Showing posts with label Tag Post. Show all posts
Showing posts with label Tag Post. Show all posts

Monday, October 6, 2014

အားလုံးဟာ ပြောင်းလဲသွားခဲ့တယ်ဆိုရင်တောင်……



(photo credit to : Google) 

(ကာတွန်းလေးဆွဲပြီး ပို့စ်တင်မယ်လို့ စိတ်ကူးခဲ့ပေမယ့် ဒီညနေမှ ကဗျာကသီထရေးပြီး အချိန်မရှိတော့လို့ Google ကပုံလေးပဲ ရွေးပြီးတင်လိုက်ရပါတယ်။ပီးတော့ ဒီနေ့မိသားစုဓာတ်ပုံလေးတွေကြည့်ရင်း လွမ်းလွမ်းရှိတာမို့ မိသားစုအကြောင်းလေးနဲ့ဆက်စပ်ပြီးရေးလိုက်ပါတယ်။)



ရေမွှာစိမ်းလေးများကြားတွင် လျင်မြန်စွာကူးလူးနေသော ရွှေငါးသေးသေးလေးများကိုကြည့်ရင်း အသည်းယားလာသည်။ ကြည့်ပါဦး ချစ်ဖို့ကောင်းလိုက်တာ။ အိမ်က ကိုကြီးရဲ့ ငါးကန်ကျယ်ကြီးထဲရောက်သွားရင် ဟိုဖက် သည်ဖက် ယိမ်းထိုးကူးပြီးတော့ကို ပျော်နေကြဦးမှာလို့ တွေးကာ ငါးနှင့်ရေ ရောထည့်ထားသည့် ပလတ်စတစ်အိတ်လေးကို ထပ်မြှောက်ကြည့်မိပြန်သည်။

ထိုအခိုက်မိုးရေစက်လေးတချို့က ချို့မျက်နှာပေါ် ထိစင်လာ၏။ မျက်နှာပေါ်မှာ မေမေလိမ်းပေးထားတဲ့ သနပ်ခါးဘဲကြား ပျက်တော့မှာပဲ။

“ကိုကြီးရေ မိုးတွေ ရွာတော့မယ်။ နင်း နင်း မြန်မြန်နင်း”

စက်ဘီးနင်းနေသော ကိုကြီးရဲ့ ကျောပြင်တွင် ပါးကို မှီလိုက်ကာ မိုးစက်တွေကို ကာကွယ်ရင်း ပြောလိုက်သည်။ သည်အချိန်မှာ စက်ဘီးခုံကိုလည်း ကျစ်ကျစ်ပါအောင် ကိုင်ထားလေမှ။ ကိုကြီးတစ်ယောက် စက်ဘီးကို အမြန်နင်းလျှင် မည်သို့မည်ပုံ နောက်ကလိုက်ရမည်နည်းဟုလည်း ညီမငယ်တစ်ယောက်အနေဖြင့် အသိရှိနေပြန်သည်။ ကိုကြီးသည် အမြဲလိုပင် စက်ဘီးကို ကပ်ကာ သီကာ နင်းရတာ ၀ါသနာပါသည်။ တခါတရံ ဆိုင်ကယ်နှင့်အပြိုင်နီးပါး နင်းချင်လျှင်နင်းသေး၏။ သူ့စက်ဘီးနောက်တွင် လိုက်စီးလေ့ရှိသော ညီမငယ် ၂ယောက်နှင့် ညီငယ်တစ်ယောက်ကို စချင်ပါကလည်း စက်ဘီးကို ဘယ်ညာရမ်းကာ နောက်ကလိုက်စီးသူ အသည်းတယားယား ရင်တလှပ်လှပ်နေအောင်ပင် သူမို့ ကပ်ကာသီကာ နင်းတတ်သည်။ သို့သော် ဘယ်တော့မှ အန္တရာယ်မဖြစ်စဖူး။ ဒါသည်ပင် သူ့ကျွမ်းကျင်မှုဟု ဆိုရပေမည်။ ကိုကြီးရဲ့ စက်ဘီးနင်းကျွမ်းကျင်မှုကိုယုံကြည်သော ချိုကတော့ သူစက်ဘီးနင်းသည်ကို နောက်က ထိုင်စီးလေတိုင်း ဘယ်တော့မှ အငြိမ်ထိုင်မလိုက်ဘဲ ရှေ့လှည့်စီးလိုက် ဘေးလှည့်စီးလိုက်လုပ်တတ်သည်။ ဒီတစ်ခါတော့ လက်ထဲမှာ ငါးထုပ်လေးပါလာလို့မို့ မလွတ်လပ်လှ။ မိုးဖွဲလေးများကျလာတာမို့ ငြိမ်သက်စွာပဲ ထိုင်လိုက်ခဲ့သည်။



~~~~~  ဟိုး မိုးကောင်းကင်မှာ တိမ်ပြာပြာလေးများ လွင့်နေသည်။ ~~~~~~


တိမ်လွင့်လွင့်ကောင်းကင်အောက်က မြေပြင်ကျယ်မှာ ရစ်ဘီးနဲ့စွန် ၂စုံ၊ ကလေး၎ယောက် ခပ်စောစောပဲရှိသေး တက်ကြွနေကြ၏။ သူတို့ စွန်လွှတ်ဖို့အလုပ်ရှုပ်နေတုန်းအခိုက် သူတို့၏ စိတ်ချမ်းသာမှုအရ လူကြီးတွေက မတတ်သာပဲ ခွင့်ပြုမွေးမြူခွင့် ပေးထားရသော ကြောင်ကလေးတစ်ကောင် ၊ ရွှေဂဲလေးတစ်ကောင်နှင့် ရွှေငါးလေးများအပါအ၀င် ငါးအမျိုးအစားအစုံ ရောင်စုံလေးများသည် အိမ်တွင်စောင့်စားပျော်ပါးရင်း နေရစ်တတ်ခဲ့ကြသည်။ ကြက်ပေါက်စ၀ါဝါကလေးများ မွေးမြူချင်သည်ကို တောင်းဆိုထားဆဲ။ ခွင့်ပြုချက်မရသေးသည်မို့ သည်လောက်နှင့် ကျေနပ်နေရသည်။

အကို၂ယောက်လွှတ်တင်မည့်စွန်ကို ပင့်ကိုင်ပေးပြီး စွန်လေး၂စင်း မိုးပေါ်သို့ ပြန်တက်ဝဲသွားသည်နှင့် တစ်ပြိုင်နက် ချိုတို့ညီအမ ၂ဦး အိုးပုတ်လေးများဖြင့် ဆော့ရန်အိမ်သို့ ပြန်ခဲ့သည်။ အိမ်အပြန်လမ်း လမ်းဘေးတွင် အလေ့ကျ ပေါက်တတ်သည့် အပင်ငယ်များ၊ ခြံစည်းရိုးတစ်ချို့တွင် ပွင့်လန်းဝေဆာနေသော အပင်ငယ်များမှာ အရိုး အရွက် အပွင့် စသည်ဖြင့် စိတ်ကူးတည့်ရာ ခူးဆွတ်သွားကြမည်။

သစ်ရွက်ကြမ်းများကို အရွယ် ခပ်ကြီးကြီး လှီးဖြတ်ထားခြင်းသည် ခေါက်ဆွဲ၊ သစ်ရွက်နုတို့အား သေးသေးမျှင်မျှင်လေးဖြစ်အောင်ရိတ်ရိတ်လှီးထားပါက ကြာဇံဟူ၍ ချိုတို့သတ်မှတ်မည်။ ဟင်းခတ်မှုန့်နှင့် ပဲမှုန့်အတွက်ကိုတော့ အိမ်ရှေ့လမ်းမပေါ်မှ သဲမွမွလေးများကို ဇွန်းဖြင့် ခြစ်ယူမည်။ ထိုသဲလေးများကို အိုးပုတ်ထဲထည့်၍ ရေလောင်းလိုက်ရင်တော့ ထမင်းဖြစ်ပြန်သည်။ ဆီအတွက်တော့ မပူပေ။ လဲမှို့ပင်မှ အရွက်လေးများကို တံချူဖြင့်ချူ အုတ်နီခဲဖြင့် ထုပြီး ရေနှင့်ရောလိုက်လျှင် အရည်ချွဲချွဲဆီကို ရပေမည်။ လုပ်ရမှာ အလုပ်ရှုပ်လျှင်တော့ လဲမှို့ပင်ရှိသော သူငယ်ချင်း မောင်နှမတစ်တွေ အားပါးတရ ထုထောင်းဖျော်ထားသည် ထိုဆီကို သတင်းစာဖြတ်ပိုင်းများ၊ ကြွေပန်းကန်အကြွေပဲ့များဖြင့် လဲလှယ်ဝယ်ယူနိုင်သည်။ ထိုအချိန်တွင် သူတို့က ဆီကုန်သည်ကြီးများပေါ့။ သူငယ်ချင်းတစ်ယောက်၏အိမ်ခေါင်းရင်းမြေကတော့ မြေနီရောင်ပေါက်သည်။ ထို့ကြောင့် သူ့အတွက်ကတော့ ဟန်ကျလှသည်။ အုတ်နီခဲကို တကူးတက ထုရိုက်ချေမွပြီးမှ လက်ဖက်ရည်ဖြစ်အောင် လုပ်ဖို့မလို။ ခေါင်းရင်းမှ မြေလေး ခြစ်ယူပြီး ရေဖျော်လိုက်ရုံဖြင့် လက်ဖက်ရည်ရ၏။ ထို့ကြောင့် သူကတော့ လက်ဖက်ရည်ဆိုင် ပိုင်ရှင်။

ရပ်ကွက်လမ်းရိုးကိုးပေါက် လျှောက်ဆော့ဖို့ သူငယ်ချင်း အပေါင်းအသင်း စုံစုံညီညီမရှိလျှင်တော့ ညီအမ နှစ်ယောက်တည်း ပြောင်းဖူးပြုတ်နှင့်သကြားလုံးကို ဆေးအဖြစ်သုံးကာ၊ လူကြီးတွေ၏ ဇာဂနာနှင့် ၀ါဂွမ်းများကို ယူသုံးချင်သုံးရင်း ဆရာဝန်နှင့်လူနာ လုပ်တမ်းသော်လည်းကောင်း ၊ အိမ်ရှေ့ရှိ ကျောက်သင်ပုန်းမည်းကြီးနှင့် မြေဖြူကို အသုံးချကာ ကျောင်းဆရာနှင့် တပည့်လုပ်တမ်းသော်လည်းကောင်း၊ စိန်မမအမည်ရှိ စိန်ပွဲစားလုပ်တမ်းသော်လည်းကောင်း အိမ်ထဲမှာပဲ ခြံပြင်မထွက်တမ်း ဆော့ဖြစ်သည့်အခါတွေလည်းရှိခဲ့၏။

ထိုသို့ ဆီကုန်သည်ထံတွင် ဆီဝယ်ဖို့၊ အသုပ်စုံဆိုင်တွင် အသုပ်ဝယ်စားဖို့ ထမင်းဆိုင်တွင် ထမင်းစားရိတ်ရှင်းဖို့၊ လက်ဖက်ရည်ဆိုင်တွင် သွားထိုင်နိုင်ဖို့ ၊ ကျောင်းဆရာမထံတွင် ကျောင်းအပ်နိုင်ဖို့၊ စိန်ပွဲစား ကျောက်ပွဲစားများလာပါက ကြိုက်နှစ်သက်သည့် ရတနာများ ၀ယ်ထားနိုင်ဖို့ ၊ နေမကောင်းလျှင် ဆရာဝန်ထံသွားဖို့ စသည့်အရေးများအတွက် အလဲအလှယ်လုပ်ရန် အိမ်ရှိ သတင်းစာ၊ရွှေသွေးစာစောင်များသည်  အပိုင်းပိုင်းပြတ်ကာ ကလေးအုပ်စုထဲတွင် ငွေစက္ကူရွက်များအဖြစ်အသုံးချခံခဲ့ရ၏။ တခါတရံတော့လည်း သစ်ရွက်ကလေးများကို သုံးကြသည်။ ဘယ်သူငယ်ချင်းအိမ်မှ ကြွေပန်းကန်ကွဲကွဲ ချိုတို့အကုန်လုံးအတွက်ကတော့ ၀မ်းသာစရာသတင်းကောင်းပင်။ ဘာကြောင့်ဆို မကြာခင်မှာ ပိုက်ဆံအကြွေစေ့လုပ်ဖို့ ကြွေပန်းကန်ကွဲစများ ရတော့မည်ကိုး။ အိမ်မှ လူကြီးတွေ တခါတရံ ထိုးတတ်သော ဆုငွေ ငါးသိန်းတန် ထီလက်မှတ်တစ်အုပ်ရလျှင် ထိုထီလက်မှတ်ပိုင်သော ကလေးသည် ကစားသည့် ကလေးအုပ်စုထဲမတော့ အတန်ကြီးများကိုင်သူဖြစ်၍ သူဌေးအဖြစ် သတ်မှတ်ခံရပေလိမ့်မည်။

ခြံကွက်တစ်ကွက်ကို ပိုင်းရောင်းပြီး တစ်အိမ်ထောင်ကနေ နှစ်အိမ်ထောင်ပွားများတတ်ကြတဲ့ ပစ္စုပ္ပါန်ခေတ် လူနေမှုထူထပ်မှုစနစ်ကလည်း မထွန်းကားသေးတော့ ချိုတို့မောင်နှမ သူငယ်ချင်းတစ်စုအတွက် ဆော့ကစားစရာ ခြံကျယ်ဝန်းကျယ်လေးတွေလည်း လမ်းထဲက ဘယ်သူ့အိမ်သွားဆော့ဆော့ အတူတူသာ။



~~~~~မိုးတွေရယ်ညို့လာပြန်ပြီပေါ့။ သည်းသည်းမည်းမည်းသာရွာလိုက်စေချင်တော့၏ ~~~~

မိုးသည်းသည်းအောက်မှာ အိမ်မိုးသွပ်ပြားပေါ်ရေကျသံက တဗြောင်းဗြောင်း မြည်ဟည်းနေသည်။ လျှပ်စီးလက်ခြင်းနှင့် မိုးချိန်းသံတို့ကလည်း ကြိုကြား အားဖြည့်နေကြပြန်၏။ ထိုသို့ဆိုလျှင်တော့ မိုးရွာထဲ မိုးရေထွက်ချိုးခွင့် ကြုံမည်မထင်။ လူကြီးတွေ ဆင်ပေးထားသည့် အနွေးကိုယ်စီ ဘောင်းဘီရှည်နှင့်နေသော်ငြားလည်း လျှပ်စီးတစ်ချက်လက်လိုက်လျှင်ပဲ ကြက်သီးလေးက ထချင်ချင်။ အိမ်ပေါ်ထပ် ၀ရန်တာတွင်တော့ မိုးသည်းလျှင် ရေပက်တတ်သည်။ ဒီတော့ တံစက်မြိတ်အောက်က ပြူတင်းပေါက်လေးပေါက်ဖွင့်ကာ မောင်နှမ၄ယောက်သား မြေကြီးပေါ်တဝေါဝေါစီးနေသည့် မိုးရေစက်များနှင့် သူတကာတွေတံစက်မြိတ်အောက် ခေါင်မိုးနှင့်သွယ်ထားသည့် ပိုက်တန်းများမှ ရေအလုံးလိုက် စီးမြောဖြာကျနေသည်ကိုလည်းကောင်း စိုက်ကြည့်နေကြသည်။ ကလေး ၄ယောက်တွင် အတွေး ၄မျိုးရှိနေမည်မှာလည်း အသေအချာ။

ထိုသို့ကြည့်ခြင်းမှ ငြီးငွေ့လာလျှင်တော့ စောင်ကြီးဖြန့်ခင်းကာ ၂ယောက်က စောင်ပေါ်တက်ထိုင်ပြီး ကျန် ၂ယောက်ကဆွဲတာကို ထိုင်စီးသော ကစားနည်းကို ပြောင်းဆော့ကြမည်။ ထိုကစားနည်းအတွက် စိတ်မပါလျှင်တော့ ကိုယ့်နားကိုယ် ပိတ်လိုက်ဖွင့်လိုက် လုပ်ကာ မေမေပြောတတ်သည့် မိုးဒေ၀ါ ပုံပြင်လေးကို စိတ်ကူးထဲ ကြားမြင်ယောင်ရင်း မိုးသံကို တစ်ဝက် တစ်ပျက် နားစွင့်ကြဦးမည်။ ဒါမှ မကျေနပ်သေးလျှင်တော့ မွေ့ယာထဲ (သို့) ဖျာလိပ်ထဲ ကိုယ့်ကိုယ်ကို ပတ်ဆော့ချင် ဆော့နေလိုက်သေး၏။ မိုးတွေခြိမ်း လျှပ်စီးတွေလက်လို့မို့ လူကြီးတွေကမှ မိုးရေထွက်ချိုးခွင့် မပေးပဲကိုး။ နို့မို့ဆိုလျှင်ဖြင့် ဘောင်းဘီတိုလေးတွေ စွပ်ကျယ်လေးတွေ ကိုယ်စီဝတ်ပြီး ဘောလုံးလေးတစ်လုံးကို ၄ယောက်သား လုကန်ပြီး မိုးရေထဲ လျှောက်ပြေးဆော့ကန်နိုင်သည်။ အိမ်တံစက်မြိတ်အောက်က မိုးရေသန့်သန့်စီးကျနေသည့် ပိုက်အောက်မှာ ၄ယောက်သား တစ်ယောက်တလှည့်  ရေချိုးနိုင်သေးသည်။ ခုတော့မတတ်နိုင်။ မေမေက နက်ဖန် အုန်းထမင်းချက်ကျွေးမှာဆိုတော့ ဖေဖေရုံးက ပြန်လာလျှင် အုန်းသီးခွဲပေးလိမ့်မည်။ ထိုအခါမှ အုန်းစို့ပါမပါ စိတ်ဝင်တစားနှင့်စူးစမ်းပြီး ပါလျှင်စားမည်။ မပါလျှင်တော့ စိတ်လျှော့ပြီး အုန်းရည်ချိုချိုလေးပဲ သောက်တော့မည်။


~~~~~ ဆောင်းလေရယ် အေးပြန်တော့ အနွေးဓာတ်က လို ~~~~~


ပုံမှန်ဆိုလျှင်တော့ ဆောင်းအေးအေးမှာ စောင်ပုံနွေးနွေးထဲပဲ ပုစွန်တုပ်ကွေး ကွေးနေလိုက်ချင်သည်။ သို့သော် ကျန်းမာရေးလိုက်စားသော ဖေဖေက ရုံးပိတ်ရက်နံနက်တိုင်းလမ်းလျှောက်နေကြမို့သူ့သားသမီးတွေကိုလည်း ခေါ်သွားနေကြ။ သတ်မှတ်ထားသော နေရာသို့ရောက်လျှင် စားချင်သောမုန့်တွေဝယ်ကျွေး၊ပြီးလျှင် သားအဖတတွေ တပျော်တပါး အိမ်ပြန်နေကြ။ ဆော့ကစား လမ်းလျှောက်ပြန်လာပြီး ဗိုက်ပြန်ချောင်သွားချိန်နဲ့ ကွက်တိ အိမ်ပြန်ရောက်လျှင် ခြံနောက်ဖက်ရှိ သစ်ပင်အောက်မှာ မေမေနှင့်ကြီးမေတို့က မီးမွှေးထားနှင့်ပြီးသားအဆင်သင့် ၊ ကောက်ညှင်းပေါင်းနှင့် ငါးခြောက်ဖုတ်ကလည်း မွှေးမွှေးကြိုင်ပြီး ပူနွေးနွေး ။ ဒီတော့ သစ်ပင်အောက်က သစ်ရွက်ခြောက်နံ့လေးသင်းနေသည့် မီးပုံဘေးမှာ မီးလှုံလိုက် ကောက်ညှင်းပေါင်းနှင့် တခြားစားစရာတွေစားလိုက်နှင့် မိုးရယ်လင်းရပြန်သည်။


အချိန်တွေက အိုသွားသကဲ့သို့ ချိုတို့အားလုံးလည်း မနုပျိုတော့ပြီ။

ချိုစီးနင်းခဲ့သော စက်ဘီးနောက်ခုံတွင် ကိုကြီး၏ ရင်သွေးငယ်လေး အစားထိုးစီးနေပေပြီ။ ကလေးဆိုသော နာမ်စားဖြင့် အလိုလိုက်ခံချိုသည်လည်း အရွယ်ရောက်၍ လူကြီးအတော် ဆန်နေရပေပြီ။ လူကြီးတွေ၏ ပြုစုခံ မောင်နှမတစ်စုသည် လူကြီးတွေအား ပြန်လည် ပြုစုနေပေပြီ။
သို့သော်ရာသီစက်ဝန်းတို့အချိန်မှန်လည်ပတ်နေသကဲ့သို့ တစ်ဦးနှင့်တစ်ဦးချစ်ခင်တွယ်တာသော သွေးတို့သည်လည်း ခန္ဓာကိုယ်ထဲတွင် မပြောင်းလဲစွာလည်ပတ်ဆဲ။

နေရာတကာ ကွန်ကရစ်တွေ ကတ္တရာလမ်းတွေသာ မြင်ရတော့သည့် အခုခေတ်မှာ အနေရကြာလာတော့ …. ကလေးတွေကစားဖို့မြေကြီးသပ်သပ် ထားကိုထားသင့်တယ်လို့ဆိုတဲ့ကြီးမေရဲ့ စကားအရ အိမ်ရှေ့မှာ မြေကွက်လပ်၊ နောက်ဖေးမှာ မြေကွက်လပ်ထားပေးခဲ့တာမို့၊  ဟိုတုန်းက မြေကြီးပေါ်မှာ ကစားခွင့်ရခဲ့ရတာကို ကျေးဇူးတင်မိသလို။

ရပ်ကွက်ထဲ လမ်းထဲမှာ အိမ်ခြေတွေ များပြားထူထပ်လာပြီး လူစိမ်းတွေ တသုတ်ပြီးတသုတ် ၀င်ရောက်လာတော့ နှပ်ချေးတွဲလောင်းနဲ့ ငယ်တုန်းက (ဘယ်တွေကိုမသိပြောင်းရွှေ့ကုန်ကြတဲ့) သူငယ်ချင်းတွေကိုသာ လွမ်းမိပြီး ၊ ကိုယ်တွေ ခြေရာချင်းထပ်ခွင့်ရခဲ့တဲ့ ခြံကျယ်တွေကိုသာ ပြေးပြီး မြင်ယောင်မိသလို။

ကိုယ့်လူကြီးတွေ အရင်ငယ်ငယ်ကလို မသွက်လက်နိုင်တော့တာကို မြင်ရတော့ ရင်ခွင်ထဲအမြဲတိုးဝင်ပြီး ချွဲနွဲ့ချင်တတ်တဲ့သူက သူတို့တွေ ပင်ပန်းတော့မယ်ရယ်လို့ တွေးပူပြီး အရွယ်နဲ့အလိုက် ရင့်ကျက်ရပြန်တော့ အရင်က ငယ်ဘ၀ကို လှိုက်လှိုက်လှဲလှဲကြီး လွမ်းမိသလို။

ရုပ်ဝတ္ထုတွေ တိုးတက်မြန်ဆန်လာပြီးအရင်ကထက်အရာရာ ခေတ်မီလာခဲ့ပေမယ့် စိတ်ဓာတ်တို့ ယိုယွင်းပျက်စီးလာတဲ့ လူ့ပတ်ဝန်းကျင်တွေကို နေရာတကာနီးပါးမှာတွေ့လာရတော့ အသက်ရှူကြပ်မတတ် စိတ်တွေ မွန်းကျပ်လာရသလို။


ဒါပေမယ့် ……

ပစ္စုပန်မှာ ဘယ်လိုပင် မွန်းကြပ်နေမိသည် ဆိုဦးတော့ ၊ အနာဂတ်မှာ ဘယ်လို ကြုံဦးမည်မသိ ဆိုဦးတော့။

သနပ်ခါးဖွေးဖွေးနဲ့ မေမေ့မျက်နှာကိုကြည့်ပြီးနိုးထရတဲ့။ မေမေ့ပေါ်ပေါ်လှဲအိပ်ပြီးသနပ်ခါးဘဲကြားလိမ်းပေးခံခွင့်ရတဲ့ မနက်ခင်းမိုးလင်းတိုင်းကို ပိုင်ဆိုင်ခဲ့ရခြင်းအတွက်။ မိဘ၂ပါး အဒေါ်တွေနဲ့ မောင်နှမတတွေ လူတို့လုပ်ကြံဖန်တီးထားတဲ့ ခေတ်မီမီ ဖျော်ဖြေရေး စက်ကိရိယာတွေနဲ့ ကင်းကွာပြီး ကိုယ့်အပျော်ကို ကိုယ်တိုင်ရှာဖွေ ပျော်ခဲ့ရခြင်းအတွက်။ ပြီးခဲ့ပြီးသော အတိတ်နေ့ရက်တိုင်းအတွက် အလွန်ပင် ပျော်ရွှင် မိပါသည်။

ထိုသို့ဆိုပြန်တော့ ….ရုပ်ဝတ္ထုတိုးတက်မှုကိုမလိုလားလေသော အံဝင်ခွင်ကျမဖြစ်လေသော ခေတ်နောက်ပြန်ဆွဲသမားကြီးဟု ထင်ပေလိမ့်မည်။

သို့သော် ချိုဆိုသော ထိုသူသည် တခါတရံ ဆိုရှယ်ကွန်ယက်တွင် အချိန်ကုန်မှန်းမသိ မြောမြောသွားတတ်သော သူတစ်ယောက်လည်း ဖြစ်နေခဲ့ပြန်သည်။

စိတ်အချမ်းသာဆုံးဖြစ်စေခဲ့သော ဆိုရှယ်ကွန်ယက်တစ်ခုကတော့ blogspot ဖြစ်ခဲ့၏။ မိမိ၏ ရေးသားလိုသော ၀ါသနာကို အရိုးသားဆုံးဖွင့်ပြနိုင်သော နေရာ။ ပျော်ပျော်ပါးပါး ရိုးသားပွင့်လင်းမှုများစွာဖြင့် စနောက်အိမ်လည်ကာ တစ်ယောက်ကိုတစ်ယောက် အားပေးသမှုပြုခဲ့ကြသော ၀ါသနာတူ ဘလော့ဂါမိတ်ဆွေကြီးကြီးငယ်ငယ်တို့နှင့် ဆုံတွေ့ခဲ့ရသော နေရာလေးမို့ အခြားသော ဆိုရှယ်ကွန်ယာက်တို့ ဘယ်လောက်ပင် တိုးတက်များပြားလာသည်ဆိုဦးတော့ ဘလော့ဂ်ကို ချစ်ခင်မှုတို့ကတော့ ပျက်သုဉ်းလျော့နည်းသွားမည်မထင်။

------------------------------------------------------------------------------------------------------

အချိန်မလောက်ငှမှုကြောင့်၎င်း ၊ တခါတရံစိတ်လေလွင့်မှုကြောင့်၎င်း ၀ါသနာကြီးလွန်းသော စာတိုပေစ ရေးခြင်းဖက်ကို စိတ်တို့မလွင့်ပျံ့ခဲ့။ ထိုမတတ်တခေါက်စာလေးများကို သိုမှီးထားရာ ဘလော့ဂ်စာမျက်နှာလေးဖက်ကို ခြေဦးမလှည့်ဖြစ်ခဲ့။ ချစ်ခင်ရသော ဘလော့ဂါမိတ်ဆွေများရေးသော စာတို့ကိုအခါတိုင်းကဲ့သို့ သွားရောက်မဖတ်ဖြစ်ခဲ့ ခြေရာလေးများမချန်ဖြစ်ခဲ့။

၂၀၀၈ - ၂၀၁၀ အထိတော့ ချိုသည် ဘလော့ဂ်အပေါ်သစ္စာရှိလွန်းခဲ့၏။ ရေချိုးရင်း ၊ ထမင်းစားရင်း၊ အလုပ်သွားရင်းတောင် ဘယ်သို့ ဘယ်ပုံဘလော့ဂ်ရေးရမည်နည်းဟု ကိုယ်ရောစိတ်ပါနှစ်လိုပါဝင်ခဲ့ဖူးသည်။ ထို့နောက်ပိုင်းတွင်တော့ လာဆွယ်သော အိုင်တီအန်တာတိန်းမန့်များကြောင့် ချို့သစ္စာ ပျက်ယွင်းသွားခဲ့သည်မှာ ယနေ့ထက်တိုင်။

သို့သော် ဘလော့ဂ်ဆိုသော ရပ်ဝန်းလေးသည် သစ္စာရှိတည်ငြိမ်စွာဖြင့် ဘလော့ဂါများကို အိနြေ္ဒရရ အမြဲစောင့်မျှော်နေတတ်သည်။ သူ့အားမေ့လျော့ထားသော ဘလော့ဂါများအားလည်းခွင့်လွှတ်ပေးသည်။ ထို့ကြောင့်  ဘလော့ဂ်လေးများ၏ ပိုင်ရှင်များဖြစ်ကြသော ဘလော့ဂါတို့ကလည်း သူတို့ဘလော့ဂ်လေးများကို သံယောဇဉ်မပြတ်နိုင်ကြသည်မှာ လွန်အံ့မထင်။

ချိုက ဘလော့ဂ်သည်သစ္စာရှိလွန်းသည်ဟု ထင်ခဲ့သည်။ ဘလော့ဂါများသည် ပို၍ ပို၍သစ္စာရှိကြောင်း ဘလော့ဂ်ဒေးတွင်သိလိုက်ရ၏။ သူတို့သည် ဘလော့ဂါများအချင်းချင်းစာရေးဖြစ်အောင် ဘလော့ဂ်လေးအား မမေ့လျော့အောင်တိုက်တွန်းကြ၏။ သူတို့ကိုယ်တိုင်လည်း စဉ်ဆက်မပြတ်ရေးသားကြ၏။ ဘယ်လောက်တောင် လေးစားအတုယူဖို့ ကောင်းသည်နည်း။

၂၀၁၂မှ အစပြုကာ သူတကာတို့ မေ့လျော့ပြီဟု ထင်ထားခဲ့သော ချိုသည် သစ္စာရှိသော ဘလော့ဂ်ကလေးထံသို့ ရံဖန်ရံခါသာ ရောက်ဖြစ်ခဲ့၏။ ရိုးသားစွာဝန်ခံရလျှင်ဖြင့် အရင်ကလို ကိုယ်ရင်းနှီးသူတို့ထံတောင် အိမ်လည်မရောက်ပြန်တော့ တဂ်ဆိုတာဘာတုန်းဟင်လို့ ခေါင်းကလေးကုတ် ပြန်စဉ်းစားရမယောင်ယောင်။

ဒီကနေ့တော့ သစ္စာရှိသော ဘလော့ဂ်ကလေးနှင့် ထိပ်တိုက်တွေ့ဖို့ ဘလော့ဂ်ဒေးဆိုတာလေးကို ခံစားပါဝင်စေဖို့  မဆွေလေးက သတိတရနှင့် ဖိတ်ခေါ်ပြီး ရင်ငြိမ်းက အမှတ်တရ သတိပေးလို့မို့ သူတို့ကျေးဇူးနှင့် ဘလော့ဂ်လေးအား ဖုန်တက်သုတ်ဖြစ်ပါသည်။ နို့မို့ဆိုတကယ်ပါ။ဘာမှန်းတောင် မသိလိုက်ခဲ့။  တဂ်တာကို မသိလိုက်တာနဲ့ အချိန်နောက်ကျသွားတာကို ခွင့်လွှတ်ပေးပါလို့ နူးညွတ်စွာ တောင်းဆိုရင်း KPP ဆိုတာကို မမေ့မလျော့နဲ့ သတိတရ တဂ်ပေးတဲ့ မဆွေလေးကို ကျေးဇူးအထူးပါလို့ ပြောရင်းနဲ့

ဘလော့ဂ်ရေ…

မင်းဟာ

ငါသိပ်ချစ်တဲ့ ….နေရာ


ကြည်ဖြူပိုင်
၆-၁၀-၁၄ တနင်္လာနေ့
ည ၇ နာရီ ၁၃ မိနစ်



















Friday, April 18, 2014

ဒိုင်ယာရီ ထဲကရင်ဝှက်ပန်း



လက်ရှိအမြီးမပေါက်သေးတဲ့မျောက်တစ်ကောင်ရဲ့ ရင်ထဲက ချစ်သူအကြောင်းကို ချစ်ခင်လေးစားရတဲ့ မမ၀ါက တဂ်လာပါတယ်။ စည်းကမ်းချက်ကတော့ ဖြစ်ရပ်မှန်ဖြစ်ရမယ်တဲ့။ ဒါဆိုဒါမှ ကြိုက်တတ်တဲ့မမ၀ါ ကခိုင်းတော့ ကိုယ်ကလဲ ဒါဆိုဒါပဲ။ :D အဲဒိတော့ Remix Lan Kyote ဇာတ်ကလေးဖြစ်တဲ့
ရင်ဝှက်ပန်းလေးအကြောင်းရေးလိုက်ပါရစေ။

သံယောဇဉ်အခြေခံတဲ့ နှလုံးသားတွေနွေးထွေးစေမယ့် စကားစုလေးတွေဟာ နှလုံးသားရဲ့တစ်နေရမှာ အမှတ်တရရှိနေဆဲ.. ဒါကိုရင်ထဲကဒိုင်ယာရီလို့များ အမည်ပေးခဲ့ရင် လွန်အံ့မထင်ပါနော်။

ဒိုင်ယာရီလေးကတော့အမှတ်တရရှိနေဆဲ။ကျောက်သားအက္ခ၇ာလိုပဲရင်ထဲမှာတော့စွဲမြဲလို့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


“မနက် ၇:၄၅ ရှိပြီလေ..ထတော့အိပ်ပုတ်မလေးရဲ့” မက်ဆေ့ဂ်ျလေးဝင်လာတော့မျက်လုံးပွတ်ကြည့် ပြန်နှပ်ပြန်တော့ နောက်ထပ်၅မိနစ် "Time card မှာအနီထိတော့မယ်လေ..ဟေးကောင်မလေးထတော့.ထတော့ နောက်ကျမယ်” ဆိုတဲ့ဒုတိယ မက်ဆေ့ဂ်ျလေးဝင်လာရင်တော့ကိုယ်ဆက်နှပ်လို့မရတော့ဘူး။ “အင်း အင်း နိုးပြီ ” လို့မှပြန်ပို့ပြီး အိပ်ယာမထရင် ဖုန်းကိုမကိုင်မချင်းကိုခေါ်တော့မှာ။ အမြန်ပြင်ဆင် ကားဂိတ်ပြေး ရုံးသွား မှင်နီမထိဖို့အရေး တို့အရေး။

နေ့ခင်းထမင်းစားချိန်ကျပြန်တော့ “ထမင်းစားပြီလား”  “စားသေးဘူး အလုပ်တွေအားကြီးရှုပ်နေတယ်”
“ဟာ..မစားသေးလို့ဘယ်ဖြစ်မှာလဲ။ စားတော့စားတော့ အလုပ်နောက်ပြီးမှလုပ်။ အစာအိမ်ပြန်ဖြစ်မယ်”
“အင်းအင်း စားပြီ” လို့reply မပြန်ရင် ဖုန်းသံကြီးထ မြည်လာဦးမယ်။ ထမင်းအမြန်စားဖို့အရေးတို့အရေး။

ညနေရုံးဆင်းချိန်ကျပြန်တော့ “ပြန်လာပြီလား။ နောက်ကျရင်ကားကြပ်တတ်တယ်ဆိုတော့
နောက်မကျစေနဲ့နော်။” “ဟုတ်” ဆိုပြန်တော့ “လိမ္မာလိုက်တာ” တဲ့။ 

ည ၈နာရီလောက်ရောက်ရင် “ရေချိုးထမင်းစားပြီးပြီလား။ ရေချိုးပြီးနွေးနွေးထွေးထွေးနေနော်။ ခေါင်းလျှော်၇င်လဲပြောင်အောင်သုတ်ဦး။ ဆံပင်က
အထူကြီးဆိုတော့ဖျားမှာစိုးလို့” “အင်း အင်းစိတ်ချ”

ဒီလိုနဲ့အိပ်ချိန်လေးတွေက တဖြည်းဖြည်းနီးလာတယ်။ ၁၁နာရီပေါ့ ။ “အိပ်တော့နော်..ဂွတ်နိုက်။” “ဟာ..အိပ်ချင်ပါဘူး။ မျက်လုံးကြောင်တယ်” လို့ဂျီကျရင်တော့ “ဒါဆိုပုံပြောပြမယ်” “နားထောင်ချင်ဘူး ဖုန်းကြီးကိုင်ထားချင်ဘူး” “အိုကေ..ဒါဆိုရင် မက်ဆေ့ဂ်ျရိုက်ပြောမယ်” ဟိုးရှေးရှေးတုန်းက အစချီတဲ့ တစ်ခါမှ မကြားဖူးတဲ့ နားထောင်ချင်စဖွယ်ပုံပြင်လေးတွေကို မက်ဆေ့ဂ်ျအရှည်ကြီးတစ်စောင်ပြီးတစ်စောင်ရိုက်ပို့တယ်။ ၁၀စောင်လောက်ပို့ပြီးရင်တော့
ဆက်တိုက်စာအရှည်ကြီးတွေရိုက်ထားရတော့ညောင်းပြီပေါ့။ ညီမလေး အိပ်ပျော်ခါနီးပြီလား ။ငါလက်မတွေညောင်းလာပြီဟ။ လိမ္မာတယ် အိပ်တော့နော်။မနက်ကျလည်းရုံးသွားရဦးမှာ။" "---------" “ဟေး ..အိပ်ပျော်သွားပြီဟုတ်..အိုကေ..ကောင်းသောညပါညီမလေး” မနက်ရောက်ရင်တော့ နှိုးတတ်တဲ့မက်ဆေ့ဂ်ျအသစ်လေးတွေနဲ့အတူကိုယ်ညက မဖတ်ဖြစ်တဲ့ မက်ဆေ့ဂ်ျလေးများက အစီအရီ။
ဘာလုပ်နေလဲ။အလုပ်ရှုပ်နေလား။အလုပ်ထဲမှာအဆင်ပြေရဲ့လားစသည်ဖြင့်တစ်နေ့ကို မက်ဆေ့ဂ်ျ ၂၀ထက်မနည်းပို့တတ်ပြီး နေမကောင်းခဲ့ရင်တော့ ဖုန်းဆက်ပြီး ဘယ်လိုနေ။ ဘယ်လိုစား။
ဆရာဝန်ပြဖြစ်အောင်ပြ။ လူနာလာမေးရမလားစသည်ဖြင့် ဖခင်တစ်ယောက်လိုစိတ်ပူစွာနဲ့
ဂရုစိုက်နေကျ။ ဒီမြေက မထွက်ခွာခင် ၂နှစ်တိတိပြုနေကျ ၀တ္တရား။

X^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^X

“လေးလေးရေ gd morning. ထတော့..ထတော့..၀က်ကလေးလိုအိပ်မနေနဲ့တော့..လေးလေးနေကောင်းလား။ကိုယ်တော့meeting တောင်ပြီးပြီကွ။ အိပ်ပုတ်လေး။
ခါတိုင်းလိုပဲရုံးနောက်ကျပြီလား” “ဟီးဟီး..ဟုတ်ပ..ပြေးတုန်းပြေးနေတယ်။ပြေးနေတယ်။
အသားကုန်ပြေးနေတယ်” ဒါကမနက်အချိန်မှန်တေးသံသာ။အမြဲအဲလိုအချိန်တွေပဲတိုက်ဆိုင်တတ်လို့ save messages ထဲကပြန်ယူပြီးရိုက်လိုက်ရုံပဲ။ :D

နေ့ခင်းကျရင်တော့ “ထမင်းစားပြီးပြီလား။ကိုယ်တော့စားနေပြီ။ဒီနေ့ဘာဟင်းလဲ။အချိန်မှန်စားကွ။”

အားရင်လည်းအားသလို “ဘာတွေလုပ်” “အလုပ်ရှုပ်နေလား” အစရှိသည်ဖြင့်လည်း
မက်ဆေ့ဂ်ျလေးတွေကလာတတ်တယ်

ညအိပ်ချိန်လေးတွေမှာ မက်ဆေ့ဂ်ျလေးတွေက “ဂွတ်နိုက်လေးလေး။။လေးလေးနှစ်နှစ်ခြိုက်ခြိုက်အိပ်နော်ဝတာကြိုက်တယ်ဆို..တော်ကြာပိန်သွားလိမ့်မယ်။အိပ်တော့လေးလေး။ အိပ်မက်မမက်ပါစေနဲ့ကွာ” “အမ်..ဘာလို့တုန်း” “အိပ်မက်ဆိုတာ တ၀က်တပျက်အိပ်ပျော်တဲ့အခါ။နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တဲ့အခါမက်တာတဲ့ လေးလေး အိပ်ရေးမ၀မှာစိုးလို့။ အိပ်ပြီနော် ဂွတ်နိုက်”

သူကတော့ အရမ်းအလုပ်ရှုပ်တတ်သူမို့ အရမ်းအများကြီးမက်ဆေ့ဂ်ျမပို့နိုင်။ညဖက် ၈နာရီလောက်ကျရင်တော့ဖုန်းဆက်တတ်တယ်။ အကြာကြီး။ ရီစရာ ဟာသတွေပြောပြ။ ”လေးလေး..ရီနေပြီးပျော်ရွှင်နေရင်ကိုယ်ကျေနပ်တယ်ကွ။ကဲ..ဘာအကြောင်းနားထောင်ချင်သေးလဲ။” “သီချင်းနားထောင်ချင်တယ်။ဆိုပြ” သူကတော့ဆိုပြလိုက်တာပဲ။ ပြီးရင်တော့ကျန်းမာရေးဂရုစိုက်ဖို့အကြောင်း။ အင်္ဂလိပ်စာတိုးတက်အောင်လေ့လာဖို့အကြောင်း စတာတွေနဲ့ စကားနောက်ဆုံးပိတ်ပြီး ညအိပ်ရာဝင် good night လေးနဲ့အိပ်နေကျ။

ကိုယ်နေမကောင်းဘူးဆိုလို့ကတော့ ချက်ခြင်းပဲ“ဟင်..ဆေးခန်းမသွားဘဲပေနေပြန်ပြီလား။ ခုလာခဲ့မယ်။ဆေးခန်းလိုက်ပို့မယ်။အစားလဲမ၀င်လို့တော့မဖြစ်ဘူး။ကြေးအိုးကြိုက်တယ်ဆို..၀ယ်လာခဲ့မယ်” ဆိုပြီးမကြာခင်အချိန်အတွင်းမှာရောက်ရောက်လာတတ်လို့ ဆေးခန်းသွားရမှာကြောက်တဲ့ကိုယ်က ကမန်းကတန်းကြီးကို ကျန်းမာတဲ့လူကောင်းလတ်လတ်ဆတ်ဆတ်ကြီးပုံစံ
ချက်ခြင်းဖမ်းပစ်လိုက်ရတတ်တယ်။ကိုယ်အကြံဥာဏ်လိုတိုင်းလဲအားကိုးတကြီးတောင်းနေကျ။

X^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^X

တခါတလေကျပြန်တော့ အမြဲဂရုစိုက်ခံရတဲ့အခြေအနေမျိုး(ဂရုမစိုက်လို့လဲမရဘူးလေ။ ဂရုမစိုက်ဘူးထင်ရင်စိတ်က ကောက်ပစ်လိုက်ရော..အဟဲ) မှာကျင့်သားရနေတော့ ကိုယ့်ကိုစကားမာမာလေးများပြောလိုက်ရင်..ဒုတ်နဲ့ရိုက်တာထက်နာကျင်တယ်။ ကိုယ်ချစ်ခင်တဲ့လူတွေက ဆူဖို့အော်ဖို့ငေါက်ဖို့ရိုက်ဖို့မပြောနဲ့ ပန်းနဲ့ပေါက်လဲ နာချင်တယ်။ စိတ်နုလိုက်တာရယ်လို့တော့မထင်ပါနဲ့။ တကယ်ကိုခံစားတတ်လွယ်သူပါ။ ကျန်တဲ့နေရာသာစိတ်မာရင်မာမယ်။ ကိုယ်ချစ်ခင်သူတွေနဲ့ပတ်သက်ရင်တော့ စိတ်ကလေးက ဂွမ်းဆီထိတာထက်တောင်နူးညံ့ချင်သေးတာ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပြောတယ်လေ..“နော်နော့်အကို” တဲ့။ ပြီးရင်ကျတော့ညီမဆိုပြီး ဂရုလဲသိပ်မစိုက်ဘူး။ကိုယ်စိုက်ရတာက ပိုများနေတယ်။ သူနေမကောင်းဘူးဆိုရင် ဘယ်လိုနေ။ ဘယ်လိုစား။ဂရုစိုက်နော်။ ထပ်ခါထပ်ခါပြောရတာက ကိုယ်ဖြစ်နေတယ်။ ကိုယ်နေမကောင်းလို့ ရှိရင်တော့ “ဘာလို့ဆေးခန်းမသွားတာလဲ။သွားလေ။ ပြီးရင်အနားယူလိုက်” ဒီလောက်ပဲ။ တခါတလေတော့ “အမြင်ကတ်တယ်” လို့ပြောမိတယ်။

သူ့ဆီစမ,ဆက်..မက်ဆေ့ဂ်ျစ,မပို့ရင် သူကတော့ နေကောင်းလား အဆင်ပြေလား ဘာလုပ်လဲ မရှိဘူး။ အဲလိုလဲကြီးက ကျယ်သေးတာ။(သူ့ရည်းစားကိုတော့ သူစဆက်မှာပေါ့။ သိပေါင်)။ အဲတော့ “ကြီးကျယ်လိုက်တာ ဦးကြီးကျယ်ရယ်” လို့ပြောပစ်လိုက်ရော။

တခါတလေကျရင်တော့ ကိုယ်က မသောက်ဘဲနည်းနည်းရစ်တတ်တယ်။ (ဒါကလဲ ခင်တဲ့လူတွေမို့လို့ပါ။ ခင်တဲ့လူတိုင်းအရစ်ခံရတယ်။ မခင်လို့ကတော့ လှည့်တောင်သိပ်မကြည့်ဖြစ်ဘူး။ အဟိ...နောက်ဖက်ရောက်နေတဲ့ အခါကျ လှည့်ကြည့်ရမှာပျင်းလို့) အဲဒိကျရင်တော့ သူက “နော်နော်...ငါသေချင်တယ်။ တကယ်ငါသေချင်တယ်” “ဟင်..ဘာလို့တုန်း” “နင်က ကလေးကျနေတာပဲဟာ။ နင်တကယ်ရစ်တယ်...ပြီးတော့နင်ထင်တာတွေက တကယ့်တလွဲတွေချည်းပဲ...First I will cry. Later I will die” တဲ့။ အဲလိုလဲသူက ကိုယ့်ကိုအားပေးသေးတာ။

သိပ်ကောင်းတဲ့အချက်လေးကတော့သူတခါတရံထွေထွေထူးထူး ဟင်းချက်ဖြစ်ရင် သတိတရနဲ့
ကိုယ့်ကိုလာစားပါလားလို့ဖိတ်ခေါ်တတ်တယ်။ အဲဒါလေးကျတော့သူ့ညီမအပေါ်
သူကကောင်းသားတော့။

သူဟာလည်းကိုယ်ပညာရေးနဲ့ပတ်သက်တဲ့အကြံဥာဏ်တွေ။ ကိုယ်အားကိုးတကြီးတိုင်ပင်တတ်တဲ့အခါတိုင်းပေးနေကျလူတယောက်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သံယောဇဉ်ဆိုတာ အခက်သားလား။ ကင်ဆာမြစ်လိုပဲတွယ်မိရင် ဖြတ်မရတတ်ဘူး။ ကိုယ်တော့အဲလိုသံယောဇဉ်ကြိုးတွေတွယ်ဖူးတယ်။

တချိန်မှာသူတို့ချစ်သူတွေနဲ့သူတို့ပျော်ရွှင်သွားရင်တော့ ကိုယ့်လိုညီမလေးတစ်ယောက်ကိုမေ့သွားကြမှာပါ။ ခုတော့ ဒုတိယအကိုတော်က ဖေဖေါ်ဝါရီမှာ မင်္ဂလာဆောင်တော့မှာလေ။ သတို့သမီးအရန်လုပ်ပေးမယ်လို့ ဂျီကျမလို့ စာမေးပွဲကလည်းနှီးနေလောက်တော့မဖြစ်ပြန်။ :)
ဟန်မဆောင်တတ်တဲ့ကိုယ် စိတ်ညစ်စရာတွေများလာလို့ရှိရင် သူတို့ကိုဖုန်းပြောရင်းလည်း ကလေးတစ်ယောက်လို ငိုပြီးရင်ဖွင့်ဖူးတယ်။ငိုတာကိုရှက်ရကောင်းမှန်းလည်းမသိတတ်ခဲ့ဘူး။ ပြီးရင်ကျတော့ရှက်နေရော။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ချစ်သူအပေါ်သဘောထား။    ။
ချစ်သူကိုမျက်စိအောက်က အပျောက်မခံချင်တာကိုယ့်ရဲ့ဆန္ဒ။
ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်ကိုချစ်သွားမှာ မနာလိုတာ ကိုယ့်ရဲ့အတ္တ။ ချစ်သူရဲ့လိုအင်ဆန္ဒတွေကို အရိပ်လိုကြည့်ပြီး ဖြည့်ဆည်းပေးနေချင်တာ ကိုယ့်ရဲ့ ဂရုဏာ။ ချစ်သူရဲ့ ရင်ခွင်မှာမှီနွဲ့ပြီး အရာအားလုံးကိုချစ်သူပေးတဲ့ခွန်အားနွေးထွေးမှုတွေနဲ့ ကလေးတစ်ယောက်လို အပူအပင်ကင်းကင်းရှေ့ဆက်ပြီး ချစ်သူရဲ့ အတ္တရောင်ကို မြှင့်တင်ပေးချင်တာ ကိုယ့်ရဲ့အကြင်နာ။လွယ်အိတ်လိုလဲဘေးတိုက်လိုက်မှာမဟုတ်။ အရာအားလုံးကိုလည်း
သူ့တာဝန်လို့လွှဲပုံချပြီးနောက်ကလိုက်မှာမဟုတ်။ ယောကျာင်္းတစ်ယောက်ရဲ့ရပ်တည်မှု
ပျောက်လောက်အောင်လည်းကိုယ်ရှေ့ကသွားမှာမဟုတ်။
နောက်ကမလိုက်တာကိုမာနကြီးတယ်လို့မသတ်မှတ်ပါနဲ့ မင်းတစ်ယောက်တည်းပင်ပန်းမှာစိုးလို့ပါ။အေးအတူပူအမျှပေါ့။
ကိုယ်တကိုယ်ကောင်းမဆန်ရက်ဘူးလေ။ နောက်ကမလိုက်ပေမယ့် လိုက်ချင်ယောင်ဆောင်ပြီးမင်းရဲ့အတ္တကိုမြှင့်တင်ပေးမှာပါ။ ဒါကတော့ ကိုယ့်ရဲ့စေတနာ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဝန်ခံချက်။    ။
၁၀နှစ်ကျော်။ ၂နှစ်ကျော်။ ၅လကျော် ရင်းနှီးသံယောဇဉ်တွယ်လာရတဲ့ အကိုတော်တွေရဲ့
မက်ဆေ့ဂ်ျလေးတွေကိုအရင်းအတိုင်းအသုံးချပြီး မမ၀ါရဲ့တဂ်လေးဖြစ်မြောက်အောင်
ဖန်တီးလိုက်ပါတယ်။ ခုလောလောဆယ် အချစ်ဆိုတာမဖြစ်သေးပေမယ့် သံယောဇဉ်ဆိုရင်ရော ဒီတဂ်လေးနဲ့စပ်ဆက်နေမယ်ထင်လို့..မမ၀ါကလည်းအဖြစ်မှန်ဖြစ်စေချင်လို့..ရေးလိုက်တာပါ။
တစ်ချိန်ချိန်မှာ လက်တွဲဖော်ချစ်ရသူ..တစ်ဦးဦးပေါ်ပေါက်လာရင်..သူနဲ့ပတ်သက်တဲ့ပို့စ်လှလှလေးတွေကို မမပြုံး။မမ၀ါ။မမမေ။မမချိုသင်းတို့လိုပဲ စိတ်ချမ်းသာဖွယ်ရာလေးတွေဖန်တီးမှာပါလို့။ ခုလောလောဆယ်တော့ အမြီးပြတ်တဲ့မျောက်ရေးတဲ့ ကပေါက်တိကပေါက်ချာ ပို့စ်လေးကိုသာဖတ်ပေးပါလို့....

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မမ၀ါ သို့တောင်းဆိုချက်
မမ၀ါရေး..မမရေးခိုင်းတဲ့ခေါင်းစဉ်နဲ့မကိုက်ညီဘူးဆိုရင်ခွင့်လွှတ်ပေးပါနော်။


သဇင်တစ်ခက်ဖြစ်ခဲ့ရင်တောင်........




ကိုရွာသားရေ..အသက်၂၀ကျော်နောက်ပိုင်းမှာ အနော်တို့တွေအတွက်ပွင့်လန်းတဲ့ပန်းကလေးတွေ ရှိနိုင်ပေမယ့်အပြစ်ကင်းပြီး ဖြူစင်တဲ့ပန်းလေးက ရှားပါးခဲ့ပြီလေ။ လူတိုင်းလူတိုင်း ပန်းလေးတစ်ပွင့်ကို ပိုင်ဆိုင်ဖို့ရွေးချယ်ရပြီဆိုရင်တော့ အပြစ်ကင်းဖြူစင်တဲ့ အနာအဆာကင်းတဲ့ပန်းကလေးကိုလိုချင်ကြမှာပေါ့နော်...ဒါပေမယ့်အရာရာတိုင်းကို လုပ်ကြံဖန်တီးလို့မရနိုင်တာကြောင့် ကံတရားရဲ့စေစားမှုအောက်မှာပဲ ဆေးစက်ကျရာ အရုပ်ထင်ရင်း..တစ်သက်လုံးလက်တွဲသွားရမယ့်..အနော်တို့ရဲ့ပန်းကလေးတွေကရော.. ဘယ်လောက်များအပြစ်ကင်းနိုင်ကြတော့မှာလဲ...

အနည်းဆုံးတော့ ဆယ်ကျော်သက်အရွယ်မှာစိတ်လှုပ်ရှားခဲ့မှာပဲလေ..ဖွင့်မပြောပေမယ့်..လူတိုင်းရင်ထဲမှာတော့ စိတ်လှုပ်ရှားဖူးတဲ့ ဆယ်ကျော်သက်ဇာတ်လမ်းလေးတွေကတော့ ရှိခဲ့မှာအသေအချာ..။ဒါပေမယ့်အဲဒီဆယ်ကျော်သက်ဇာတ်လမ်းလေးတွေကလည်းရိုးသားဖြူစင်ပြီး တဏှာရမ္မက်ကင်းခဲ့မှာလည်းဘယ်လိုလူမှ ငြင်းနိုင်မယ်မထင်ပါဘူး။ကိုရွာသားတင်စားခဲ့တာလဲ ဆယ်ကျော်သက်ဇာတ်လမ်းလေးဖြစ်ခဲ့တယ်လေ....
အဲဒိတော့ ဆယ်ကျော်သက်က ဇီဇ၀ါလေး တစ်ပွင့်အကြောင်းပဲ တင်စားစို့ရဲ့.....

နိဒါန်း
ရွှေစက်တော်သွားတဲ့ ခရီးလမ်းတစ်လျှောက်..နွေနေကပူ..လမ်းဘေးက သစ်ပင်တွေက ရိပ်ကနဲ ရိပ်ကနဲ ကျန်ခဲ့တာကို အိပ်ချင်စိတ်နဲ့ ဦးတည်ရာမဲ့ငေးနေရင်း...ကက်ဆက်ကထွက်ပေါ်နေတဲ့မြူးကြွကြွသီချင်းသံကြောင့်သာအိပ်မပျော်ခဲ့တာပါ။

အကိုငယ် ကားမောင်းတာမြန်လွန်းလှချည့်ရဲ့ ....နောက်ကားတွေလည်းတစ်စီးမှပါမလာဘူး...လမ်းပေါ်မှာငါတို့ကားတစ်စီးတည်းပါလားလို့ တွေးတုန်း...ရွှေစက်တော်ရောက်ဖို့မိုင်တွေများစွာသိပ်မလိုတော့တဲ့ ခရီးမှာပဲ..ကိုယ်တွေလို ပါပလစ်ကာကားလေးတစ်စီး လှစ်ခနဲနောက်မှာရောက်လာတယ်..မြန်လိုက်သည့်ဖြစ်ခြင်း..သြော်မြန်ပေမပေါ့ သူတို့က ၃က/----ပေကိုး (အမှတ်မထင်ဘဲ မျက်လုံးက နံပါတ်လေးလုံးကိုဖတ်မိပြီးသား) ငါတို့က လ/---အက္ခရာပေပဲလေလို့ ရောက်တတ်ရာတွေးရင်း အိပ်ချင်စိတ်တွေပျောက်ကွယ်သွားတယ်(လမ်းတလျှောက်မှာကိုယ်တစ်စီးတည်း ထီးထီးချည်းမှ မဟုတ်တော့ပဲလေ)

ကိုယ်တို့ကားပေါ်မှာတော့ မိသားစုတစ်ခုလုံး..အိမ်ကထမင်းချက်အမ..ဆိုင်မှာကူလုပ်တဲ့အကို့သူငယ်ချင်း စသည်ဖြင့် အကုန်လုံးကိုခေါ်ပြီး ..စည်ကားနေတာပဲ...သူတို့ကားပေါ်မှာက ယောကျာင်္းလေး ၄ ယောက်တည်း..ဖြစ်နိုင်ချေရှိတာက ရှေ့ခန်းက ၂ ယောက်က ညီအကို နောက်ခန်းက သူငယ်ချင်း၂ ယောက်။ ရှေ့ခန်းကတစ်ယောက်ကတော့ နေကာမျက်မှန်တော်တော်ကြိုက်ပုံရတယ်။မချွတ်တမ်းကိုဝတ်ထားလေတာ။

အကိုငယ်ကကျော်တက်ဖို့လမ်းပေးပေမယ့် ကျော်မတက်ဘဲ တစ်လမ်းလုံးနောက်ကပဲလိုက်မောင်းနေခဲ့တာ ရွှေစက်တော်ရောက်တဲ့ထိ...
ထမင်းဆိုင်တွေနားရောက်တော့ heat တက်နေတဲ့ကားကို အနားပေးဖို့ရယ်..ဆာနေတဲ့ဗိုက်တွေကို ဖြည့်ဖို့ရယ်..ဆိုင်တွေရှေ့မှာရပ်လိုက်တယ်..သူတို့ကားကတော့ ကိုယ်တို့ကို အသေအချာကြည့်ပြီး ကျော်တက်သွားခဲ့တယ်။

စားသောက်ပြီးတော့ တည်းစခိုရာနေရာရှာတော့ ကမ်းစပ်နားနီးရာပဲ ရွေးလိုက်ကြတယ်လေ..ယောကျာ်းလေးတွေတစ်ခန်းမိန်းကလေးတွေတစ်ခန်း..ကပ်လျက်နှစ်ခန်း..ညဘက်ကျရင် ငွေရောင်သမ်းနေတဲ့ရေပြင်ကြည်ကြည်လေးကို ခံစားချင်သေးသကိုကွယ်.....

ကိုယ်တို့ပစ္စည်းတွေနေရာချပြီး ဘုရားခြေတော်ရာသွားဖူးကြစို့ရဲ့လို့ ..အခန်းထဲကထွက်လိုက်ပြီး အပြင်ဖက်
ဝါးကြမ်းခင်းပေါ်ခြေချလိုက်တော့...“အလို...သူတို့ကားလေးကလဲ မျက်နှာချင်းဆိုင်တန်းလျားရှေ့မှာပါလား”

ညဖက်ရောက်လို့မိသားစုတွေ ရေပြင်ကမ်းစပ်ဘေးလမ်းလျှောက်ထွက်တော့ သူတို့ကလဲ တည်းခိုရာတန်းလျားရဲ့
အနီးအနားရေစပ်မှာ ဂစ်တာလေးတီးလို့...သီချင်းလေးက ထူးအိမ်သင်ရဲ့ “လမ်းဘေးကဖေးလေးငါထိုင်ငေး..အစချီတဲ့သီချင်းလေး” ၁၀တန်းဖြေပြီးစ ၁၆နှစ်နီးပါးရွယ် ကလေးသာသာအရွယ်မို့ ဘာမှကိုစိတ်မ၀င်စားခဲ့ပါဘူး..စိတ်ထဲကတော့တွေးမိတယ်။။ငါလဲအသက်ကြီးလာရင်သူတို့လိုကိုယ်တိုင်ဂစ်တာတီးပြီး သီချင်းဆိုချင်လိုက်တာပေါ့....လမ်းလျှောက်ထွက်ရင်းနဲ့မေ့ကို ဈေးတန်းထဲက အော်ဂင်လေးပူဆာပြီး အခန်းပြန်ရောက်တော့ အညွှန်းအတိုင်း အဲဒိအော်ဂင်လေးကိုတီးနေတာ ဂစ်တာတီးချင်တဲ့စိတ်ဖြေရာတစ်ခုတော့ရခဲ့တယ်။

ကိုယ်တို့နေခဲ့တဲ့ ၃ ရက်တာခရီးစဉ်မှာ စားချင်တာစား..သွားချင်တာသွား..ဆော့ကြ စကြ နောက်ကြနဲ့ အရမ်းကိုပျော်ခဲ့တယ်(တကယ်တော့ ရွှေစက်တော်သွားတဲ့အခေါက်တိုင်း ကိုယ်ပျော်ခဲ့တာပါ...မျှစ်ခြောက်တွေဝယ်လာပြီးအိမ်ကျ တစ်ဝကြီးကြော်စားလို့ရတယ်လေ)။ကိုယ်တို့ပြန်တဲ့ထိ သူတို့မပြန်သေးဘူး..ကျန်ခဲ့တယ်။ ဒီလိုနဲ့ကျောင်းတွေလည်းပြန်မဖွင့်သေးတာမို့..ဆိုင်မှာပဲကူထိုင်နေခဲ့တယ်။

အလယ်
ရွှေစက်တော်ကပြန်လာပြီးလို့ ၁၀ရက်လောက်ကြာတော့ ဈေးရုံထဲကနေလှမ်းမြင်နေရတဲ့ ကားပါကင်ကို ပျင်းပျင်းနဲ့ထိုင်ကြည့်နေတော့..မြင်ကွင်းထဲမှာ စူပါရုဗ် ဖင်ကောက် ၈က/ လေးတစ်စီးလာရပ်တယ်။ ကားပေါ်က ဆင်းလာတာ နေကာမျက်မှန်နဲ့ကိုယ်တော်.. ဟုတ်မှဟုတ်ရဲ့လားလို့သေချာစိုက်ကြည့်မိတယ်။ အသေအချာပါပဲ..ကားလဲလိုက်လို့သာ.
ဇဝေဇ၀ါဖြစ်သွားတာ။သူကလဲ ပိုက်ဆံအိတ်လေးကိုခါးကြားကထုတ်ယူ..ကားသော့လေးထည့် နေကာမျက်မှန်ကို နဖူးပေါ်ပင့်တင် “ဟူး” ခနဲလေပူတွေကိုတစ်ချက်မှုတ်ထုတ်ရင်း...ရှေ့တူရှူကို ကြည့်တဲ့အခိုက်မှာ ကိုယ့်ကိုမြင်သွားတော့ အံ့သြတကြီးမှင်သက်သွားတဲ့အမူအရာ..
ကိုယ်လဲအံ့သြလို့ကိုယ်လေးတောင်ဆတ်ခနဲတုန်သွားခဲ့ပါရဲ့.

ရှေ့ဆိုင်ကိုအလည်လာတဲ့အမတစ်ယောက်ကသူဆိုင်ရှေ့ကကျော်သွားတော့ အံ့သြောတကြီးနဲ့..“ဟောတော့ ဖြိုး..နင်သိလားသူ့ကို chemistry King ရဲ့သူငယ်ချင်းလေ” ဆိုတော့ ရှေ့ဆိုင်ကမဖြိုးက “သူလား..king သူငယ်ချင်းက..သူကရွှေဆိုင်တန်း“---” ရွှေဆိုင်ကလေ..နာမည်တော့ငါမသိဘူး။” “သူတို့သူငယ်ချင်းနှစ်ယောက်က မာနကြီးတာတော့မဟုတ်ဘူးဟ..ဒါပေမယ့်ဘယ်သူနဲ့မှ မရောဘူး...ခပ်တည်တည်ကြီးတွေနေကြတာ” ဆိုတဲ့မဖြိုးသူငယ်ငယ်ချင်းရဲ့စကား။။တကယ်တော့မင်းဟာ သဇင်ဖြစ်ခဲ့လေသလားကွယ်။

တစ်ဆက်တည်းမှာပဲ တစ်မြို့နယ်တည်း တစ်ဈေးတည်းမှာနေပြီး ခုမှမြင်ဖူးတယ်လို့တွေးမိတယ်...

ပြန်ထွက်သွားတော့လည်း လမ်းနှစ်လမ်းရှိရာမှာ ကိုယ်တို့ဆိုင်ရှေ့က လမ်းကိုပဲ သူလျှောက်ပြန်ခဲ့တယ်။နောက်နေ့တွေက စလို့ တတိယနှစ်ကျောင်းသားကြီး ကားရပ်ရာနေရာတွေက ကိုယ်တို့ဆိုင်ရှေ့တည့်တည့်..နေရာမရှိရင်တောင် ရှိအောင်စောင့်ရပ်တယ်။ကားပါကင်စောင့်တဲ့ကောင်လေးဆို သူ့အတွက်နေရာအမြဲဦးပေးတတ်ခဲ့တယ်။ သူ့ဆိုင်ကိုလာနေကျ အချိန်က ၁၁ နာရီ။။ပြန်သွားတဲ့အချိန်က ၂ နာရီ။။ ၅ရက်လောက်ကြာတော့ကိုယ်လဲ သတိထားမိတတ်ပြီလေ။ လာတိုင်းပြန်တိုင်းလဲ ကိုယ့်ကို ခိုးကြည့်ခဲ့တယ်။ ကိုယ်ကတော့ ရှက်တတ်လာပြီ။သူက အမြဲခိုးကြည့်တာကိုး..... ညနေဈေးပိတ်ပြန်တော့ အမြဲမတိုက်ဆိုင်တတ်ပေမယ့် တခါတရံတိုက်ဆိုင်သွားရင်တော့ သူ့အဖေကိုလာကြိုတဲ့ သူ့ကားလေးကအရှေ့ကဖြစ်သွားတတ်တယ်။ အဲဒီအခါ နောက်ကြည့်မှန်မှာပေါ်နေတတ်တဲ့ သူ့မျက်နှာအစိတ်အပိုင်းလေးကိုကြည့်ရတာကိုက တစ်မျိုးလေး ရင်ထဲဖြစ်တယ်။ သူ့လမ်းထိပ်ရောက်လို့ ကားလေးချိုးကွေ့ဝင်သွားပြီး..ကိုယ်တို့ကားလေးကျော်သွားတဲ့အခါတိုင်း လမ်းခရီးမှာကိုယ့်အတွက်
စိတ်ဝင်စားစရာကတော့မကျန်တော့ဘူး။သွားနေပြန်နေကျလမ်းတွေကိုး..ဘာထူးဆန်းလေမလဲကွယ်..

ဒီလိုနဲ့ နာမည်လေးတွေတောင်မသိခဲ့ရဘဲ(တကယ်တော့သူကတော့ဆိုင်ရှေ့ကဖြတ်သွားတဲ့အခိုက် တစ်ခေါက်မဟုတ်တစ်ခေါက်တော့ ကိုယ့်နာမည် အဖျားဆွတ်လေးကိုတစ်ယောက်ယောက်ခေါ်ရင်ကြားဖူးခဲ့မှာပါ.ကိုယ်သာမသိခဲ့ရတာ)နေ့စဉ်၂ခေါက်အနည်းဆုံးအကြည့်ချင်းဆုံခဲ့ရတဲ့နေ့ရက်များစွာကိုကျော်ဖြတ်ပြီးတော့ ကိုယ်လဲ ကျောင်းသွားတက်ခဲ့ရတယ်....

နွေနေပူအောက်ကကျောင်းရဲ့မြေနီနီလမ်းကလေးကို ငေးရတာက...ဆိုင်ရှေ့ကတံလျှပ်ရောင်ထ, နေတဲ့ ကားပါကင်ကိုစောင့်ကြည့်ု့ရတာလောက်တော့ရင်ခုန်ဖို့မကောင်းခဲ့ဘူး။

နှင်းမုန်ကြား မှာ T Square လေးကိုင်။ကျောပိုးအိတ်လေးလွယ်.. ဖယ်ရီပေါ်က ဆင်းပြီးလမ်းလျှောက်ရင်း နှင်းဝေနေတဲ့လမ်းလေးကို မျှော်ငေးကြည့်ရတာလဲ..နှင်းမှုန်တွေနဲ့အုပ်ဆိုင်းနေတဲ့ သူနေ့တိုင်းကားချိုးကွေ့ရာလမ်းလေးကိုကြည့်ရတာလောက်တော့ အရသာမရှိဘူး။

မိုးတွေ တအုန်းအုန်းရွာတဲ့အခါ မြေနီရောင် ရွှံ့ရေတွေ စီးဆင်းနေတဲ့ ကတ္တရာလမ်းပေါ်မှာရပ်ထားတတ်တဲ့ကျောင်းသားတချို့ရဲ့ကားတွေကို အကြည့်တစ်ချက်ရောက်မိတိုင်း..
ဝိုင်ဘာနဲ့ကားမှန်ပေါ်ကမိုးရေစက်တွေကို သပ်ချပြီး ဆိုင်ပေါ်ကို မျှော်ငေးကြည့်မယ့်သူ့ကိုပဲမြင်ယောင်တော့တယ်။

ဒါပေမယ့် ဖြေသာစရာတစ်ခုက စနေကျောင်းပိတ်တိုင်းဈေးလိုက်တဲ့အခါသူနဲ့တွေ့နေရတာပဲပေါ့..သူကလည်းစနေမှ ကိုယ်လာနိုင်မှန်းသိတော့ အရင် ပုံမှန်ဆိုင်ရှေ့ကဖြတ်တာ ၂ ခေါက်ပေမယ့် စနေနေ့တိုင်းမှာ ၈ခေါက်၉ခေါက်ထက်မနည်းကို ဖြတ်လျှောက်နေတတ်တော့ ပတ်ဝန်းကျင်ကတချို့လူတွေလဲသိခဲ့ပေါ့။ဒါပေမယ့် .....ကိုယ်ကအမြဲဆိုင်ပေါ်က ဆိုင်အောက်ကိုမဆင်းသူ..သူကလည်း တည်တံ့သူ...ဒီလိုနဲ့ပဲ...ဒီအဆင့်ကနေကိုမတက်တော့တာပါ.....

ကိုယ့်ကျောင်းတွေပိတ်တဲ့အချိန်ကျတော့ နေ့တိုင်းနီးပါးကို ဆိုင်ထိုင်ဖြစ်ခဲ့တယ်..အဲဒိအချိန်မှာအပျော်ဆုံးကသူ.....
ဆိုင်ပတ်ဝန်းကျင်ကလူတွေကလည်းပြုံးမြမြနဲ့သူလာရင်ဘာကြောင့်လာတယ်ဆိုတာသိတတ်ခဲ့ပြီ။
တော်သေးတာတစ်ခုကကိုယ့်လူကြီးတွေမရိပ်မိခဲ့တာပဲ... သူကတော့ကိုယ့်အကြောင်းအကုန်နီးပါးလောက်ကိုစုံစမ်းသိထားတဲ့ပုံ..မလစ်လို့သာနေရတာ..ကိုယ်ကလည်း .ငယ်ရွယ်သေးတဲ့အချိန်.လူကြီးတွေလစ်သွားမှာကိုပဲကြောက်တယ်။လူကြီးနားအမြဲကပ်နေတတ်ခဲ့တာ။

တစ်နေ့တော့ ..မှတ်မှတ်ရရ ကိုယ်စတုတ္ထနှစ်မှာ ကိုယ်တို့ဈေးကြီးကိုပြန်ပြင်ဆောက်တော့မှာမို့ ဆိုင်တွေကလည်းအသစ်ပြန်ရရင် အရင်နေရာဟုတ်ချင်မှဟုတ်တော့မယ်။ အသစ်ဆောက်နေစဉ်အချိန်တွင်းမှာလည်း တခြားပြုပြင်ပြီးသားနေရာတွေမှာ ကြုံသလိုယာယီငှားပြီးထွက်ရမှာဆိုတော့...အရင်ပြင်ရမယ့်ဈေးရုံကလူတွေအလုပ်ရှုပ်ပြီပေါ့။။ကိုယ်တို့ကအရင်ပြင်ရမှာ..အဲဒိအချိန်မှာလေ..သူ..ပျာယာတွေခတ်နေလိုက်တာ...ကိုယ်တို့ဘယ်နေရာကိုရောက်သွားမယ်မှန်းလဲသူမသိဘူးလေ..သူများကိုမေးရအောင်လည်း ဘယ်သူ့မှသူမသိ..ယောက်ယတ်ခတ်ပြီး လူးလာခေါက်ပြန်ကိုသွားနေတော့တာ...ညီအကို၂ယောက်သာရှိပြီး အကြီးဆုံးသားလည်းဖြစ်တဲ့သူ့မျက်နှာလေးဟာ ဇီးရွက်လောက်ပဲရှိတော့တယ်။။ မဖြိုးသူငယ်ချင်းရယ်..သူဟာသဇင်တစ်ခက်ယောင်ဆောင်ဖြစ်ခဲ့ပေမယ့်..တကယ်တော့ ဖြူစင်လွန်းတဲ့ အဆိပ်တောက်မဲ့ဇီဇ၀ါလေးရယ်ပါ။။

အဲဒိနောက်တော့ကိုယ်တို့ဈေးရုံတွေလည်းပြောင်း...ကျောင်းတွေလည်းပြန်ဖွင့် ..များပြားလှတဲ့ စာတွေကြားမှာ ကျောင်းတွေပြေးရင်း..သူမသိလို့မလာနိုင်တော့တဲ့ဈေးကို လိုက်ဖို့စိတ်လည်းမ၀င်စားတော့လို့ အိမ်မှာပဲ အားလပ်ချိန်မှာစာအုပ်တွေဖတ်ရင်းကိုယ်သူ့ကိုမေ့လျော့နေခဲ့မိတယ်။ တကယ်တော့သူကရုပ်ဖြောင့်ပြီးယောကျာင်္းပီသသူ အနေတည်ကြည်သူမို့..ကြိုက်သူပေါများလှသူပါ..ဒါပေမယ့်ကိုယ့်အကျင့်ကလဲ..သူများသည်းသည်းလှုပ်ကြိုက်ပြီး
ဝိုင်းအုံနေခဲ့ရင် အဲဒိဝိုင်းအုံနေသူတွေထဲမပါဝင်လိုတာကြောင့် 
မေ့ပျောက်ခြင်းသာအကောင်းဆုံးလို့တွက်ထားခဲ့တာပါ..သူကတော့ကျယ်ပြန့်ကြီးမားလှတဲ့ဈေးကြီးထဲမှာကြုံရင်ကြုံသလိုလိုက်ရှာနေခဲ့ပုံရရဲ့။

နိဂုံး
စနေနေ့တစ်ရက် စတုတ္ထနှစ် အတန်းတင်စာမေးပွဲပြီးလို့ဈေးကိုလိုက်သွားခဲ့တယ်။ သူလေ..သူ့သူငယ်ချင်းတစ်ယောက်ကိုစကားတပြောပြောနဲ့ ပုခုံးကိုဖက်ပြီး ဟိုဆိုင်ကိုမသိမသာကြည့် ဒီဆိုင်ကိုမသိမသာကြည့်နဲ့ကိုယ်တို့ဆိုင်နားကိုရောက်လာခဲ့တယ်။ အမှတ်တမဲ့ကိုယ့်ကိုမြင်လိုက်တဲ့အခိုက်မှာ..တကယ်ပါပဲ..ကိုယ်တို့ ၂ယောက်လုံး ပါးစပ်အဟောင်းသားနဲ့ကြက်သေ,သေသွားခဲ့ကြတယ်။ အဲဒိအချိန်မှာလေ..ကမ္ဘာလောကကြီးက တိတ်ဆိတ်..အပ်ကျသံတောင်မကြားရတော့အောင်..တစ်လောက,လုံးမှာ ၂ယောက်တည်း(ဟဲဟဲ..အနုအရွလေးတွေထည့်ကြည့်တာ...အဖြစ်သား :P)

တိတ်ဆိတ်သွားတဲ့သူ့ကိုသူ့သူငယ်ချင်းကလှည့်ကြည့်ပြီး သူ့မျက်လုံးဦးတည်ရာကိုတွေ့လိုက်တဲ့အခါ ကင်းလေးက နှုတ်ခမ်းလေးကွေးညွတ်သွားအောင်ပြုံးတယ်။ကိုယ်လဲသတိဝင်ခဲ့ပြီလေ..တချိန်တည်းဆိုသလိုမေက ကိစ္စတစ်ခုခိုင်းတာကြောင့်ဆိုင်ပေါ်က ၀ုန်းကနဲခုန်ချဆင်းပြီး မေခိုင်းတာလုပ်ဖို့ထွက်လာခဲ့လိုက်တယ်။ ကိုယ့်ဆိုင်ကိုတော့သူတို့တော်တော်ကျော်သွားခဲ့ပြီ။ လူတွေရှုပ်တာကြောင့်..ကြားမှာ ၂ယောက်ပဲကျန်တော့တဲ့အကွာအဝေးမှာလေ..သဇင်လေးဆီက စကားလေးတစ်ခွန်းကြားခဲ့ရတယ်...“တော်သေးတာပေါ့ကွာ..နောက်ဆုံးတော့ပြန်တွေ့သွားပြီ။နေရာလေးသိနေရတော့တော်သေးတာပေါ့..သူအရင်လိုပါပဲ ဘာမှမပြောင်းလဲဘူး” တဲ့...ဇီဇ၀ါလေးရယ်..ပျော်လိုက်တာလေ..မင်းဟာဘယ်သူ့အတွက်သဇင်ဖြစ်နေဖြစ်နေ ကိုယ့်အတွက်တော့ဇီဇ၀ါဖြစ်နေခဲ့တာပါပဲ။

အဲဒိလိုနဲ့ တစ်ချိန်က သဇင်လေးတစ်ခက်ဟာ ကိုယ့်ရင်ထဲမှာ အပြစ်ကင်းဖြူစင်တဲ့ ဇီဇ၀ါတစ်ပွင့်အဖြစ် ဖူးပွင့်ခဲ့ဖူးတယ်။

(ကိုရွာသားကတဂ်တာဆိုတော့ကိုရွာသားလိုပဲ ...ဒီလိုပဲ....အဆုံးသတ်ပါရစေနော်။ရည်းစားတော့မဖြစ်ခိုင်းလိုက်တော့ဘူး။ တော်ကြာအိမ်ကလူတွေဖတ်မိသွားရင်ဆူမှာစိုးလို့ :D)


မှတ်ချက်။ ။တစ်ကယ့်အဖြစ်မဟုတ်ပါ။တစ်ယောက်ယောက်ကိုကြိုက်ပြီးရေးမှ ဒီပို့စ်က တဂ်သူအကြိုက် ပီပြင်မှာမို့ တစ်ယောက်သောသူကို ပြေးပြီးတော့ကြိုက်လိုက်ရပါကြောင်း။

ဆုတောင်း။ ။ငယ်စဉ်ကအချစ်နဲ့ လက်ရှိအချစ်တို့တစ်ထပ်တည်းကျသူတိုင်း အဆတိုးပြီးချစ်နိုင်ကြပါစေ။
ငယ်စဉ်ကအချစ်ဦးနဲ့လွဲခဲ့ကြသူတိုင်း...လက်ရှိအချစ်ကိုပဲကျေနပ်ပျော်ရွှင်ပြီး

သစ္စာရှိစွာချစ်မြတ်နိုးနိုင်ကြပါစေလို့ဒီပို့စ်လေးမှာ ဆုတောင်းလိုက်ပါတယ်။