန်းဆိတ်ကနန်းစားတော့ အနော်နဲ့ကိုသက်အောင် အ၀တီးရတာပေါ့”

ကိုသက်အောင်ကလဲအားပါးတရထောက်ခံတယ်
 “ဟုတ်တယ်..ကျနော်ကတော့ အ၀ကိုတီးမှာ။ အဘဖို့မကျန်ရင်နေပလေ့စေ။ မချန်တော့ဘူး။ အဘလာရင်မရှိတော့ဘူးပြောလိုက်မယ်..ဟီဟိ”

နောက်ဖက်ကိုရေနွေးသွားထဲ့တဲ့ အဘ တစ်စွန်းတစ်စကြားတော့

“ဟေ့ကောင်မင်းနော်...ငါနောက်နေ့ မင်းကြိုက်တဲ့ဟင်းထည့်မလာဘဲနေမှာ”

ဒီလိုနဲ့စရင်းနောက်ရင်း ထမင်းဝိုင်းလေးဟာ အမြဲစိုပြည်ဆဲ။ ထမင်းစားရင် လူစုံအောင်စောင့်ပြီးမှာစားလေ့ရှိတဲ့ဓလေ့လေးကလဲချစ်စရာပါ။

အကုန်လုံးတစ်ယောက်တစ်လှည့်ဝိုင်းထည့်ပေးတဲ့ အရသာရှိတဲ့ ထမင်းလေးကိုစားပြီး အဘထည့်လာတဲ့ ရေနွေးတစ်ကြိုက်သောက်လိုက်တယ်။

အဲဒိကောင်မလေးက ဦးအုန်းဝယ်ကျွေးနေကျ ထားဝယ်မကြီးဝက်သားနှပ်နဲ့ အာလူးကတ်တလစ်ကို သိပ်ကြိုက်ခဲ့တာပါ။

“Audit ကြီးလာပြီ...စာရွက်စာတမ်းတွေရှာဖို့သာပြင်ပေတော့ ငါတော့လစ်ပြီ။နက်ဖြန်ကျမုန့်တွေအများကြီးဝယ်လာမယ်နော်..မင်းတို့ကုန်အောင်စားရမယ်”

ဦးအုန်းက မျက်စိတစ်ဖက်မှိတ် ပြောင်ပြရင်းလွယ်အိတ်ကောက်လွယ်ထွက်သွားတယ်။ (အမှန်တော့ ၂နာရီသူ့ဂျူတီချိန်းတာမို့ ပြန်တာပါ)

Audit ကတော့ စတိုင်လ် အပြည့်နဲ့ရောက်လာပြီးသကာလ။ မင်းသားကြီးအက်ရှင်မျိုးနဲ့ လက်ပ်တော့အိတ်ကြီးစားပွဲပေါ်တင်...ထိုင်ခုံပေါ်မိန့်မိန့်ကြီးထိုင်လိုက်တယ်။

 “ကဲ..၂၀၀၂က Airway Bill တွေစစ်မယ်”

သေစမ်းဟ နန္ဒိယ လို့သာ စိတ်ထဲကကြိတ်အော်လိုက်တယ်။ ဟုတ်တယ်လေ။ ကိုယ်တွေတင်ထားက ၂၀၀၅ ၂၀၀၆ စာရွက်စာတမ်းတွေ သူကြည့်ချင်တဲ့ list ချပြလာတော့...အားပါးပါး....ရှေ့နှစ်ဟာတောင်မနည်းရှာရမှာ...ဒါဆိုရင်တော့...မလွယ် မလွယ်။။။တွေးပြီးသကာလ။ ကိုသက်အောင်နဲ့ကောင်မလေးတို့ ဖိုင်လ်တွေထားတဲ့ အခန်းလေးထဲရောက်လာခဲ့ရတယ်။

“ရော့ ...နင်ကဒီဖိုင်လ်ထဲမှာရှာ။ ငါကဒီဖိုင်လ်ထဲမှာရှာမယ် ကောင်မလေး”

ကိုသက်အောင်ပေးတဲ့ ဖို်င်လ်ပုံထဲခေါင်းနှစ်ရှာရင်း။ ပါးစပ်ကပွစိပွစိပြောနေမိတယ် “Audit ကြီးကလဲ လွယ်ရာတော့မရှာခိုင်းဘူး။ ဘယ်ပဝေဏသီကဟာတွေလာရှာခိုင်းလဲမသိဘူး။ စိတ်ညစ်တယ်။ခေါင်းတောင်မူးလာပြီ။”အဲလိုတဗျစ်တောက်တောက်ပြောရင်း
စာရွက်တွေရှာလေ့ရှိတယ်။

အဲဒိကောင်မလေးဟာ အဟောင်းတွေမြေလှန်ရှာဖွေရမှာ စိတ်မရှည်တတ်သူပါ။


“ကောင်မလေး..နင်ပိန်တယ်။သက်အောင်ကပိုပိန်တယ်။ နေဦး...ဒီကလေးနှစ်ယောက်ကိုငါဝအောင် အစားတွေအရမ်းကျွေးမှဖြစ်မယ်။ မင်းတို့ ၂ယောက်အိမ်မှာဆိုစောင့်ကျွေးသူမရှိရင် ထမင်းကောင်းကောင်းမစားဘူးမဟုတ်လား”

“အိမ်ကချက်တဲ့ဟင်းတွေမကြိုက်လို့ အဘတို့ ဦးအုန်းတို့ ချက်တာပိုကောင်းလို့” 

၂ယောက်လုံးအဖြေက ညီတယ်။ ဒါမျိုးကျ။ အမှန်က ထမင်းကို ဟုတ်တိပတ်တိ မစားကြတဲ့ လူတွေပါ။ အိမ်ကချက်တာလဲ ကောင်းကြပါတယ်။ လူငယ်ဆိုတော့ အဖော်မင်တဲ့သဘောပေါ့လေ။

“ရော့....ဒီဆေးကိုသောက် မင်းတို့တွေ ကိုယ်တွင်းမှာအပူများနေလို့ဖြစ်မယ်။ ကောင်မလေး...သမီးဝချင်တယ်မဟုတ်လား”

“ဟုတ်”

“ဒါဆိုရင်များများသောက်မှန်မှန်သောက်..ညည်းအပူကင်းပြီးဝလာလိမ့်မယ်”

ဆေးဗူးးလေးကိုလှမ်းယူရင်း နာမည်ဖတ်ကြည့်လိုက်တယ်။ သိကြားရေစင်တဲ့။

ဝချင်တဲ့ကောင်မလေး။ဘာရမလဲ။ရုံးမှာ နေ့လည်စာထမင်း စားပြီးတာနဲ့ ဆေးဗူးဆီ ပြေးမော့တော့တာပဲ။ ကောင်မလေးလဲ အပူကင်းပြီးနည်းနည်းတော့ဝလာတယ်။
အရင်လိုပိန်ကပ်ကပ်မဟုတ်တော့ဘူး။ ၀ ချင်တဲ့ကောင်မလေး ၀မ်းသာအားရနဲ့ ဆေးနာမည်ကို ပြောင်းခေါ်လိုက်တယ်။အဘရေစင် လို့။ 

နောက်ပိုင်းတော့အဘက ဆေးဗူးတွေအများကြီးရုံးမှာသောက်သူချင်သောက် ၀ယ်ထားပေးတတ်သလို ကောင်မလေးဝေးတစ်မြေရောက်သွားတော့လဲ သူ့တူမကောင်မလေးကို လူကြုံနဲ့ဆေးဗူးထည့်ပေးလိုက်တာမှ အများကြီး။

အဲဒိကောင်မလေးဟာ ၀တုတ်တုတ်လေးဖြစ်ချင်ခဲ့တယ်။

လက်ဖက်သုပ်ကို သဘောင်္ရွက်စိမ်းလေး ရိတ်ရိတ်လှီးထည့်စားရမှ သဘောပိုကျတတ်တဲ့ ကောင်မလေးတို့အုပ်စုကြောင့်ရန်ကုန်အဲယားဝေးက 
အန်ကယ်တစ်ယောက် စိုက်ပျိုးထားတဲ့ သဘောင်္ပင်ငယ်လေးတွေဆို ကတုံးနီးပါးဖြစ်လို့ ။

 ဒီနေ့ ဒီအပင်ကခူး၇င်။နောက်တစ်နေ့ကျတော့နောက်အပင်အလှည့်။ စိုက်တဲ့ အန်ကယ်ကတော့ပြောပါတယ်။

 “ဒီကောင်မလေးရောက်လာမှ ကျနော့အပင်အသီးတောင်သီးပါဦးမလားဗျာ သက်အောင်ကလဲ အရွက်တွေလာလာခူးတယ်” တဲ့။

 သူ့တူနဲ့တူမကိုပြောရင်ခံလေ့မရှိတဲ့ ဦးအုန်းနဲ့အဘက ပြန်နောက်တယ်။ 

“ဒီကလေး၂ယောက်ကိုခင်ဗျားကျေးဇူးတင်ရမှာ။ အပင်ဆိုတာ အရွက်နုထွက်မှပိုသန်မှာ။ ပိုသန်မှ ခင်ဗျားအပင်မြန်မြန်ကြီးပြီး မြန်မြန်သီးမှာပေါ့။ သက်အောင်ကလဲလိမ္မာပါတယ်။ အပင်ထီးတွေပဲရွေးခူးတာပါဗျ“ တဲ့။

နေ့လည်ခင်းတိုင်း ကောင်မလေးက လက်ဖက်တစ်ရက် ၈ျင်းတစ်ရက်သုပ်လေ့ရှိတယ်။ လကုန်ရင်ကောင်မလေးတို့အုပ်စုတွေ လက်ဖက်ဖိုး ဂျင်းဖိုးစု။တစ်လစာအများကြီးဝယ်ပြီးတော့သုပ်စားကြတာ။ 

အစားအသောက်နဲ့ပတ်သက်လာ၇င်တော့ကောင်မလေးက ဂိုဏ်းချုပ်ကြီးပေါ့။ သူပဲဦးဆောင်လုပ်တာ။ တစ်ရက်တော့ လက်ဖက်ဂျင်းဗူးဟာ ပို့ကုန်အဖြစ်သရုပ်ဆောင်လိုက်ရတဲ့ ဟာသလေးတစ်ရပ်ဖြစ်သွားခဲ့ဖူးတယ်။


“ဟိုမှာ ဂတ်စပါကြီးလာနေပြီဟ။ ဒီဖက်ကို တန်းလာနေတာ
ခါတိုင်းဆိုလေယာဉ်ထားတဲ့ဟန်ဂါထဲကလာတာပါ။”


အဘအပြောကြောင့် လေယာဉ်အင်ဂျင်။လျှပ်စစ်ပစ္စည်း အ၀င်အထွက်တွေကို bin card ကြည့်ပြီးစာရင်းသွင်းနေရင်းကကောင်မလေး ပူထူသွားမိတယ်။

“ဟယ်.... ဒုက္ခပါပဲ။ သူသာအနောက်ဖက်ထဲဝင်ကြည့်ရင် အနော့်တို့ရဲ့ လက်ဖက်ဗူးကြီးကိုမြင်တော့မှာပေါ့။ ဗူးတွေက အကြီးကြီးနဲ့အများကြီး ဘယ်နေရာဖွက်ရပါ့“

ကောင်မလေးအပြောကြောင့်အကုန်ပျာယာခတ်သွားတယ်။ အမြဲဥာဏ်ကြီးတဲ့အဘက ခဏစဉ်းစားပြီး ။

 “နက်ဖြန် စင်္ကာပူက ATR ကို ပြင်ဖို့ပို့မယ့် လေယာဉ်အင်ဂျင်ဗုံးကြီးအားနေတယ်။ ဆီတွေအရမ်းယိုလို့ ငါအပြင်ခဏထုတ်ထားတယ်။ အဲဒိထဲခဏထည့်ထား”

အဘပြောတဲ့အတိုင်းပဲ အကုန်လုံးတစ်ယောက်တစ်လက်နဲ့ ၀ိုင်းထည့်လိုက်ကြတယ်။ ပစ္စည်းတွေထည့်တဲ့ဗူးတွေကလဲအများသား။ ဆိုင်မှာလို အကျအနသုပ်စားတာဆိုတော့ ပဲမှုန့်ဘူးကအစ ငရုပ်သီးစိမ်း ကြက်သွန်ဖြူအစုံရှိတာ။ ထည့်ပြီးတော့ အပြင်ပြန်ထွက်အလာ..ဂတ်စပါကြီးလဲ အခန်းထဲကိုအေ၇ာက်။ ကုမ္ပဏီ ဒါရိုက်တာတို့ရဲ့ ထုံးစံအတိုင်းပေါ့. လိုအပ်သည်များကိုကြည့်ရှုစစ်ဆေးပေါ့။ ဟိုကြည့်ဒီကြည့် ပစ္စည်းတွေအထားအသိုကြည့်။အဲယားကွန်းအပူချိန်ကိုစစ်။ ပြန်တော့မယ်ပြင်ပေါ့။ ကိုယ်လဲ..သြော် တော်သေးသပေါ့။ ငါ့လက်ဖက်ဗူးတော့လွတ်ပြီလို့တွေးရုံရှိသေး။ ဂတ်စပါကြီးက ဓာတ်ကျပြီး လက်ဖက်ဗူးကြီးနား စွေ့ကနဲရောက်သွားတယ်။ “What is this?” မျက်နှာလေးဇီးရွက်လောက်ပဲရှိတော့တဲ့ အခိုက် ...အင်္ဂလိပ်စကားအရမ်းကျွမ်းတဲ့ ဦးအုန်းအပြေးရောက်လာပြီး အင်ဂျင်ဆီယိုလို့။ အာမခံသက်တမ်းမကုန်သေးလို့ စင်္ကာပူကိုပြင်ဖို့ပြန်ပို့မယ့်အကြောင်း။ဘာညာဘာညာ ပြောလိုက်တာ ဂတ်စပါကြီးယုံသွားတယ်ဆရာ။

ဇီးရွက်မျက်နှာလေးနဲ့ကောင်မလေးကတော့ ကိုယ့်ကြောင့်လူကြီးတွေဖာရထေးရတာအားနာလိုက်တာ။

အဲဒိကောင်မလေးဟာ လက်ဖက်သုပ် ဂျင်းသုပ်သိပ်ကြိုက်တယ်။

နေ့ခင်းအားလပ်ချိန်တွေအောက်ဖက်ရုံးမှာနေရတာ ပျင်းလာရင် အပေါ်ရုံးကစီနီယာမမတို့ ရှိတဲ့ အရပ်သွားပြီးလေဖုတ်လိုက် မုန့်တုတ်လိုက်လုပ်တတ်သေးတာ။ သီချင်းကောင်းလေးတွေရွေးဖွင့်ပြတတ်သလို ဟင်းချက်ကောင်းတဲ့မမနု။

 အချဉ်ထုပ်လေးတွေ ခဏခဏကျွေးတတ်သလို ဟင်းကောင်းတွေအမြဲထည့်လာလေ့ရှိတဲ့ မမသဉ္စာ။

 စကားပြောရင်အေးအေးလေးပြောပြီး ကောင်မလေးကို ညီမအရင်းလိုသဘောထားပြီး စာကျက်မပျင်းဖို့ ဆုံးမလေ့ရှိတဲ့....မမထား။တို့ဟာ ကောင်မလေးရဲ့ အမရင်းတွေသဖွယ် ဖြစ်ခဲ့ရတဲ့ မိသားစုမိတ်ဆွေတွေဖြစ်သလိုPilot ဒါရိုက်တာရင်ရဲ့ညီ ...သူဌေးပေါက်စကိုမင်းမင်း။ 

သက်ရွယ်တူချင်းမို့နင်ငါပြောပါဆိုတာကို ပြောမရဘဲ အမလို့သာဇွတ်ခေါ်လေ့ရှိတဲ့ ကိုညီညီ။ 

ကို၇ီးယားမင်းသားဆင်ဆင် ကလေးတို့အဖေကိုရဲဝင်းကျော်။

သူ့ကောင်မလေးကို သိပ်ချစ်တဲ့ကိုသန်းဝင်း။ အဘတူမောင်ဇော်ထက် တို့ဟာလဲ ခင်မင်ဖို့ကောင်းတဲ့လုပ်ဖော်ကိုင်ဖက်တွေပါ။

အမြဲပြုံးနေတတ်ကြတဲ့ ...အင်ဂျင်နီယာအန်ကယ်လ်ကျော်။ အန်ကယ်လ်သက်။အန်ကယ်လ်ရွှေ။ အန်ကယ်လ်ဇေ။ အန်ကယ်လ်ကြီး။ ဦးအုန်း။ ဦးစိုးနိုင်။အဘ ဦးသိန်းဟန် တို့ကတော့ကောင်မလေးရဲ့တကယ့်ဦးလေးဆွေမျိုးသားချင်းတွေလိုပါပဲ။


ဖအေကို သိပ်ချစ်တဲ့ ကောင်မလေးအဖို့ သူ့ဖေဖေနဲ့ ဖယ်ရီ အတူတူစီးဖော် ဦးစိုးနိုင် ၊ ကိုအောင်သက်ထွေး၊  ကိုရဲမြင့်တို့ကို လည်း ခင်နေပြန်ရော။ 


ဒီကြားထဲ ၂ပတ်တစ်ခါဆိုသလိုရုံးချုပ်ကနေ လေယာဉ်ရုံးကိုရောက်လာတတ်ပြီး ။ သူလာရင်တော့ သီချင်းတွေမျိုးစုံဖွင့်တတ်တဲ့ တရုံးလုံးအတွက် မုန့်တွေအများကြီးရက်ေ၇ာစွာဝယ်လာလေ့ရှိတဲ့..ကွန်ပျူတာအပြင်တော်တဲ့ ကိုဇေယျ ဟာလဲ ခင်ဖို့ကောင်းတဲ့ အကိုကြီး တစ်ဦးပေါ့။

ကောင်မလေးဟာအဲလိုလဲ လူတွေကိုခင်တတ်သေးတယ်။

ရုံးရှိတဲ့ခြံဝင်းကြီးထဲကရေစင်အောက်မှာ အစပ်အရမ်းစားတဲ့ကောင်မလေး..ငရုတ်သီးအစေ့တွေကိုအပင်ပေါက်မလားလို့
ဝေးတမြေမသွားခင်ပျိုးကြည့်ခဲ့သေးတယ်။

အကြံပြုသူကအဘဖြစ်ပြီး အဘတူ မောင်ဇော်ထက်ကတော့ အပင်စိုက်ဖို့လိုတာကူပေးတယ်။ ရောင်းရင်းကြီးကိုသက်အောင်ကတော့ မကူခဲ့ပေမယ့် အပင်ပေါက်မပေါက်စိတ်ဝင်စားတယ်။ ပေါက်မှာပါတဲ့ အားပေးတယ်။

တကယ်တော့ ကောင်မလေးဟာ ......


-ဝေးတမြေကို မသွားခင်မှာ မိသားစုဆန်ဆန်ခင်မင်ဖို့ကောင်းလွန်းတဲ့ လူတစ်စုနဲ့ ကလေးပီပီဘ၀ကြီးတစ်ခုကိုပျော်ပျော်ကြီးရခဲ့ဖူးသူ။

-ရုံးခန်းရှိရာ နှစ်ထပ်တိုက်လေးကိုရောက်ဖို့ အေးမြမှုနဲ့အမြဲစိမ်းလန်းနေတဲ့ သစ်ပင်အောက် ကဖြတ်လျှောက်လေ့ရှိပြီး လေယာဉ်အတက်အဆင်းတွေကို ငေးမောခဲ့ဖူးသူ။

-အိမ်ကလာကြိုလို့များနောက်ကျရင်စိတ်ကောက်တတ်လွန်းလို့ အချိန်းအချက်လုပ်ဖို့ လက်ကိုင်ဖုန်းကိုပေးထားပြန်တော့ ကားဘီးပေါက်လို့ (သို့) အကြောင်းတခုခုရှိလို့ နောက်ကျရက်ဆို ဖုန်းတဂွမ်ဂွမ်ဆက်ပြီး စောင့်ရတာကြာလို့ဆိုကာ ဂျစ်တိုက်ခဲ့ဖူးသူ။

-မိန်းကလေးဆိုပြီးသိမ်သိမ်မွေ့မွေ့နူးနူးညံ့ညံ့မရှိခဲ့ဖူးဘဲ..ဟောဟောဒိုင်းဒိုင်းပွင့်ပွင့်လင်းလင်းဒဲ့ဒိုး ပြောတတ်သောအားနည်းချက်ရှိသူ။


ဒီကောင်မလေးဟာ............ဘယ်သူလဲတော့မသိပါ။


ဒါပေမယ့် သူဟာ...ခင်မင်ခဲ့ဖူးတွေကို ဘယ်တော့မှလွယ်လွယ်နဲ့မေ့မသွားတတ်ခဲ့တဲ့ ကောင်မလေးတစ်ယောက်ပါပဲ။



ကြည်ဖြူပိုင်

6 comments:

Ko Zey said...

အဲဒီကောင်မလေးပေါ့.. သူ့ Facebook အကောင့်ကို ဖျက်ဖျက်ပစ်တာ ၂ ခါရှိပြီ.. :D

ကြည်ဖြူပိုင် said...

heehee. :D အနော့် အကျင့်ဆိုးတွေ သိကုန်ဘီ :D

Anonymous said...

အဟမ်း..အဟမ်း ..အဲ့ကောင်မလေးကို ရှာပေးပါ၊ အနော်လဲ ခင်မိသွားလို့ :P
(ကူညီမယ် ဟုတ် ;) )

ကြည်ဖြူပိုင် said...

ထရီဆာ >> ဟားဟား ရှာပေးမယ် ရှာပေးမယ်။

ရင်ငြိမ်းသူ said...

အဲ ... ကောင်မလေးကို သိတယ် :p

ကြည်ဖြူပိုင် said...

စုံထောက်ကြီး ဆရာမ ရင်ငြိမ်းသူ :P