Friday, April 18, 2014

ရေလိုက်မှားတဲ့ငါး

(၁)
၂၀-ဒီဇင်ဘာ - ၂၀၀၃
ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပဆိုက်ရောက်ခန်းမ။

ကိုထွန်းသူရ ရဲမျက်ဝန်းတွေပြူးကျယ်သွားသလို ကျမရဲ့ခြေလှမ်းတွေလည်း မှားခဲ့ရပါရဲ့။
ဒါပေမယ့် အတိတ်က အရိပ်လိုကျန်ခဲ့ပြီပဲ။ သူလည်းသူ့အိမ်ထောင်နှင့်သူ။ ၂ဦး၂ဖက်လုံး စောင့်ထိန်းရမည်လေ။
ရင်ခုန်သံတွေရပ်တန့်လိုက်စမ်း၊ခြေလှမ်းတွေကိုထိန်းချုပ်လိုက်စမ်း။ အတိတ်ကအဖြစ်တွေကပြန်မြင်လိုက်စမ်း၊ဒီနေ့မှာ ဒီလိုအခြေအနေမျိုး ဖြစ်လာမယ်မှန်း ကြိုသိထားသားပဲလေ။ ဘာကြောင့်များခြေလှမ်းတွေပျက်ရမှာလည်း။ ကျွန်မကိုယ် ကျွန်မ ပြန်သတိပေးရင်း ရှေ့သို့ဆက်လျှောက်ခဲ့ပါသည်။
သားငယ်ကတော့ မတွေ့တာ ၃နှစ်လောက်ကြာသွားတဲ့ သူ့အမကိုပွေ့ချီပြီးတော့ ရမ်းနေတာမို့ မြင်ရတဲ့သူတိုင်းကို အပျော်တွေကူးစက်စေခဲ့သည်။
 သူကရော….သူကလည်း ၁၀စုနှစ်ကျော်ကွဲကွာခဲ့တဲ့ သားနဲ့သမီးကို ၀မ်းနည်းရိပ်တွေစပ်ယှက်နေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေခဲ့သည်။ သို့ပေမယ့် နှုတ်ခမ်းများက ပြုံးလို့နေခဲ့သည်။
သူလှမ်းဆွဲတဲ့ ခရီးဆောင်အိတ်ကို သမီးကြီးရော သူမရော အလိုက်သင့်လှမ်းပေးလိုက်ရင်းက မမြင်ရတာကြာပြီဖြစ်တဲ့ Wheel Chair ပေါ်က အန်တီမေ၏ သနပ်ခါးနံ့သင်းနေသော ပါးပြင်ကို ခါးကိုင်းကာ နမ်းပြီး နှုတ်ဆက်ခိုက် .. ခြေလှမ်းစဖို့ပြင်တဲ့သူ့ခြေထောက်ပေါ် သို့ ကျွန်မပုခုံးထက်ကပုဝါစက လျှောကနဲ ကျသွားသည်။
ပုဝါစကိုပြိုင်တူကောက်ရင်းကဖောင်းဖောင်းအိအိ လက်သွယ်လှလှလေးဆီကို သူ့မျက်ဝန်းတွေ ငေးကနဲဖြစ်သွားတာမြင်လိုက်မိသည်။ ဟုတ်တယ် ကိုထွန်းသူရ ကျွန်မလက်သည်းတွေက အရင်ကရှင်မြင်နေကျ ယောကျာ်းဆန်ဆန်လက်သည်းတုံးတိတိတွေ မဟုတ်တော့ဘူး။
ပုဝါစကို ပုခုံးပေါ်အသာပြန်တင်းရင်း အန်တီမေ့တွန်းလှည်းကို ကူတွန်းလို့ သားအဖ ၃ယောက်ရှေ့က အသာအယာလေးကျော်တက်လိုက်သည်။
ဒီတစ်နေ့တော့သားအဖတစ်တွေတွေ့တုန်းရင်းနှီးစွာနေကြပါစေ။ကိုယ့်အတွက်ကြောင့်တော့ဖြင့်အနှောင့်အယှက်မဖြစ်စေလို။ ဒါပေမယ့် ကျွန်မသေချာသိနေပြန်တာပဲ။ ကျွန်မရဲ့ နူးညံ့တဲ့လမ်းလျှောက်ဟန်ကို ရှင်အံ့သြနေတယ်ဆိုတာကိုပေါ့။ဘာကြောင့်လည်းဆိုတော့ ကလေးတို့ကို တချက်ခေါင်းငဲ့ကြည့်ပြီး ခေါင်းညိမ့်နှုတ်ဆက်ချိန်မှာ အံ့သြပွင့်ဟနေတဲ့ ရှင့်နှတ်ခမ်းတွေကိုမြင်လိုက်မိသလို ရှင့်မျက်ဝန်းတွေက ခံစားချက်အရိပ်တွေကိုလဲ ကျွန်မ အမိအရဖတ်လိုက်မိလို့ပဲ။
လူဆိုတာ တသမတ်ထဲနေပါ့မယ်လို့ ဘာလို့များမှတ်ချက်တွေ ချခဲ့ရသလည်း ကိုထွန်းသူရရယ်။ အဲ့ဒါ ရှင်မှားခဲ့တာပေါ့။
 လွန်ခဲ့တဲ့ ၁၀စုနှစ်ကျော်က တိုင်းအလှမယ်လေးတစ်ယောက်ရဲ့အလှအပကို ကျွန်မအလှထက် မက်မောပြီး လိုက်သွားခဲ့ပေမယ့် ကျွန်မဟာလည်း အလှအပ အတွက် အချိန်ပေးလို့ပြုပြင်နိုင်ခဲ့ရင် တိုင်းအလှမယ်လေးနီးပါးလောက်လှလာပါလိမ့်မယ်လို့ ဘာကြောင့်များရှင် ဖြည့် မတွေးပေးမိတာလည်းဟင်။
 အိမ်ထောင်မှုတွေထိန်းသိမ်းရင်း အိမ်ဝင်ငွေရှာနေတဲ့ အိမ်ထောင်ရှင်မ တစ်ယောက်ရဲ့ ကိုယ်သင်းနံ့ကတော့ရေမွှေးရနံ့သင်းနေဖို့ထက်ချွေးနံ့ပဲရှိနေဖို့များပါတယ်။ အဲ့ဒိတော့ရေမွှေးနံ့သင်းနေတဲ့ ဇနီးငယ်လေးကို ရှင်ရွေးချယ်ခဲ့တဲ့အတွက် ရှင်အခုချိန်မှာ နောင်တမရသင့်ဘူးလေ ရှင်ရယ်။
ရှင်နဲ့ကျွန်မတို့ရဲ့ ရင်နှစ်သည်းချာ သမီးကြီးရဲ့ပြည်ပပညာတော်သင်ပြီးဆုံးတဲ့ကာလမှာ၊မြေးတွေနဲ့ ချွေးမကို မတွေ့တာကြာလှပြီဖြစ်သလို ကျန်းမာရေးလည်း မကောင်းတော့တာမို့၊ နောက်ဆုံးတော့ဖြင့် တွေ့ချင်တယ်လို့ သားတော်မောင်ကို ပူဆာလို့ မိခင်ကြီးကို လေဆိပ်ကို လိုက်ပို့ရင်း… သမီးကြီးကို လာကြိုရတဲ့ ရှင်နဲ့၊ ရှင့်ကို တစ်သက်မတွေ့ချင်တော့တဲ့ ကျွန်မ၊ ဒီနေ့တော့ဖြင့် မဖြစ်မနေ မျက်နှာချင်း ဆိုင်ရပြန်ပြီလေ။
 ကျွန်မတို့တစ်တွေကျောခိုင်းခဲ့ပြီးထဲက ဒီလိုနေ့မျိုး၊အချိန်မျိုးကို နောက်တခါပြန်မကြုံချင်ပေမယ့် ယောက္ခမဟောင်းဆန္ဒကို ကျွန်မက ဥပေက္ခာမှ မပြုနိုင်ပဲလေ။
ဒီတော့ ~~~~ ဒီနေ့…နာရီပိုင်းကလေး….ကလေး၂ယောက်နဲ့ရှင် ညနေစောင်းလို့မိုးချုပ်သည်အထိတော့ပျော်ကြဦးပေါ့။
 ပြီးရင်တော့ ကိုယ့်လမ်းကိုယ်လျှောက်လို့ ဘယ်လောက်ကြာမှ တစ်ခါပြန်တွေ့ရလိမ့်မယ်ဆိုတာကိုတော့ ကံကြမ္မာကပဲ ကျွန်မတို့ထက် ပိုသိလိမ့်တောာ့မယ်လေ။
(၂)

          နေ့လည်ကအကြောင်းများကိုပြန်တွေးရင်း မျက်လုံးများကမှေးစင်းလာသည်။ သားငယ်လေးက ကြာလိုက်တာ။ ဒီကလေး ဘယ်တွေများသဝေထိုးနေပါလိမ့်။ ဆောင်းလေက အေးကအေးနဲ့ အနွေးထည်လည်းပါမသွား။ ချမ်းများချမ်းနေမလားလို့ စဉ်းစားကာခြံဝကိုမြင်နိုင်မယ့် ဆိုဖာပေါ်ပြောင်းထိုင်လိုက်သည်။

          သူ့အဖေနှင့်ချွတ်စွပ်တူသောသား။ ဒီသားလေးကိုတော့ အနည်းငယ်ဆိုးသည်မို့ သမီးကြီးထက်ပိုဂရုစိုက်ရကာအချစ်ပိုခဲ့ရသည်။ ခုလည်းနေ့ခင်းကသူ့အဖေကို ဟက်ဟက်ပက်ပက် နှုတ်မဆက်လို့များ ကျွန်မကို စိတ်ညိုငြင်နေသလားမသိ။ ၁နာရီခွဲတာတောင် အိမ်ပြန်မရောက်သေး။

          စဉ်းစားရင်းနှင့် ကျွန်မမျက်လုံးများ နောက်တစ်ကြိမ်စင်းကျလာခဲ့ပြန်သည်။ အိပ်ချင်လိုက်တာကွယ်။

(၃)

ကားသော့ကိုအသံမမြည်အောင်သတိထားကိုင်ပြီး နံရံကချိတ်တွင် တိတ်တိတ်လေး ချိတ်လိုက်သည်။
ခြေသံကိုလည်း အသံမထွက်စေဖို့ ခပ်ဖွဖွနင်းရင်း ကျွန်တော့ကိုစောင့်လျက်က အိပ်ပျော်သွားဟန်ရှိတဲ့ မေမေ့နားတိုးကပ်သွားလိုက်သည်။
ဧည့်ခန်းမှာထွန်းထားတဲ့ညမီးပြာလဲ့လဲ့အောက်က ၂ယောက်ထိုင်ဆိုဖာပေါ်မှာ ကျွန်တော့မေမေလေ…….….ခွေခေါက်ခေါက်လေးအိပ်ပျော်လို့။ ကျွန်တော် မေမေ့နားသို့ တိုးကပ်ပြီး မျက်နှာကိုတစိမ့်စိမ့်ကြည့်လိုက်သည်။ ၁၀နှစ်ကျော်ဂျစ်တိုက်ခဲ့ပြီး မေမေ့ဆန္ဒကို တစ်စက်မှ မလိုက်လျောခဲ့ဘဲ အမြဲဆန့်ကျင်ခဲ့တဲ့ ကျွန်တော် မေမေ့မျက်နှာကို ဒီလိုမျိုးတစ်ခါမှ တစ်စိမ့်စိမ့်မကြည့်ဖူးတာအမှန်ပါ။
အထူးသဖြင့်ဖေဖေ့ဆီကဖုန်းလာတဲ့အခါတိုင်း နားမထောင်ချင်ခဲ့ဘဲ ချာကနဲလှည့်ထွက်သွားတတ်တဲ့ မေမေ့မျက်နှာတည်တည်ကို ကြည့်ပင်မကြည့်ချင်ခဲ့။
ခုတော့အိမ်ဟောင်းတွင်တွေ့ခဲ့ရသည့် ဖိုင်တွဲလေးတစ်ခုထဲက ဒိုင်ယာရီလေးတစ်အုပ်ကပဲ ကျွန်တော့ရဲ့ဘ၀ကို ပြောင်းလဲပေးလိုက်သည်။
သားမိုက်ကိုခွင့်လွှတ်ပါမေမေ။ ဒီမနက်မိုးသောက်အလင်းရောက်ချိန်ကစလို့မေမေ့အတွက် အားကိုးရတဲ့သားဖြစ်စေရပါတော့မယ်။
ဘ၀ကိုတစ်ယောက်ထဲရုန်းကန်ရင်း အရာရာကိုမကြောက်ဟန်ဆောင်နေရတဲ့မေမေ့ကို ရန်ပြုမယ့်ကျား မဖြစ်စေရတော့ပါဘူးဗျာ။ အရာရာအားထားရတဲ့ သားပဲဖြစ်စေရပါတော့မယ်။ ကျွန်တော်ကတိပေးပါတယ်။
ကတိတစ်ခုကိုခိုင်ခိုင်မာမာချမှတ်ပြီးမေမေ့ကိုအိပ်ခန်းထဲပွေ့ချီဖို့ စဉ်းစားလိုက်သည်။ အင်း...မဖြစ်သေးပါဘူးလေ။မေမေနိုးသွားမှာပေါ့။ အိပ်ပါစေ။ မနက်ကျဆိုင်ထွက်ရဦးမှာ။ အိပ်ခန်းထဲကစောင်လေးသွားယူပြီး မေမေ့ကိုယ်ပေါ်မှာ ခပ်ဖွဖွလေး ခြုံပေးလိုက်သည်။

မေမေ့မျက်နှာကိုငေးစိုက်ကြည့်နေရင်းက….ကျနော်မေမေ့ကိုအရွဲ့တိုက်တဲ့အခါတိုင်း အန်တီမြတ်ပြောပြခဲ့တဲ့ သနားစရာမေမေ့အကြောင်းတွေက ခေါင်းထဲပြန်ရောက်လာခဲ့သည်။..

“မင်းမေမေက physic major မှာတော့ အလှဘုရင်မဘွဲ့ကိုမရရှိခဲ့ပေမယ့် အိနြေ္နနှင့်တည်တံ့တဲ့သူ။ ချောမောလှပသူအဖြစ် လူကြိုက်များခဲ့တာ။
ဒါပေမယ့် ဘယ်သူ့ကိုမှမချစ်ခဲ့တဲ့အတွက် ချစ်သူရည်းစားတောင် မထားခဲ့ဘူး။ မင်းအဘွားဖွင့်ထားတဲ့ ရွှေဆိုင်မှာပဲ အန်တီမြတ်နဲ့ အတူ ကူညီပေးရင်း ဘွဲ့ရတဲ့အထိ အချိန်တွေကို အေးအေးဆေးဆေးဖြတ်သန်းခဲ့တာ။
မင်းမေမေကျောင်းပြီးချိန်မှာ အန်တီမြတ်က အိမ်ထောင်ကျပြီး လှည်းတန်းဈေးမှာ ရွှေဆိုင်ဖွင့်။ မင်းမေမေကတော့ အဖွားနဲ့အတူ အရင်ရွှေဆိုင်မှာပဲ ဆက်လက်ရောင်းဝယ်ရင်း ဘ၀ကို အေးအေးဆေးဆေးဖြတ်သန်းခဲ့တာ။
မင်းအဖေနဲ့တွေ့ပြီးမှပဲ ခုလိုမာကျောကျောနဲ့ ဘ၀ကိုကျားကန်နေရတဲ့ ကျားနာမလေး ဖြစ်သွားတာပေါ့”

မျက်နှာချင်းဆိုင်မှာရှိတဲ့ ဆိုဖာပေါ်လှဲအိပ်ချလိုက်ရင်း အိမ်ဟောင်းမှာဖတ်ခဲ့ရတဲ့ မေမေ့ဒိုင်ယာထဲက မေမေ့အကြောင်းကို…ကျနော်မြင်တွေ့နေကျ မေမေ့ငယ်စဉ်က ဓာတ်ပုံလေးတွေနဲ့ ယှဉ်တွဲမြင်ယောင်ကြည့်တော့..အတိတ်ကမေမေက.............

(၄)

မေမေ့ဒိုင်ယာရီ။။။။
တစ်ခုသောညနေခင်းမှာတော့ သန္တာ့မေမေထံသို့ ဖုန်းကောလ်တစ်ခုဝင်လာခဲ့သည်။
ဖခင်ဖြစ်သူမောင်းသောကားက ဆိုက်ကားသမားတစ်ဦးကို ၀င်တိုက်မိခဲ့သည့်အတွက် နေရာတွင်ပင် ပွဲချင်းပြီးဆုံးသွားသည်တဲ့....။ ခုတော့စခန်းမှာ အချုပ်ခံထားရပါသည်။ လာတွေ့လှည့်ပါတဲ့။
ပူပြင်းလှစွာသော ရင်အစုံနဲ့ပဲ..သားအမိ ၃ယောက် ဖခင်ကို သွားတွေ့ခဲ့သည်။ အချုပ်ထဲက ဖခင်ကတော့ ခေါင်းကြီးငိုက်စိုက်ချကာပြောပြခဲ့သည်။ မတော်တဆမှုပေမယ့် အသက်သေဆုံးသွားသည့်တိုင်အောင်ဖြစ်မှုကြောင့် မလွဲမသေထောင်ကျပါတော့မည်တဲ့။
စခန်းမှာချုပ်ထားစဉ်ကာလအတွင်း ဖခင်ကိုတွယ်တာလွန်းသူသမီးပီပီ မျက်ရည်များကို ထိန်းမရခဲ့...သူမ၏ ချောမောသောမျက်နှာ၊  မျက်ရည်လည်သောမျက်ဝန်းတို့က ပတ်ဝန်းကျင်ကိုသတိထားလို့ ဝေ့မကြည့်ခဲ့မိပေမယ့်.. သူမကိုသတိထားမိနေသော ပတ်ဝန်းကျင်မှလူတစ်ဦးကတော့ ရှိနေခဲ့သည်။
သူကတော့ သာမန်အငယ်တန်းအရာရှိပေါက်စလေးအဖြစ် တာဝန်ထမ်းဆောင်နေသော လူရည်သန့်ချောမောသူတစ်ဦး။
ယောကျာ်းသားမရှိတော့သော သူမတို့သားအမိအတွက် လိုအပ်သောအကူအညီများ တတ်နိုင်သလောက်ပေးရင်းဖြင့်..သူသည် သန္တာ့ဘ၀ထဲသို့ တစတစ တိုးဝင်လာခဲ့သည်။
 ဖခင်၏ အားကိုးကျေးဇူးတင်မှု၊ မိခင်၏ အားထားမှု၊ သူမ၏ မျက်ရည်များကို လျော့ပါးအောင် အားပေးနိုင်စွမ်းရှိမှုတို့ကလည်း သူနှင့်သန္တာတို့၏ နီးစပ်နိုင်စွမ်းကို ပိုမိုမြန်ဆန်စေသယောင်။
အတိုဆုံးပြောရလျှင်တော့ ၃နှစ်တာကာလအတွင်းမှာပင် နှစ်ဦးနှစ်ဖက်မိဘများ သိရှိသဘောတူသော ချစ်သူရည်းစားအဖြစ်ရရှိခဲ့ပြီး၊ ၄နှစ်တာကာလမှာတော့ အကြင်လင်မယားဖြစ်ခဲ့သည်။
သာမန်ဝန်ထမ်းလေးဘ၀မှာ အိမ်ထောင်ရေးအတွက် ၀င်ငွေပူပန်ရမှုမရှိရစေဘဲ၊ ရိုးသားကြိုးစားသော ဂုဏ်ပုဒ်တွေနဲ့ ဆက်လက်ရပ်တည်သွားနိုင်ရန်အတွက်.သူမသာလျင် မိသားစုတာဝန်ကို ယူဆောင်ခဲ့သည်။
မလောက်ငှသောလစာဝင်ငွေဖြင့် မိသားစုတာဝန်ထမ်းပိုးရလို့ ဂုဏ်သိက္ခာတွေ ချစားခံရမယ့်အဖြစ်ကိုတော့ သူမ လက်မခံလိုပါ။
နွမ်းပါးသော မိသားစုဘ၀မှ ပေါက်ဖွားလာသူမို့လည်း မျက်နှာငယ်ကာ အားငယ်စိတ်ဝင်သွားမှာလည်း စိုးမိသည်။
သည်တော့ လိုချင်တာမှန်သမျှ မရမရှိရစေဖို့ သူမကသာ ပံ့ပိုးကူညီခဲ့သည်ပေါ့။ လက်ကုန်ဖုန်းပေါ်ချိန်ဆိုလည်း နောက်ဆုံးပေါ်ဟန်းဆက်သာ ကိုင်ရစေဖို့။ နောက်ဆုံးပေါ်ကား ထည်လဲစီးကာရုံးတက်နိုင်စေဖို့၊ စီးပွားကို ကုန်းရုံးရှာလို့ သူမရဲ့နေ့လည်တွေကို ကုန်ဆုံးစေခဲ့သည်။
အိမ်ပြန်ရောက်လည်းမနားနိုင်သေး၊ အိမ်မှုကိစ္စလုပ်နေသူများကို စီမံခန့်ခွဲ့ရင်း စီးတဲ့ရေ ဆည်တဲ့ကန်သင်း လုပ်ရပြန်သည်။ တခါတရံတော့လည်း သူ့ကို တီတီတာတာစကားတွေနဲ့ ချွဲနွဲ့ဖို့အချိန်တောင်မရတတ်ခဲ့။ ဒါပေမယ့် သေချာသည်တခုကတော့ အမြဲလေးစားမြတ်နိုးစွာဖြင့် သူမဆက်ဆံခဲ့သည်ပင်။
မပြည့်စုံသော ခင်ပွန်းသည်၏ မိဘမောင်နှမများကို ကိုယ့်မိသားစုအရင်းအဖြစ် အစစဂရုစိုက်ရင်း..သမီးကြီး ဆွီတီ ကိုမွေးဖွားခဲ့သည်။

 နှစ်ဦးနှစ်ဖက်ရဲ့မြေးဦး သားဦးမို့ အစစ အလိုလိုက်ခံရသော ဆွီတီ့ဘ၀ကလေး ကောင်းခဲ့ပါသည်။ သည်အတောအတွင်းမှာပဲ.. သူ့ရာထူးများက တစ်ဆင့်ပြီးတစ်ဆင့်တိုးတက်လာသည်။

 သန္တာ့ဖခင်သည်လည်း ထောင်မှပြန်လွတ်လာပြီဖြစ်သောကြောင့် သန္တာတို့ဘ၀လေးကတော့ ပျော်စရာအတိပေါ့။

“ကိုကြီးရဲ့လစာက တစ်ကိုယ်ရည်သုံးစွဲစရိတ်နဲ့ ကုန်သွားတယ်ကွာ။ သန္တာနဲ့ကလေးအတွက်လည်ဲးမထောက်ပံ့နိုင်ဘူး။ ကိုကြီးကိုပေးလာတဲ့ အခွင့်အရေးတချို့ကို လက်ခံလိုက်ရင်ကောင်းမလား”

“အို…မလုပ်ပါနဲ့…သန္တာ့ဆိုင်က၀င်နေတဲ့ဝင်ငွေက ၂မိသားစုစာကောင်းကောင်းလောက်ရုံမက၊ သားသမီးတွေကိုလည်းပြည့်စုံအောင် ထားနိုင်ပါတယ်ကိုကြီးရယ်။ ကိုကြီးရဲ့သိက္ခာနဲ့ နာမည်ကောင်းကိုပဲထိန်းသိမ်းပြီး အလုပ်ကိုကြိုးစားနော်။ ကျန်တဲ့ အိမ်ကိစ္စ၊ စီးပွားရေး ကိစ္စ ဘာမှမစဉ်းစားနဲ့၊ သန္တာ့တာဝန်ပဲထား။”

“လိမ္မာလိုက်တာသန္တာရယ်။ ကိုကြီးမိန်းမရကံကောင်းတယ်တဲ့။ ကိုကြီးကိုဘာအပူအပင်မှမရှိရအောင် သန္တာကထားနိုင်တယ်တဲ့။ သူငယ်ချင်းတွေကပြောကြတယ်ကွသိလား။ သိပ်ချစ်တယ်သန္တာ”

ပြောရင်းက ရွှေပုံးပေါ်တင်ထားတဲ့ သန္တာ့လက်ကို ဆုပ်ကိုင်နမ်းရှိုက်ဖို့ ကြိုးစားလာသည်။

ပတ်ဝန်းကျင်ကိုတစ်ချက်ဝေ့၀ဲကြည့်လိုက်ရင်း လက်ကိုအသာရုန်းဖယ်မိသည်။ လူတွေရှေ့မှာမသင့်တော်ဘူးလေကွယ်။ မေမေနဲ့စကားပြောနေတဲ့ ဈေးဝယ်တချို့၏ မျက်ဝန်းများကလည်း ဒီဖက်ကို ဝေ့၀ဲလာသယောင်။

“ကိုကြီးကလည်း  လူတွေရှေ့မှာသန္တာရှက်တယ်။” မျက်လွှာချကာ ရှက်ပြုံးနှင့်ပြောလေတော့ ကိုကြီးက ခပ်ဖွဖွရယ်မောသည်။

          ပတ်ဝန်းကျင် ဆိုင်များမှလူအချို့နှင့် ဈေးဝယ်အချို့ကတော့ ကြည်နူးပြုံးလေးနှင့်မသိမသာ ကြည့်ကြသည်။ လိုက်ဖက်ညီတဲ့ သန္တာတို့မောင်နှံရဲ့ ရှေ့ရေးကို ဘယ်သူကများကြိုသိခဲ့မှာလည်းနော်။
(၅)

“ကဲ…ရုံးပြန်ပြေးလိုက်ဦးမယ်သန္တာ၊  သန္တာ့ကားယူသွားမယ်နော်။ တက္ကစီနဲ့လာခဲ့လို့ ရုံးကားမယူခဲ့မိဘူး”

ကားသော့ကိုလှမ်းပေးလိုက်ရင်းက “သတိထားမောင်းနော် ကားတွေကကြပ်ပါဘိနဲ့” ဟုတိုးတိုး ဖွဖွမှာဖြစ်မြဲ။ ယူနီဖောင်းသပ်ရပ်စွာနဲ့ထွက်ခွာသွားတဲ့ ခင်ပွန်းသည် ကျောပြင်ကို ကြည့်ကာ ကြည်နူးပြုံးနှင့် ကျန်ရစ်မြဲ။ ထို့နောက်အလုပ်ထဲအာရုံနှစ်လုပ်ကာ နေ့တစ်နေ့ကုန်လွန်အောင်ကြိုးစားရပြန်သည်။

          မနက်စောစောအိပ်ရာထချိန်မှ အစပြုလို့ ဆွီ်တီလေးအား မူကြိုပို့ဖို့ပြင်ဆင်။ မေမေနှင့်အတူဆွမ်းတော်ကပ်၊ရေချမ်းကပ်။ မိမိကိုယ်ကို ဖီးလိမ်းပြုပြင်လျက် ဆိုင်ထွက်ဖို့အဆင်သင့်လုပ်။ အိမ်အကူလေးများကို တစ်နေ့တာ ညွှန်ကြားချက်ပေး။ ခင်ပွန်းသည်ရုံးသွားလျှင် အဆင်သင့်ဖြစ်စေရန် အ၀တ်အစားလေးများကြိုတင်ထုတ်ပေး။ ဒီလိုနှင့်မိုးစင်စင်လင်းတော့ သမီးကို ကျောင်းဝင်ပို့၊ မေမေနှင့်အတူ ဆိုင်ကိုတန်းသွားကာ ဆိုင်ခင်းကျင်းပြင်ဆင်ပြီးကာမှ..သူမနားနားနေနေ အနားရတော့သည်။

သူငယ်ချင်းတချို့ကတော့ပြောသည်။ “သန္တာရယ် ငါသာဆို နင့်လို ထောင့်စေ့အောင် လုပ်နိုင်မယ်မထင်ဘူး။ ပင်ပန်းလိုက်တာ။  စီးပွားရေး။ လူမှုရေး။ ကလေးတာဝန် အကုန်နင်ချည်းပဲ။ ကျောင်းတုန်းက နင့်ကိုပိုးပန်းသူတွေထဲက တယောက်ယောက်ကို ရွေးချယ်ခဲ့ရင် နင်ဒီလို ပင်ပန်းမှာမဟုတ်တာတော့ လုံးဝကျိန်းသေတယ်။” သူများတွေက မကျေနပ်ပါတဲ့။

ဒါပေမယ့် သူမကတော့ ကျေနပ်ပါသည်လေ။ ကိုကြီးကိုချစ်သည်မို့ မပင်ပန်းစေချင်။
(၆)
          သမီးကြီးဆွီတီ ၅နှစ်သမီးအထိ ကိုကြီးမေတ္တာမပြောင်းလဲခဲ့သေး။ သန္တာနှင့်ကိုကြီးတို့၏ အိမ်ထာင်ရေးဟာ သိပ်ကိုကြည်နူးချမ်းမြေ့စရာပါ။

 မနက်မှာ သန္တာတို့သားအမိမြေးအဖွား ၃ ယောက် အတူတူထွက်။ ညနေရုံးဆင်းချိန်တွင်တော့ကိုကြီးက သမီးကိုကျောင်းဝင်ကြို။ သားအဖနှစ်ယောက်ရေမိုးချိုးပြီး သန္တာနှင့်မေမေတို့ပြန်အလာကို ခြံထဲမှာဆော့ကစားရင်း စောင့်ကြိုနေကျ။
ထိုအချိန်တွင် သန္တာ့ဖေဖေလည်း ရုံးမှပြန်ရောက်နေပြီမို့ ခြံထဲမှာ မြေးအဖိုးသားအဖတွေ ပျော်ရွှင်စွာဖြင့် ဆော့ကစားပြောဆိုနေသံများကိုကြားရ မြင်ရရုံဖြင့် သန္တာ့ရင်မှာ အမောပြေမြဲ။
အိမ်ထောင် ၂ခုစာ ဦးဆောင်ရှာဖွေနေရလို့ပင်ပန်းပေမယ့် ဒီလိုမိသားစုဘ၀လေးကို ပိုင်ဆိုင်ရလို့ ပျော်ရွှင်ကြည်နူးရသည်မှာ အမှန်ပါလေ။
          သားငယ်လေးကို ကိုယ်ဝန်ဆောင်လွယ်ပိုးရစဉ်မှာ သန္တာ့တွင်သွေးတိုးရောဂါအနုစားလေးကပ်ငြိလာခဲ့သည်။ ဒါပေမယ့် ကိုကြီးနှင့်အရာရာဆင်တူသော နှာတံရှည်စင်းစင်း ၊ မျက်တောင်စင်းလေးများဝန်းရံထားတဲ့မျက်ဝန်းနက်တောက်တောက်လေးများ။ ထင်ရှားထူထဲသော မျက်ခုံး နှင့် နှုတ်ခမ်းရဲရဲလေးများကို ပိုင်ဆိုင်သေား သားငယ်လေး ဖိုးသားသည် မကြာခဏ မူးဝေတတ်သော သူမရောဂါတော်တော်များများကိုတော့ တော်တော်လျော့ပါးစေပါသည်။
          ယခုတော့သန္တာ့ဘ၀ ပြည့်စုံပြီပေါ့နော်။ သန္တာနှင့်ဆင်တူကာ “ကော်ပတ်ရုပ်လေးကျနေတာပဲ”ဟု အများတကာက မကြာခဏမှတ်ချက်ပြုခံရတဲ့ သမီးကြီးရယ်။ သူ့အဖေနှင့် ဆင်တူသော လူရည်သန့်သားငယ်လေးရယ်။ အိုး.. သန္တာ့ဘ၀ တကယ်ကို ပြည့်စုံပါပြီလေ။

(၇)
          သားရယ် သမီးရယ်လို့ ပြည့်စုံလာပြန်တော့ ကလေးတွေရဲ့ပညာရေးကို ဂရုစိုက်ရပြန်သည်။ အကြီးမလေးကတော့ ငြိမ်သက်စွာဖြင့်စာကြိုးစားသည်။ သူ့အတွက်တော့စိတ်ချမိပါသည်။ သားငယ်လေးကတော့ အငယ်ဆုံးပီပီ တခါတလေတော့ ဂျစ်တိုက်သည်။ သန္တာပြောဆိုဆုံးမလျှင် နွဲ့ဆိုးစိတ်နှင့် မလိုက်နာတတ်ပေမယ့် သူ့အဖေဆုံးမလျှင်တော့ တစ်ခွန်းနှင့်ပြီးတတ်သည်။
          ခင်ပွန်းကိုလည်းအိမ်ထောင့်စီးပွားရေးအတွက် တာဝန်ဝတ္တရားများမပိစေဘဲ စိတ်လွတ်လက်လွတ်နှင့် လုပ်ငန်းခွင်တွင်သာ အာရုံစိုက်နိုင်စေရန် မိမိသာ ကြိုးစားရုန်းကန်ခဲ့သည်။
ရိုးသားသည် ကြိုးစားသည် ဆိုသောဂုဏ်ပုဒ်နှင့် ရာထူးတွေ တဆင့်ပြီးတဆင့်တက်ကာ မိမိကိုယ်ကို ယုံကြည်မှုအပြည့်အ၀နှင့်ဖြစ်လာသော ခင်ပွန်းသည်ကို မြင်ရသည်မှာစိတ်ချမ်းသာမိသည်။ သူစိတ်ပျော်လျှင် ကိုယ်ပါအလိုအလျောက်ပျော်လာမိသည်။
 ဒီလိုနှင့်ပဲပေါ့ သားငယ်လေး ၅နှစ်သားအရွယ်တွင် ရာထူးအမြင့်စားနှင့် မန္တလေးတိုင်းတွင် တာဝန်ကျသည်။ မခွဲထားချင်ပါ။ ချစ်သူကို မိသားစုနှင့် ဝေးရာအရပ်တွင်ခွဲမထားလိုပါ။
          “ကိုကြီး…ရန်ကုန်မှာပဲ ဆက်နေလို့မရဘူးလားဟင်..သားလေးက နောက်နှစ်ဆို ကျောင်းစနေရတော့မယ်။ ကလေးက ကိုကြီးကိုပိုခင်တွယ်တော့ ကျောင်းစတက်စမှာ ဖအေအနားမှာရှိနေရင် ပိုကောင်းမယ်လို့ထင်တယ်။ နောက်ပြီး သန္တာတို့သားအမိတွေကလည်း ဆိုင်ကတစ်ဖက်.. သမီးကြီးကျောင်းက တစ်ဖက်နဲ့ လိုက်မနေနိုင်တော့ ဖြစ်နိုင်ရင် မသွားစေချင်ဘူး”
          “ဒါဆိုရင် ကိုယ်ရာထူးတိုးတာကို ငြင်းပယ်လိုက်မယ်လေ။ ကိုကြီး ဒီမှာနေချင်ရင် ရာထူးကိုစွန့်ရမယ်။ ရာထူးကိုလိုချင်ရင်တော့ ကိုကြီးသွားကိုသွားရလိမ့်မယ်။ တစ်ခုလိုချင်ရင် တစ်ခုတော့စွန့်လွှတ်ရမှာပဲသန္တာရယ်”
          မျက်နှာလေးငယ်စွာဖြင့် ပြောလာတဲ့သူ့ကိုကြည့်ရင်း စိတ်မကောင်းဖြစ်မိသည်။ အဲလိုတော့လည်းမဖြစ်ပြန်။ သာမန်ဝန်ထမ်းဘ၀တုန်းက ဘယ်လိုခံစားချက်မျိုးရှိနေခဲ့သည်ကို သူမသာလျှင်နားအလည်ဆုံး။ ကိုကြီးဆန္ဒကို ပြည့်ဝစေလိုသည်။
          “အင်း…သွားပါလေကိုကြီးရယ်။ ဖိုးသားလေးက ငယ်သေးလို့သာပါ။ နောက်ကျ သမီးကြီးလို လိမ္မာလာမှာပါ။ ဒါဆိုလည်းစိတ်ချလက်ချသွားနော်။ သန္တာတို့လိုက်မနေပေးနိုင်ပေမယ့်။ အမေ(ကိုကို့မေမေ)တော့ လိုက်နေပေးမယ်ပြောတယ်။ ဘာပဲပြောပြောစားရေးသောက်ရေး။ ကျန်းမာရေးအတွက် အမေရှိတော့ စိတ်ချရသေးတာပေါ့။ အမေ့ကိုကျေးဇူးတင်လိုက်တာ”
(၇)
          မန္တလေးတွင်တာဝန်ကျသည့် သူ့ထံသို့ ဆိုင်ပိတ်ရက်တိုင်း၊ သားနှင့်သမီးကျောင်းပိတ်ရက်။ ကျူရှင်အားရက်တွေညှိခါ..မကြာခဏဆိုသလိုပင် သွားခဲ့သည်။

          သားသမီးတို့အားဖခင်ဖြစ်သူနှင့် မစိမ်းစေလို။ ကိုယ်မသွားဖြစ်သည့်အခါတိုင်းလည်း သူကရောက်လာပြန်သည်။ ထို့အတူ ညစဉ်နီးပါးဖုန်းဆက်ဖို့လည်း မပျက်ကွက်ခဲ့။
သားသမီးတို့ အသံကိုကြားလေတိုင်း အမောပြေသည်ဟု သူ့ဖက်က အပြောမပျက်ခဲ့။ သူ့ဆီကဖုန်းလာပြီးတိုင်း သူမနှုတ်ခမ်းတွင်လည်း ကြည်နူးပြုံးတို့ မပျက်ခဲ့။ သြော်..ဝေးနေရပြန်တော့လည်း အလွမ်းဓာတ်က ရင်မှာခိုပြန်ပြီပေါ့။
          သားငယ်လေး ပထမတန်းစတက်ချိန်မှာပဲ.မန္တလေးသို့ အတူလိုက်သွားသည့် အမေပြန်ရောက်လာသည်။
“အမေ..ပြန်လာပြီ။ ဘာဖြစ်လို့လည်းဟင်။ အလည်လာတာလား။ အပြီးပြန်လာတာလား”
ဆိုင်သို့ရောက်လာသည့် အမေ့ကို အမောတကောမေးမိတော့ အမေက ခပ်ပြုံးပြုံးပဲ ပြန်ဖြေသည်။
“သားက သူတစ်ယောက်ထဲနေလည်း အဆင်ပြေပါတယ်တဲ့ ..အမေပင်ပန်းတယ်တဲ့…သူရုံးသွားရင် အထီးကျန်ဆန်တာပေါ့…တဲ့ သူ့အမတွေနဲ့ပဲ ပြန်နေပါဆိုတာနဲ့။ အမေလည်း ပြန်လာခဲ့တယ်. မြေးတွေကိုလွမ်းတယ်လေ”
“ ဟင်…ဒါဆို အမေ့သားတော့ တစ်ယောက်ထဲ စားရေးသောက်ရေးက အစ ခက်ခဲတော့မှာပဲ။ ဒုက္ခပါပဲ သမီးစိတ်ပူလိုက်တာ။”
“အမလေး..မပူပါနဲ့အေ..သူ့လက်အောက်က သူငယ်လေးကလဲ လူပျိုလူလွတ်..နယ်ကလာတာဆိုတော့ အိမ်မှာပဲ..အတူလာနေဖို့ ခေါ်ထားလိုက်တယ်လေ။ ချက်တတ်ပြုတ်တတ်..ရည်ရည်မွန်မွန်လေးမို့ စိတ်ချရတာနဲ့ပြန်ခဲ့တာပါ”
စိတ်ပူတတ်သော သန္တာက အမေ့အပြောကြောင့် အနည်းငယ်တော့ စိတ်အေးလက်အေးဖြစ်သွားသည်။ ကလေးတွေကျောင်းပိတ်ချိန် သူ့ဆီရောက်တော့ အမေပြောတဲ့အတိုင်းပဲဖြစ်တာမို့ စိတ်သက်သာရာ ရမိသည်။
(၈)

ရာသီတလီပြောင်းခဲ့လေပြီ။

          သမီးကြီးနဲ့သားငယ်လေးရဲ့အတန်းတင်စာမေးပွဲအတွက် စာကူကျက်ပေးရလို့ မအားလပ်မှုတွေ၊ ကျန်းမာရေးမကောင်းတော့တဲ့ ဖခင်ဖြစ်သူအတွက်ပူပန်ရမှုတွေ၊ ရောင်းအားတက်လာတဲ့ဆိုင်မှာ မျက်နှာလွှဲလို့ရလောက်တဲ့လူမရှိသေးလို့ ကိုယ်တိုင်လုပ်ရင်းပင်ပန်းရမှုတွေနဲ့ ကိုကြီးဆီသို့ အရောက်ကျဲသွားခဲ့သည်။

 တိုက်ဆိုင်စွာပင်ကိုကြီးဆီက ဖုန်းဆက်သွယ်လာမှု နှင့် မိမိတို့သားအမိ တတွေ မသွားနိုင်ခဲ့လျှင် သူ့ဖက်မှမပျက်မကွက်ရောက်လာမှုတို့လည်း ကျဲပါးသွားခဲ့ပြန်သည်။

သားသမီးတွေစာမေးပွဲပြီးလို့ စိတ်ပူရမှုတစ်ခုလျော့ပြန်တော့ အကြီးမားဆုံးပူပန်မှုတခုဖြစ်လာခဲ့သည်။

 တရှောင်ရှောင်ဖြစ်နေတဲ့ ဖခင်ဖြစ်သူ လောကကြီးထဲမှ ထာဝရထွက်ခွာသွားခဲ့သည်။ သူမအတွက်တော့ အကြီးမားဆုံးသော ဆုံးရှုံးမှုပါပဲ။ ဖခင်ဖြစ်သူ ဈာပနမှာ အလုပ်မှရက်ရှည်ခွင့်ယူပြီးပြန်လာတဲ့ ချစ်ခင်ပွန်းရဲ့နှစ်သိမ့်အားပေးမှုတွေကြောင့်သာ သူမဖြေသာခဲ့သည်ပေါ့။

 ဒါပေမယ့် ကိုကြီးမျက်ဝန်းတွေက အရင်ကလို မပြတ်သားတော့သလိုပဲ။ လူကသာသန္တာ့ကို နှစ်သိမ့်အားပေးဖို့ရောက်လာပေမယ့် စိတ်ကတော့ တာဝန်ရှိရာ မန္တလေးသို့သာပြန်ချင်နေပုံ။
ဒီလိုနှင့် ခွင့်ရက်စေ့ပြန်တော့ ပဲခူးမြို့သို့သူပြန်သွားပြန်သည်။ အချိန်တန်လို့ အိမ်ပြန်သူအတွက် လွမ်းရင်းနဲ့သာ သန္တာတို့မိသားစု ကျန်ရစ်ခဲ့ရပြန်ပြီပေါ့။

(၉)
          “သန္တာရေ..ငါ့ညီမ တစ်မျိုးတော့မထင်နဲ့နော်။ အမမိုးမနေ့ကပဲ မန္တလေးက ပြန်လာတာ။ ညီမအမျိုးသားကိုလေ.. မယ် ဆုရဖူးတဲ့ကောင်မလေးတစ်ယောက်နဲ့ရွှေဆိုင်မှာရွှေဝယ်နေတာတွေ့ခဲ့တယ်”

          ဆိုင်ကိုရွှေအမြဲလာလုပ်တဲ့ ကြို့ကုန်းမှအမမိုးက ဆိုင်ပေါ်တက်လာရင်းပြောတော့ သွေးတိုးအခံရှိတဲ့ သန္တာ့ဦးခေါင်း မိုက်ကနဲနေအောင်မူးမိတာမို့ ရွှေပုံးကို လက်၂ဖက်နှင့် ဆုပ်ကိုင်အားပြုထားရသည်။

ဟင့်အင်း……..ငါအမမိုးရှေ့မှာလဲကျသွားလို့မဖြစ်ဘူး။ သူ့စကားတွေဆုံးအောင် နားထောင်ရမယ်။ အတွေးနှင့် အားပြုထကာ ရေခဲသေတ္တာထဲမှ သံပုရာရည်နှင့် ကုခ်တစ်ဗူးယူပြီး အမကိုဧည့်ခံရင်း မိမိကိုယ်တိုင်လည်း သံပုရာရည်သောက်ရင်း အမူးဖြေဖျောက်ရသည်။ မူးလိုက်တာ။

“အမှန်ပြောရရင် အမ သူတို့ ၂ယောက်တွဲနေတယ်ဆိုတဲ့ ဒီသတင်းကြားတာကြာခဲ့ပြီ။ မဟုတ်ဘဲ မသေချာဘဲညီမကိုပြန်ပြောပြခဲ့ရရင် သူတို့ ၂ယောက်ရဲ့သိက္ခာအတွက်လည်း ငဲ့လို့။ ညီမစိတ်အရမ်းပူတတ်တာလည်းသိလို့။ အမကိုယ်တိုင်လည်း မတွေ့ခဲ့ရလို့ မပြောဘဲထားခဲ့တာ။
ဒီတခါတော့ ညီမလေးဆီအလည်သွားရင်းနဲ့..ဈေးချိုထဲမှာ ဈေးဝင်ဝယ်ရင်းတွေ့ခဲ့တာ။ အမကိုတစ်မျိုးမထင်နဲ့နော်။ သန္တာ့မှာလဲ ကလေးတွေနဲ့ဆိုတော့ အချိန်မှီထိန်းသင့်ထိန်းရအောင် စေတနာနဲ့လာပြောတာပါ။
 အမလည်း အိမ်ထောင်သည်မို့ ကိုယ်ချင်းစာလို့ပါ။ပြီးတော့ ဒီလောက်ချောလှပြီး သူ့အပေါ်ကောင်းလွန်းတဲ့ သန္တာ့အပေါ် သစ္စာဖောက်ရက်လေခြင်းလို့ မခံနိုင်ဖြစ်လွန်းလို့။ ကောင်မလေးက ငယ်တယ် ချောတယ်. အရမ်းချွဲတတ်တယ်တဲ့ ဒါ..အမကြားခဲ့တဲ့သတင်း”
သတင်းလာပေးသော အမမိုး၏ မျက်နှာသည် ၀ါးသွားလိုက် ပြန်ကြည်လာလိုက်နှင့်…အမမိုးပြန်သွားတော့ နှုတ်ဆက်မိသလားနှုတ်မဆက်မိသလားတောင် သေချာမသိတော့။
          အသိစိတ်မဲ့စွာဖြင့် ဆိုင်ကိုသိမ်းဆည်းပြီး မိခင်နှင့်သားသမီးများရှိရာ အိမ်သို့ကားအမြန်မောင်းပြန်မိသည်။ ရင်ဘတ်ကြီးတစ်ခုလုံးကို မီးစနှင့်မြှိုက်ခံထားရသကဲ့သို့ ပူလောင်လှသည်။

 လမ်းမှာ ကားဟွန်းတီးခံရတာတွေ…သူများကားကို ၀င်တိုးမိမလိုဖြစ်တာကြောင့် ကြမ်းတမ်းသောစကားများနှင့် ပြောဆိုခံရမတတ်မျက်ဝန်းများနှင့် အကြည့်ခံရတာတွေကိုလည်း သတိမပြုမိတော့။
 မျက်ဝန်းမှာမျက်ရည်စတွေ ဒလဟော သွန်ကျနေသည်ကိုသာ သူမ ခံစားမိတော့သည်။ အိမ်ရောက်တော့ ဘာမပြော ညာမပြောနှင့် မေမေ့ရင်ထဲခေါင်းတိုးဝှေ့ကာ ငိုမိသည်။
          သန္တာငိုတာမြင်တော့ သားနှင့်သမီးကပြေးလာကာ သန္တာ့ကိုဖက်ရင်းသူတို့ပါဝိုင်းငိုသည်။ အိုး..ရင်ထဲမှာပူလောင်လိုက်တာ။ အိမ်ထောင်ရေးဖောက်ပြန်သူအမျိုးသားအတွက် ငိုကြွေးနေသူ သူမ။ ဘာကိုမှ မသိနားမလည်သေးဘဲ။ မိခင်ငိုတာကြောင့် ၀မ်းနည်းပြီး ငိုကြွေးတဲ့သားနဲ့သမီး။ သမီးဖြစ်သူငိုတာကြောင့် လွတ်လပ်စွာငိုခွင့်ပေးထားတဲ့ နှစ်သိမ့်အားပေးဖို့ အသင့်ပြင်ထားတဲ့မေမေ။ မြင်ကွင်းက သိပ်ကိုဆိုးဝါးအကျည်းတန်နေမှာပဲ။

          ဒါပေမယ့်သန္တာ့မျက်ရည်များရပ်မရခဲ့။သားနှင့်သမီးတို့ငိုသံများပိုမိုပြင်းထန်လာပြီးမောဟိုက်သံထွက်လာတော့မှ ပေစက္ခအခြေအနေကို သန္တာသုံးသပ်မိသည်။

          သားနဲ့သမီးတို့အတွက် သန္တာပျော့ညံ့လို့မဖြစ်။ သူတို့လေးတွေအတွက် သန္တာလုံးဝကိုပျော့ညံ့လို့မဖြစ်။
          မျက်ရည်တွေကို လက်ဖမိုးနှင့် ကြမ်းတမ်းစွာသုတ်ပစ်ရင်း သားနှင့်သမီးကို ထွေးပွေ့လိုက်သည်။ “မေမေသွေးတိုးလို့ ခေါင်းမူးလွန်းလို့ငိုတာပါကွယ်။ စိတ်မကောင်းဖြစ်သွားကြလားဟင်။ သားနဲ့သမီး။ တိတ်တော့နော်။ မေမေ့ကို သိပ်ချစ်တာပဲလား”
          မို့အစ်တဲ့မျက်ဝန်းတွေနှင့် နှုတ်ခမ်းမှာအပြုံးပန်းဆင်ရင်း မေးလိုက်တော့ မျက်လုံးရွဲကြီးတွေမှာ မျက်ရည်တွေဝေ့ရင်း သားနှင့်သမီးက ခေါင်းအခါခါညိတ်ပြသည်။
         
          သန္တာသနားလိုက်တာ။ ကလေးတွေက မိဘနဲ့နေရမယ့်အချိန်မှာ သူ့အဖေကတော့ တခြားရင်ခွင်မှာ ပျော်မွေ့နေပြီတဲ့။ ရင်နာစရာကောင်းလိုက်တာ။ သမီးနဲ့သားရေ..မင်းတို့အတွက် မေမေကြိုးစားမယ်။ မင်းတို့ရဲ့ချစ်ခြင်းနဲ့ပဲ မေမေ မတ်မတ်ရပ်နိုင်အောင်ကြိုးစားမယ်။

          ထို့နောက်မိခင်ဖြစ်သူကို အကြိုးအကြောင်း တိုးတိုးကြိတ်ကြိတ်ပြောပြသည်။ မိခင်ကတော့ ရှေ့ရေးနောက်ရေးစဉ်းစားဖို့လိုကြောင်း၊ သေချာညှိနှိုင်းဆွေးနွေးဖို့လိုကြောင်း၊
မိသားစုနှင့် အနေဝေးသွားသော အမျိုးသားတစ်ချို့တွင် တခါတရံ ဤကဲ့သို့ အဖြစ်အပျက်များ ဖြစ်တတ်ကြောင်း၊ တကယ်တော့အပျော်ခံစားမှုသက်သက်သာဖြစ်ကြောင်း၊ သူတို့တကယ်ခင်တွယ်တာ လက်ရှိမိသားစုသာဖြစ်ကြောင်း စသည်ဖြင့် သန္တာ့ကို လူကြီးပီပီ နှစ်သိမ့်အကြံဥာဏ်ပေးသည်။

(၁၀)
တစ်ညလုံး အိပ်မပျော်နိုင်ဘဲ သန္တာစဉ်းစားမိသည်။ မိမိခင်ပွန်းကို တခြားအမျိုးသမီးတယောက်နှင့်ယှဉ်ပြိုင်ပြီး ပြန်လုယူရမည့်အဖြစ် သန္တာမလုပ်ချင်ပါ။ မိမိအားချစ်လှပါချည်ရဲ့ဟု ဆိုခဲ့ပြီးမှ၊ တဘ၀လုံးအတွက် သစ္စာနှောင်ငင်ပါမည်ဟုလည်းပြောခဲ့ပြီးမှ ခုလက်ရှိတွင်တော့ တခြားတပါးသူတစ်ယောက်ကို အချစ်တွေမျှဝေပေးပြီးတဲ့ ယောက်ျားတစ်ယောက်ကို သန္တာ အရင်ကလို အကြွင်းမဲ့ယုံကြည်ပြီးချစ်နိုင်ပါဦးမလား။ ဟင့်အင်း..သူ ကိုယ့်ထက်ပိုချစ်နိုင်လို့မှ ရင်ခွင်သစ်ကိုရွေးချယ်ခဲ့ပြီပဲ။ ၀မ်းနည်းနားကျည်းမှုနှင့် မျက်ရည်များစီးကျလာတာကြောင့် လက်ဖမိုးနှင့်ကြမ်းကြမ်းတမ်းတမ်းပဲ သုတ်ပစ်လိုက်သည်။

သားနဲ့သမီးလေးတို့မျက်နှာတွေပြန်ပေါ်လာပြန်သည်။ သူတို့ဖခင်နဲ့တွေ့တိုင်း ပျော်ရွှင်မြူးတူးနေသည်ကိုလည်း မြင်ယောင်မိပြန်သည်။ တစ်ဖက်က ကိုယ်မမြင်ဖူးသော မိန်းကလေးအကြောင်း။  အတွေးတွေစုံလှသည်။

စိတ်ကအောင့်မထားနိုင်တော့၊ ကိုကြီးကိုမေးချင်လာသည်။ နာရီကိုကြည့်လိုက်တော့ ညတစ်နာရီ ၂၀မိနစ်။ ဖုန်းနံပါတ်နှိပ်ရင်း ၃လုံးမြောက်မှာ လက်ကတွန့်သွားပြန်သည်။

 ကိုကြီးမနက်ရောက်ရင် ရုံးတက်ရဦးမှာ။ ငါ့ဖုန်းသံကြောင့်အိပ်ရေးပျက်သွားမလား။  အို….ဆက်လိုက်မှပဲရှင်းမှာပါလေ။ သဘက်ခါရုံးပိတ်မှပြန်အိပ်လို့ရတာပဲ။စဉ်းစားအပြီှးမှာတော့   ကိုကြီးရဲ့ဟန်းဒ်ဖုန်းနံပါတ်များဆုံးအောင် နှိပ်မိသွားသည်။

ဖုန်းခေါ်သံ ၂ခါလောက်မြည်အပြီးမှာ အတော်အသင့်သာယာချိုမြိန်သော အိပ်ချင်မူးတူးသံလည်း အနည်းငယ်စွက်နေသော အမျိုးသမီးငယ်တစ်ယောက်၏ အသံထွက်ပေါ်လာသည်။ “ဟလို ဘယ်သူလည်းမသိဘူး။ ကိုကြီးအနားမှာမရှိဘူး” တဲ့…

ဘုရားဘုရား…

ဘုရားတရင်း ရင်ဘတ်ကို ဖိထားမိသည်။ “ကိုကြီးဆိုတာ ကိုထွန်းသူရကိုပြောတာလား ညီမလေး” …“အင်းပေါ့ အမက သူ့ဖုန်းကိုဆက်နေတာပဲ”

အို..သေချာပြီပေါ့။ ဒါဆိုကြားရတဲ့သတင်းတွေဟာ အမှန်ပဲပေါ့။ 

“ဒါဆို ခုသူကဘယ်မှာလည်း ဟင်”။
“မီး ညဖက်ကြီးဗိုက်ဆာလာလို့ ညလယ်စာသွားလုပ်ပေးနေတယ်”။ ဒုတိယအကြိမ်ဘုရားတမိပြန်သည်။

 ကိုကြီးရေ သားသမီးတွေ ဗိုက်ဆာချိန်ကိုတောင် ဂရုမစိုက်မိတဲ့သူက မီးလို့ သူ့ကိုယ်သူဆိုတတ်တဲ့၊ ကိုကြီးကို သန္တာ့လိုပဲ ကိုကြီုး လို့ ခေါ်တတ်တဲ့ ၊ ချိုချိုသာသာ တီတီတာတာပြောတတ်တဲ့ကောင်မလေးတစ်ယောက်အတွက် ညစာကို ကိုယ်တိုင်လုပ်ပေးနေတတ်ပြီလား။  နာကျည်းစွာတွေးရင်း နှုတ်ခမ်းစွန်းကို ဖိကိုက်မိသည်။

တဖက်က “ဒါနဲ့ အမကဘယ်သူလဲ ကိုကြီးကိုဘယ်သူဆက်တယ်လို့ပြောလိုက်ရမလဲ” လို့အမေးစကားကိုလဲ သူမဆက်နားထောင်နိုင်စွမ်းမရှိတော့။ “မင်းရင်ခွင်ထဲက ကိုကြီးဆိုတဲ့လူရဲ့ အမျိုးသမီးပါ”လို့ ပြောကိုမပြောချင်တော့။

(၁၁)
          ဧပရယ်လလယ်မို့ နေကပူလွန်းလှသည်။ သန့်ရှင်းဆိပ်ငြိမ်သော အအေးခန်း စားသောက်ဆိုင် သို့ ချိန်းဆိုထားသည့် အချိန်တွင်သန္တာရောက်သွားခဲ့သည်။

ဝတ်စုံပြည့် ယူနီဖောင်းကိုခန့်ထည်စွာ ၀တ်ဆင်ထားသော အမျိုးသားတစ်ဦး။ သူကတော့ သန္တာသိပ်ချစ်ဖူးသောကိုကြီး။ သူ့ဘေးတွင်တော့ ဖြောင့်စင်းလှပ သောဆံပင်ရှည်။ကျော့ရှင်းလှပသော ခန္တာကိုယ် နှင့် ကိုကြီးကို မှီနွဲ့ပြီး စွဲမက်ဖွယ် နှုတ်ခမ်းများနှင့် အအေးခွက်မှ ပိုက်တံမှတဆင့် အအေးများကို စုပ်ယူသောက်သုံးနေသည့် မီး ဆိုသော ကိုကြီးအချစ်တော်။ သန္တာ တည်ငြိမ်စွာပဲ ဆိုင်ထဲသို့ လှမ်းဝင်ခဲ့လိုက်သည်။

          “ညီမကို အမ တစ်ခုတော့ တောင်းဆိုချင်တယ်။ နာရီဝက်လောက် အမတို့ ၂ယောက်ထဲ စကားပြောချင်တယ်”
          “အိုခေ..ရတယ်လေ။ ကိုကြီး ..နာရီဝက်ကြာရင် မီးကို ဈေးထဲမှာလာခေါ်…ရှော့ပင်းထွက်လိုက်ဦးမယ်”
          ခေါင်းငြိမ့်ပြတဲ့သူ့မျက်နှာကိုတလှည့်။ ထွက်ခွာသွားတဲ့သူမကျောပြင်ကိုတလှည့် ကြည့်နေရင်း တိတ်ဆိတ်မှုကို သန္တာကပဲ ဖြိုခွင်းလိုက်သည်။

          “ရှင်..သူ့ကိုတကယ်ချစ်တာလား။ ရှင်နဲ့သူဘယ်အဆင့်ထိရောက်ပြီလဲ”

ဆတ်ခနဲ ခေါင်းမော့လာသော သူ့မျက်ဝန်းတို့မှာ အရိပ်တစ်ခုခုများရှိနေမလားလို့ သွေးရူးသွေးတန်းရှာမိသည်။ သို့သော် နောင်တရိပ်လေးကိုမျှပင် ရှာမတွေ့ခဲ့။

          “ကိုယ်နဲ့သူ တွေ့တာက ဒီမြို့မှာ တိုင်းအဆင့် မယ်ပြိုင်ပွဲလုပ်တုန်းက ကိုယ်တို့ကိုမြို့ခံလူကြီးတွေက အကဲဖြတ်အဖွဲ့ထဲမှာထားပြီးဖိတ်တော့ ရောက်သွားရင်းနဲ့ စတွေ့တာ။
အမှန်ပြောရရင် ကိုယ် သူ့ကိုတကယ်ချစ်မိသွားတယ်။ ကိုယ်သန္တာ့ကိုလည်း မခွဲနိုင်ဘူး အရမ်းချစ်တယ်။ သားနဲ့သမီးကိုလည်း မခွဲနိုင်ဘူး။ ဒါပေမယ့် သူ့ကိုလည်းမခွဲနိုင်ဘူး။ သူနဲ့နေရတာကျေနပ်တယ်”
          “ကောင်းပြီလေ။ ဘယ်အဆင့်ထိရောက်နေပြီဆိုတဲ့ အဖြေကို မဖြေခဲ့ပေမယ့် ကျွန်မ သဘောပေါက်ပြီ။ အဲည်တော့ ရှင်ဒီကိုမလာခင်ပြောခဲ့တဲ့အတိုင်းပါပဲ။ တခုလိုချင်ရင် တခုတော့ စွန့်လွှတ်ရလိမ့်မယ်။ ရှင့်ကို ကျွန်မပေးထားတဲ့ မွေးနေ့လက်ဆောင် ဖုန်း။ကား။ အကုန်ရှင်ပဲ ယူထားလိုက်တော့။ ဒီပစ္စည်းတွေကို ကျွန်မလုံးဝ သုံးချင်စိတ်မရှိတော့ဘူး။ ဒီမှာကွာရှင်းစာချုပ်။ လက်မှတ်တစ်ခါထဲထိုးပေးပါ။ သားသမီးတွေနဲ့ဆက်သွယ်ခွင့် ကိုတော့ ကျမနောက်မှ ရှင့ှ်ရုံးဖုန်းကို ဆက်ပြီး အကြောင်းပြန်မယ်။”

          စာချုပ်နှင့်ဘောပင်ကို ရှေ့မှာချပေးတော့ ငိုင်တွေစွာဖြင့် စဉ်းစားနေသည်။

          ထိုအချိန်မှာပဲ ဖုန်းမြည်လာပြီး။ “ကိုကြီး မီးအကြာကြီးမစောင့်ချင်ဘူးနော်” ဆိုတဲ့ ချွဲအီအီ အသံတစ်ပိုင်းတစ်စရဲ့အဆုံးမှာ သူ့လက်တွေက စာချုပ်မှာလက်မှတ်ထိုးပြီးသားဖြစ်သွားသည်။

(၁၂)

၁၄နှစ်ကျော် သံယောဇဉ်ကို ဖြတ်တောက်ပြီး ၄လတောင်မကြာသေးတဲ့ အချစ်သစ်နဲ့ လက်တွဲဖို့ ရွေးချယ်ခဲ့တဲ့ ခင်ပွန်းတစ်ယောက်ကို ကျောခိုင်းပြီးရန်ကုန်ကိုပြန်လာတော့မယ့် သန္တာ့ခြေလှမ်းတွေလည်း ရဲဝင့်ရတော့မှာပေါ့။
“ကျွန်မကို သွားခွင့်ပြုပါဦး ကိုထွန်းသူရ” စိတ်တိုစိတ်ပျက်တဲ့အခါတိုင်း နာမည်ရင်းကို ခေါ်ဝေါ်သုံးစွဲတတ်တဲ့ သန္တာအထာကို သူ မသိဘဲနေမည်မဟုတ်။ ဒါကြောင့်စိတ်နာစွာနဲ့ပဲ သူ့ကို နာမည်ရင်းတပ်ခေါ်ပြီး ခပ်အေးအေးပဲ နှုတ်ဆက်ကာ ကျောခိုင်းထွက်ခဲ့သည်။
သားနှင့်သမီး တို့ကို ဖုန်းနှင့်ဆက်သွယ်ခွင့် ကိုတော့ သူမ မဖြတ်တောက်ရက်။ ကလေးတွေခံစားချက်ကိုတော့ သူမငဲ့တွက်ရမည်။
 လမ်းတစ်ဝက်မှာတင် သူမဖုန်းဆက်လိုက်သည် “ရှင့်ရဲ့အမျိုးသမီးငယ်လေး ခွင့်ပြုချက်ရလို့မို့ ကလေးတွေကိုဆက်ချင်စိတ်ပေါ်ရင်တော့ ရှင်အိမ်ဖုန်းကိုဆက်လို့ရပါတယ်”။
သည်စကားသည် သူ့ကို သန္တာနောက်ဆုံးပြောခဲ့သောစကား။
(၁၃)
၎ နှစ်ကြာပြီး နောက်ပိုင်းမှာတော့ သူရှာသမျှပိုက်ဆံဟူသမျှကို အမျိုးသမီးငယ်လေးက သုံးလို့ပင်မလောက်ကြောင်း။ တချို့လူတွေလိုပဲ ရပေါက်ရလမ်းကြံဖို့ တိုက်တွန်းပူစာကြောင်း။ အိမ်ထောင်ရေးလည်း သိပ်အဆင်မပြေတော့ကြောင်း။ သူလည်းနောင်တတွေနဲ့ကြေကွဲနေကြောင်း သတင်းကြားလာသော သန္တာ့မိတ်ဆွေတချို့က လာပြောကြသည်။
“သန္တာ့ကိုခင်ရင် သူ့အကြောင်းလာမပြောပါနဲ့တော့။ သူ့လမ်းသူရွေးချယ်သွားခဲ့သူမို့ သန္တာဥပေက္ခာပြုထားခဲ့ပြီးပါပြီ။ ကောင်းသည်ဆိုးသည် ဘာမှကိုမသိချင်တော့ပါ”လို့ သာတောင်းပန်လိုက်သည်။
          သူနှင့်ကွာရှင်းပြီးနောက်ပိုင်းတွင် သန္တာပြောင်းလဲလာသည်။ မိမိကိုယ်သာ အားကိုးပြီး သားသမီးတွေအတွက်။ မိခင်အတွက်။ ကိုယ့်အမေလိုပဲ ခင်တွယ်ရပြီး သူ့သားအတွက် အရမ်းကိုအားနာ သားကိုစိတ်နာနေတဲ့ သူ့အမေတွက် မားမားရပ်နိုင်ဖို့က ကိုယ်သာရှိတော့သည်မို့ မိမိကိုယ်ကို ရပ်တည်နိုင်အောင် အားထုတ်နေရသည့် အတွက် ၀မ်းနည်းမိသည့် အားငယ်စိတ်တွေကို ကျားကန်ထားရသဖြင့် တခါတရံကျားနာမလေးသဖွယ်။
          သေချာသည်က ကိုယ့်ဘ၀နှင့်ကိုယ် ရပ်တည်နေနိုင်သောသန္တာ သူ့ကို ရွေးချယ်လက်ထပ်ခဲ့သည်မှာ သူ့ဆီကရယူလိုမှုလိုအပ်ချက်အတွက် ဆိုတာကို ထည့်သွင်းမစဉ်းစားခဲ့ဘဲ ချစ်ခြင်းဆိုတာကိုသာ ထည့်သွင်းစဉ်းစားခဲ့ခြင်းဖြစ်သည်။
 သူသည်လည်းသန္တာ့ကို ချစ်ခဲ့သည်ဟုယုံကြည်သည်။ သူ့ရဲ့ချစ်ခြင်းတွေက မျှဝေနိုင်စွမ်းရှိလှချည့်လို့လဲ တစ်ခါတရံစိတ်နာနာနှင့်တွေးမိသည်။

          ခုတော့ သန္တာတစ်ယောက်ထဲ နေသားကျခဲ့ပါပြီလေ။ ချစ်ခြင်းကို မျှဝေခံစားသုံးစွဲခဲ့သူအတွက် ချစ်ခြင်းတစ်ခုကို အရင်းတည်ပြီး ဘ၀ကိုပုံထားခဲ့သူတစ်ယောက်က နာကျင်ခံစားနေရတာ မတန်ဘူးဟု ဆုံးဖြတ်ပြီး သားသမီးတွေအတွက် စိတ်ဓာတ်ခပ်မာမာပဲ  ထားခဲ့ပြီး ဘ၀ကို မယိမ်းယိုင်အောင်ဆက်လျှောက်ဖို့သာရှိတော့သည်။

(၁၄)
          ဒီနေရာမှာပဲမေ့မေ့ ဒိုင်ယာရီဆုံးသွားခဲ့ပါသည်။ ချောမောလှပခါ ကျက်သရေရှိသော တင့်တယ်သော မေမေ၏ အနာဂတ်လှပစေဖို့ လိမ္မာသော မမနှင့် ၊ အရင်ကဆိုးသွမ်းခဲ့သော ကျွန်တော် ဒီမောင်နှမ နှစ်ယောက်တွင် တာဝန်ရှိသည်ဟု ကောက်ချက်ချမိသည်။

          ဒီလောကကမ္ဘာကြီးမှာ တခဏတာ သာယာမှုကိုမက်မောပြီး ၊ ထာဝရသစ္စာနဲ့ချစ်မြတ်နိုးနေဆဲဖြစ်တဲ့ မိသားစုကို ထားရစ်ခဲ့သူ အမျိုးသား၊ အမျိုးသမီးဘယ်နှစ်ယောက်လောက်ရှိနေမလည်းတော့ ကျွန်တော်သေချာမသိပါ။

          တခဏတာသာယာမှုကိုမက်မောရင်းက တကယ့်မေတ္တာစစ်နှင့် တွေ့သွားသူများရှိသကဲ့သို့၊ နာမည်ကျော်ကြားလိုမှု ။အလိုဆန္ဒပြည့်ဝလိုမှုတခုခုကို မိမိဆီက မက်မောရယူလိုမှုများနှင့် ချဉ်းကပ်လာသူများအား  တကယ့်မေတ္တာစစ်ထင်ကာ လက်ရှိဘ၀ကို ဖြိုခွဲဖျက်စီးကြသူများကတော့ တကယ့်ကိုရေလိုက်မှားတဲ့ငါးများပါပဲ။
          ခုချိန်မှာ ဖေဖေက မေမေနဲ့ပြန်ပေါင်းစည်းကာ သူ့ရဲ့လက်ရှိကျန်ရှိကျန်ရှိနေသေးတဲ့ ဘ၀ကို မိသားစုနဲ့ဖြတ်သန်းလိုပေမယ့် မေမေ့ဆီက အရင်လိုယုံကြည်မြတ်နိုးမှုများနဲ့ ချစ်မြတ်နိုးမှုများကို ပြန်လည်လက်ခံရရှိတော့မည်မဟုတ်ပေ။
(၁၅)

          ဒါကြောင့်ကျွန်တော်ကတော့ ကျွန်တော့် ဖေဖေနှင့်မေမေ့ဘ၀ကို ပုံနှိုင်းယူကာ ကျနော့်အိမ်ထောင်ရေးကိုတော့ အမှားခံတော့မည်မဟုတ်ပါ။
ကျွန်တော်ရပြီးသားကို တန်ဖိုးထားပါမည်။ ပစ်ပယ်ရန်လည်းမစဉ်းစားပါ။ အဟောင်းကိုငြီးငွေ့ကာ အသစ်ကိုရှာဖွေပျော်မွေ့ချင်ကြတာတော့ သက်ရှိတွေရဲ့ သဘာဝပဲပေါ့။ ဒါပေမယ့်ကျနော်တို့က သက်ရှိတွေထဲမှာမှ တန်ဖိုးအရှိဆုံး၊ဥာဏ်ရည်အမြင့်ဆုံး လူသားမျိုးတွေဖြစ်နေလေတော့ ဆန္ဒကို အသိဥာဏ်ချွန်းဖြင့်အုပ်ကာ ထိန်းသိမ်းရပေမည်။ တချိန်မှာ မှားခဲ့ကြောင်းသိရှိလို့ နောင်တ တရားနှင့် ပြန်လှည့်လာပေမယ့် အရာရာဟာနှောင်းသွားကာပြေလည်မှုကိုရရှိဖို့တော့ အလွန်ပင်ခက်ခဲကြောင်း ကျွန်တော့မိဘ ၂ပါးက သက်သေပါပဲ။

မိုးလင်းချိန်ကို ကျွန်တော် မျှော်နေမိတယ်မေမေ။ ကျွန်တော့ရဲ့ချစ်ခြင်းတွေကိုပြချင်လို့၊ မေမေစိတ်ချမ်းသာစေချင်လို့၊ခုချိန် အလိုချင်ဆုံး ဆန္ဒတစ်ခုကတော့ မိုးမြန်မြန်လင်းပါစေတော့။ မေမေ့နဖူးပြင်လေးကို ခပ်ဖွဖွနမ်းလိုက်မိရင်း ကျွန်တော့နှုတ်ခမ်းမှ အပြုံးလေးတစ်ပွင့် ပြုံးလိုက်မိလေသည်။
                                                          X x x X  

ကြည်ဖြူပိုင်
၂၂ ဒီဇင်ဘာ ၂၀၁၂
စနေနေ့
ညဥ့် ၁၀နာရီ ၂၀မိနစ်

0 comments: