Sunday, November 16, 2014

ရင်ကွဲနာ




photo credit to : Google 


မတွေ့ရက်တွေကြာခဲ့လေပြီ။ ၁ရက်မှ.၂ရက်.  ၂ရက်မှ..၃ရက်။ ခုတော့ ၂ပတ်တိုင်ခဲ့ပြီပေါ့။ သူတို့တွေ နေလို့မှ ကောင်းကြရဲ့လား။ စီးကရက်တွေ အသောက်လွန်ပြီး တစ်ယောက်ယောက် နေမကောင်းဖြစ်လို့များ တွေ့ကြဖို့ပျက်ကွက်ကြလေသလား။ အတွေးများစွာတို့ဖြင့် ကျွန်မရုံးမှ ပြန်လာလေတိုင်းတွေးဖြစ်မြဲ။ မြင်တွေ့လေတိုင်း ရင်ထဲမှာ လေးပင်ဆို့နင့်စွာ ခံစားရသည်ကိုတော့ ရိုက်မစစ်ဘဲ ၀န်ခံလှချင်သည်။

တိုက် ၃ခုရဲ့ အလယ်မှာ မှိုပွင့်ပုံချွန်းချွန်းပေါင်းမိုးလေးတစ်ခုရှိသည်။ ထိုအမိုးလေး တစ်ခုအောက်တွင် ၂ယောက်ထိုင် ဇကာကွက်ပုံ ခိုင်ခိုင်ခန့်ခန့် သံထိုင်ခုံတန်းလေး သုံးခုံကို မှိုပွင့်ပုံပင် ခပ်ဝိုင်းဝိုင်းလေးချထားသည်။

လေးထောင့်မျက်မှန်တပ်ဆင်ထားသော အသက် ၄၀မှ ၄၅ပတ်ဝန်းကျင်အရွယ် ပိန်သွယ်သွယ်  အမျိုးသားတစ်ဦးသည် စီးကရက်ဖွာရင်း တိုက်တစ်ခုကို မျက်နှာမူထားသော သံထိုင်ခုံတွင် ထိုင်နေလေ့ရှိသည်။ သူ၏ဘေးတွင် ရှော့ပင်းမောအတွင်းမှ (သို့) ဘူတာရုံအနီးစားသောက်ဆိုင်တန်းမှ ၀ယ်လာသော ၂ယောက်စာ စားသောက်စရာပါဆယ်လေး ရှိလေသည်။

မကြာခင်အချိန်မှာပင် ဆံပင်ပါးပါးရှည်ရှည်လေးများပိုင်ဆိုင်သော၊ အတွေးများစွာဖြင့် လျို့ဝှက်နက်နဲမှု ပြည့်နှက်နေသော မျက်ဝန်းများပိုင်ဆိုင်သည့် အသက် ၃၈နှစ်အရွယ် အမျိုးသမီးတစ်ဦးရောက်လာတတ်သည်။ ထို့နောက်တော့ ပါဆယ်ထုတ်ထားသော ညစာကို  ငြိမ်သက်စွာပင် အတူဖွင့်စားကြပေမည်။ ညစာစားပြီးသော အခါ ၂ယောက်အတူ စီးကရက်သောက်ရင်း အမျိုးသမီး ပြောသောစကားများကို ထိုအမျိုးသားက ခေါင်းညှိတ်ရင်း စကားထောက်ရင်း နားထောင်လေ့ရှိသည်။

တခါတရံတွင်တော့ အရင်ရောက်နှင့်နေသူဟာ အမျိုးသမီးဖြစ်နေခဲ့သည်။ ထိုအခါမျိုးတွင် သူမသည် ခါးလောက်ထိရှည်လျားဖြောင့်စင်းသော ဆံပင်ရှည်များကို ရှေ့ရင်သို့ စုသိမ်းလိုက်ကာ လက်ပိုက်ထိုင်ရင်း အမျိုးသားကိုစောင့်နေခဲ့သည်။ သူမဘေးတွင်တော့ ၂ယောက်စာ ညစာတစ်မျိုးမျိုးထည့်ထားသည့် ပါဆယ်တစ်ထုပ်။ ဘယ်တော့မှ မပြောင်းလဲသည်က သူတို့ ၂ယောက်ထိုင်သော ထိုင်ခုံလေး။ ၃ခုံရှိသည့်အနက် သူတို့သည် ထို ထိုင်ခုံလေးကိုသာ ရွေးချယ်ထိုင်တတ်သည်။ အမျိုးသားသည် ဗယ်ဖက်တွင် ထိုင်၍ အမျိုးသမီးသည် ယာဖက်တွင်ထိုင်လေ့ရှိသည်။ ထို့အတူ ပိန်သွယ်ပါးလျားသော သူတို့၏ ခန္ဓာကိုယ်များသည်လည်း ဘယ်တော့မှ ၀ိတ်အတက်အကျမရှိတတ်။

ထိုသူတို့ ၂ဦးသည် ခုံတန်းတစ်ခုတည်းတွင် နီးကပ်စွာတော့ ထိုင်ကြသည်။ သို့သော် ကယုကယင် ပြုမူခြင်းမရှိကြ။ ယုတ်စွအဆုံး တစ်ဦးလက်ကိုတစ်ဦး ကိုင်တွယ်ခြင်းပင်မရှိကြ။ ထို့ကြောင့် သူတို့ ၂ဦးကိုမြင်တိုင်း ကျွန်မရင်ထဲတွင် အတွေးပွားမိသည်။ သူတို့သည် ဘယ်လိုပတ်သက်မှု ရှိနေသည်လဲ။ ဖြတ်သွားတိုင်း စီးကရက်နံ့ရသည်ကိုတော့  စီးကရက်နံ့ ဆေးလိပ်နံ့ရလျှင် အသက်ရှူကျပ်တတ်သောကျွန်မည သိပ်တော့ သည်းညည်းမခံချင်။

ကျွန်မနေသော တိုက်ခန်းဓာတ်လှေခါးအနီးတွင် ဤထိုင်ခုံစုလေးရှိသောကြောင့် ရုံးမှအပြန် ထိုအနီးမှ ဖြတ်သွားတိုင်းသူတို့ကို မြင်ရသည်မှာ နေ့စဉ်ဖြစ်နေတော့၏။ ရုံးပြန်ချိန်စောသောရက်တွေတွင်လည်း သူတို့၏ နိစ္စဓူဝ ပြုမူဆက်ဆံပုံသည် မထူးခြား၊ ရုံးပြန်ချိန်နောက်ကျတတ်သောရက်တွေတွင်လည်းဤသို့နှယ်။ အင်မတန့်အင်မတန်နောက်ကျသောရက်တွေတွင်တော့ သူတို့၂ဦးမရှိတတ်တော့။ ထိုအခါမျိုးတွင် ထိုင်မှီသူကင်းမဲ့နေသော သံခုံလေးကိုကြည့်ရင်း ကျွန်မရင်ထဲဟာတာတာ။ သူတို့ပြန်သွားကြပြီကိုးဟုသာ မှတ်ချက်ချရင်း စိတ်အတွေးတွေကိုဖြတ်ပစ်ရ၏။ ဓာတ်လှေခါးထဲ ရောက်သွားချိန်တွင်တော့ ကျွန်မရင်ထဲ ကျွန်မ၏ ကိစ္စများသည်သာ ၀င်ရောက်လာပြန်သည်။ 


။။။။။။။။။


မြင်ပါများတော့ ကြင်သတဲ့လေ……

ကျွန်မအတွက်တော့ မြင်ပါများတော့ သိလိုစိတ်အတွေးများသာ ပွားလာခဲ့သည်။
အဘယ်သို့သော လှုံ့ဆော်မှု ရှိသည်မသိ။ တခါတရံ သူတို့ ၂ဦးဘာစကားမှ မပြောဘဲ အမျိုးသားက စီးကရက်ဖွာရင်း ၊ အမျိုးသမီးက လက်နှစ်ဖက်ကို စုံပိုက်ကာ နောက်တန်းကို မှီရင်း ၊ တိတ်တဆိတ် ငြိမ်သက်နေကာ ဟိုးအဝေးဆီသို့ ငေးရီသော မျက်ဝန်းများဖြင့် ငေးနေသောအခါများတွင် ကိုယ့်စိတ်ထဲပါ လွမ်းဆွေးသွားမိသည်။

သူတို့ပြောသောစကားများသည် တရုတ်စကားများမို့ ကျွန်မ နားမလည်။ သို့သော် နေ့စဉ်ရက်ဆက် သူတို့ ဘာတွေများ ဆွေးနွေးကြပါသနည်း။ မိတ်ဆွေအဆင့်ထက်ပိုသော သူတို့၏ သံယောဇဉ်ကို နက်ရှိုင်းသော ရင်မှ ခံစားသိမြင်မိသည်မို့ ဘာကြောင့်များ မပေါင်းစည်းကြသနည်း။ ထိုသို့ တွေးမိတော့ နောက်ဆက်တွဲအဖြစ် သူတို့ဟာ မလွတ်လပ်သူများမို့ ရှေ့ဆက်တိုးရန် ခက်ခဲနေသူများလားဟု တွေးမိတော့…ဟင့်အင်း ဟင့်အင်း….မဖြစ်စေချင်။ ရှေးရိုးဆန်တယ်ပဲ ပြောပြော တစ်လင်တစ်မယားစနစ်နဲ့ မိသားစုအပေါ်သစ္စာရှိပြီး ချစ်ခင်သော သူများအဖြစ်သာ ကမ္ဘာပေါ်ရှိလူသားအားလုံးကို ဖြစ်စေချင်သည်။ အို…ကျွန်မ သိပ်ကို အတ္တကြီးပြီး မဖြစ်နိုင်တာ တွေးခေါ်နေသူပါလား။ ခုခေတ်ကြီးမှာ ဖောက်ပြန်နေသူတွေ ဒုနဲ့ဒေး။ ထမင်းစားရေသောက် အိမ်ထောင်ပြု အိမ်ထောင်ကွဲတွေကလည်း အပုံအပင်။ ဒီလိုခေတ်ကြီးမှာ ဒီလိုအတွေး တွေးနေတော့ ဖောက်ပြန်သူတွေမြင်လျှင် ရူးနေသလားဟုတောင် သတ်မှတ်ဟားတိုက်ကြဦးမည်။ ဒါပေမယ့် ဖြစ်စေချင်တာက ကျွန်မဆန္ဒမို့ အတ္တကြီးတယ်ပဲ ပြောပြောကျွန်မ မပြင်နိုင်။ သူတို့ဟာ ဤသို့ ဖောက်ပြန်သူများမဖြစ်ကြပါစေနဲ့လို့ အလောတကြီး ဆန္ဒပြုမိတာ အခါခါ။


။။။။။။။။။


မိန်းမ သိပ်မဆန်တတ်သော ကျွန်မတွင် ရစ်တတ် ၊ ဂျစ်တိုက်တတ်သော အကျင့်ဆိုးဥာဉ် ရှိသည်။ ကံကောင်းချင်တော့ ကျွန်မကို နားလည်ခံစားတတ်စွာ ဆက်ဆံတတ်သော လူနည်းစုမိတ်ဆွေတချို့ကို ပိုင်ဆိုင်ထား၏။ ထိုသူတို့သည် ကျွန်မ၏ မွေးစားအကို အမ များနှင့် အခင်ဆုံး သူငယ်ချင်းဆိုတာတွေဖြစ်လာခဲ့သည်။ သူတို့သည် ကျွန်မကို နားအလည်နိုင်ဆုံးသော လူသားများမို့ သူများနှင့်ကွဲပြားသော ရာထူးများပေးထားသင့်သည် မဟုတ်ပေလော။

တစ်နေ့တွင် ရန်ကုန်မှစင်ကာပူသို့အလည်ပြန်လာသော မွေးစားအကိုတစ်ယောက်က ကျွန်မကြိုက်တတ်သောအစားအသောက်တွေတစ်ပုံတစ်ပင် ကျွန်မအတွက် သယ်လာပေးသည်။ ဧည့်လက်မခံသော အိမ်တွင် အခန်းငှားနေသူမို့ အစားအသောက်တွေ လက်ဆောင်လာပေးသော အကိုအား အိမ်ဧည့်ခန်းသို့ အလည်မခေါ်တော့ဘဲ အောက်ထပ်က မှိုပွင့် ထိုင်ခုံလေးတွင်သာ လက်ခံစကားပြောဆိုဖြစ်သည်။

ထိုနေ့က ရုံးပိတ်ရက်တနင်္ဂနွေမို့ ကျွန်မမြင်နေကျ သူတို့ ၂ယောက်မရှိ။ ကျွန်မ၏ မွေးစားအကို ထိုင်ဖြစ်သည်က သူတို့ ၂ဦးထိုင်နေကျ ထိုင်ခုံ။

“အကိုသိလား။ အဲ့ထိုင်ခုံလေးမှာလေ ဇာတ်လမ်းရှိတယ်”

“ဟေ….ဘာတုန်းဟ။ ညည်းစကားကလည်း အဆန်းပါလား။ ထိုင်ခုံမှာ ဇာတ်လမ်းရှိတယ်လို့”

ကျွန်မစကားကြောင့် အကိုတစ်ယောက် တအံ့တသြဖြစ်သွားသည်။

“ဟုတ်တယ်.။ အဲ့ထိုင်ခုံမှာလေ ညနေရုံးဆင်းချိန်တိုင်း တွေ့ကြတဲ့ ယောက်ျားနဲ့ မိန်းမတစ်ယောက် ရှိတယ်။ သူတို့က ဒီမှာ ညစာအတူစားတယ်။ စကားတွေ ပြောကြတယ်။ ပြီးရင် တစ်ယောက် တစ်နေရာစီ ပြန်သွားကြရော”

“အတွဲနေမှာပေါ့ကွ။ ဒါမှမဟုတ် လင်မယားနေမှာပေါ့။ တချို့လင်မယားတွေကျ အိမ်တစ်အိမ်ထဲမှာ အတူငှားနေဖို့အဆင်မပြေလို့ တကွဲတပြားစီငှားနေတာ ကြားဖူးတယ်ကွ ”

“အနော်လည်းသိဘူး။ ဒါပေမယ့်သူတို့ကအတွဲလိုလည်း မနေဘူး။ လင်မယားလိုပုံလည်း မဟုတ်ဘူး။ ဒါပေမယ့် မိတ်ဆွေအဆင့်ထက်လည်းပိုတယ်လို့ အနော့်စိတ်ထဲ ခံစားမိတယ်။ သူတို့လာရင် တိတ်တိတ်လေး ညစာစားတယ်။ ယောက်ျားကတော့ အမြဲစီးကရက်သောက်တယ်။ မိန်းမက တခါတလေတော့ ဖွာတာတွေ့တယ်။ အမြဲတော့မဟုတ်ဘူး။ ပြီးရင် တစ်ယောက်ရဲ့အသားတောင် တစ်ယောက်မထိကြဘဲ စကားတွေ ပြောနေကြတယ်။ တခါတလေတော့လည်း ငေးနေကြတယ်။ သူတို့ကို မြင်ရတာ တခါတလေကျတော့ အနော့်ရင်ထဲ ဆွေးနေကရော”

“အမလေးဟဲ့ ဆွေးတောင်ဆွေးရတယ်။ ညည်းပြောတာနဲ့ ငါတောင်စိတ်ဝင်စားပြီး သူတို့ကို မြင်ဖူးချင်လာပြီ။ ခုရောမလာကြသေးဘူးလား။”

“ဟင့်အင်း ပိတ်ရက်ဆိုသူတို့ မလာဘူး။ ဒီပုံစံအတိုင်း ဘယ်တော့မှ မပြောင်းတဲ့ပုံစံနဲ့ သူတို့နေလာတာ ၄နှစ်လောက်ရှိပြီ။”

“အေးပေါ့ကွာ။ နည်းနည်းတော့ ဆန်းနေသလိုပဲ။ ဒါပေမယ့်တွေးမနေပါနဲ့။ တစ်ခါတလေတော့ ပေါင်းလို့ မရတဲ့ ဘ၀တွေရှိတတ်တယ်ဆိုတာလို့ပဲ တွေးထားလိုက်ကွာ။ သူတို့မှာ ပေါင်းလို့မရတဲ့ အကြောင်းတွေ ရှိနေလို့ နေမှာပေါ့။ ကဲ…အကိုလည်း ပြန်လိုက်ဦးမယ်။ ညည်းအမနဲ့ ကလေးတွေ မှာလိုက်တဲ့ ပစ္စည်းတွေ ၀ယ်စရာရှိသေးလို့”

ကျောခိုင်း ထွက်ခွာသွားသော အကို့ကို ဘာရယ်မဟုတ်ကြည့်နေရင်း စကားတစ်ခုက နားထဲမှာ ပဲ့တင်ထပ်သည်။

“အချစ်တစ်ခုတည်းနဲ့ ဘ၀တစ်ခုကို တည်ဆောက်လို့ရရင်လည်း ကောင်းသားပေါ့”
။။။။။။။။။


သူတို့ဟာ အချစ်ရှိပေမယ့် ဘ၀တစ်ခုကို ပေါင်းစည်းဖို့ မပြည့်စုံသူတွေလား။

ဘ၀တစ်ခုကို တည်ထောင်ဖို့ သတ္တိနည်းကြသူတွေလား။

တည်ထောင်ပြီးသား ဘ၀တစ်ခုရှိပြီးမှ တစ်ဦးကို တစ်ဦးတွေ့ကြသူတွေလား။ (ဟင့်အင်း အဲ့လိုတော့ မလုပ်ကြပါနဲ့။ လက်ရှိအိမ်ထောင်ရှင်နဲ့ ကလေးတွေကို ညှာတာပြီး သစ္စာရှိချစ်ခင်ကြပါ။)

တစ်ဦးမှာ ရောဂါရှိနေလို့ ဒီအတိုင်းပဲ ချစ်နေကြစို့လို့ ဆုံးဖြတ်ခဲ့ကြသူတွေလား။ (ဒီအတွေးကတော့ နည်းနည်းရုပ်ရှင်ဆန်သည်မို့ ချက်ခြင်း ပယ်ဖျက်လိုက်သည်)

မိဘတွေက သဘောမတူလို့ ဒီတိုင်းပဲ ရှေ့ဆက်နေကြသူတွေလား။ (အို…ဒီအရွယ်တောင် ရှိနေမှပဲ မိဘတွေတောင် ရှိနိုင်ပါဦးမလား။ ဒီအတွေးလည်း ရပ်သင့်သည်။)

ဘယ်လောက်ကြာအောင် တွေးနေမိသည်မသိ။ မျက်နှာချင်းဆိုင်ခုံတွင် သားအမိ၂ဦးလာထိုင်တော့မှ အတွေးရပ်ကာ အိမ်ပေါ်တက်ဖြစ်သည်။

။။။။။။။။။

ယခုတော့ သူတို့ ၂ဦးကို မတွေ့သည်မှာ ၂ပတ်ရှိပြီ။ တခါတရံ သူတို့ ထိုင်နေကြ ခုံလေးတွင် အတွဲတချို့ လာထိုင်တတ်သည်။ သို့သော် ဘယ်အတွဲမှ သူတို့လောက် ကျွန်မရင်ထဲ မထိရှလှ။ ခံစားမှု တစ်ချို့ကို မပေးနိုင်လှ။ သာမန်တွေ့ရတတ်သော အတွဲများကဲ့သို့ပင် ကျွန်မရင်ထဲ ခံစားရတတ်သည်။ မည်သူမှ ကျွန်မရင်ထဲတွင် မှတ်မှတ်ရရ မရှိလှ။

သူတို့၂ဦး ထိုင်သော ထိုင်ခုံလေးတွင် သူတို့ ၂ဦးကိုသာ မြင်လိုသည်။ သူတို့သည်လည်း ထို ထိုင်ခုံလေးမှ လွဲ၍ မည်သည့်နေရာကိုမှ မရွေးချယ်ခဲ့။

(ကျွန်မမြင်တွေ့တိုင်း)  ရိုးသားသန့်စင်စွာ ဆက်ဆံခဲ့သည်မှာ ၄နှစ်တာ ပြည့်မြောက်ခဲ့သော သူတို့ ၂ဦးသည် (သစ္စာမဲ့သောအဖြစ်မှလွဲ၍) အချစ်ရှိသော်လည်း ဘ၀တစ်ခုကို တည်ဆောက်ဖို့ ထာဝရမဖြစ်မြောက်နိုင်သူများ ဖြစ်ခဲ့သည်ရှိသော် ကျွန်မရင်ထဲနာကျင်မှုဖြင့် ဆို့နင့်ခံစားရလွန်းသည်။ ပြောရမည်ဆိုလျှင် ရင်ကွဲနာကျသော ခံစားချက်များလိုပေါ့။

ထို့ကြောင့် ကျန်သော စုံတွဲများအားလည်း သူတို့လို အဖြစ်မျိုးများ မဖြစ်စေလိုသဖြင့် “အဲ့ထိုင်ခုံမှာ မထိုင်ကြပါနဲ့”လို့ စိတ်ထဲမှ အော်ပြောနေမိသည်မှာ ဒီနေ့တွင် ၂ပတ်မြောက်လေပြီ။


ကြည်ဖြူပိုင်
၁၅-နိုဝင်ဘာ-၂၀၁၄

ည ၁၀ နာရီ ၁၇ မိနစ် 

Saturday, November 15, 2014

သေချာသွားခဲ့သော စိတ်ကျသစ်ပင်





ခုအချိန် တောင်ကုန်းတစ်ခုပေါ် ပြေးတက်ပြီး အားရပါးရ အော်ပစ်လိုက်ချင်တယ်။ ဟေး လိုလို ၊ အား လိုလို -၀ါး လိုလို မပီမသ အသံတစ်ခုခုနဲ့ပဲဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် မဖြစ်သေးဘူး မိုးရွာပြီးစ စိုထိုင်းနေတော့ တောင်ကုန်းပေါ် အင်နဲ့အားနဲ့ပြေးတက်တုန်း ချော်လဲသွားမှာပေါ့။

“သိမ်းငှက်ပုံပြင်လေးလေ သိလား။ ဒီမှာ လင့်ခ်ရှိတယ်။ စိတ်ဓာတ်ဘယ်တော့မှ မကျနဲ့သိလား။ လိုတာရှိရင်ပြော တတ်နိုင်သလောက်ကူပေးမယ်။ တစ်ယောက်တည်းလို့ ဘယ်တော့မှ မတွေးနဲ့။ ကိုယ့်ကိုချစ်တဲ့သူတွေ ၊ ခင်မင်တဲ့ မိတ်ဆွေတွေ လုပ်ဖော်ကိုင်ဖက်မိတ်ဆွေတွေအများကြီးရှိတယ်နော်။ ဘယ်သူမှ မရှိရင်တောင် အီဖေကိုယ်ရှိတယ်။ အနည်းဆုံးတော့ ၂ယောက် ၊ ၂ယောက် ။ လုံးဝ အားမငယ်နဲ့သိလား”

“သိလား” ဆိုတဲ့ စကားလုံးတွေ များစွာနဲ့ စိတ်ဓာတ်ကျနေသူကို အားသစ်ဖြစ်စေမယ်ထင်တဲ့ စကားလုံးတွေ ရွေးချယ်ပြောရင်းနဲ့ အားတက်လာစေဖို့ တတ်နိုင်သမျှဖက်တွေကနေ ကြိုးပမ်းခဲ့ဖူးပေမယ့် တစ်ယောက်တည်း ငြိမ်သက်စွာထိုင်နေချင်မလားလို့ မတွေးခဲ့ဖူးပေ။ စိတ်ဓာတ်ကျနေသူတွေ အတွက် တစ်ယောက်တည်း ပို၍သာ အထီးကျန်ဆန်ပြီး depression ရောဂါစွဲကပ်သွားမှာကိုသာ စိုးရိမ်ခဲ့ဖူးရဲ့။

ကိုယ့်အနေနဲ့ကတော့ ချစ်ခင်သူတွေအပေါ် အချွဲပို ဂျီကျတတ်သူတတ်သူ တစ်ယောက်မို့ ”သိပ်စိတ်ညစ်နေတယ်” လို့ ငြီးငြူလိုက်ရင်တောင် ချစ်ခင်သူတွေရဲ့ အားပေးစကားလေးကြားခဲ့ရင် ကျေနပ်စွာနဲ့ ကျနေတဲ့ စိတ်ဓာတ်ပြန်မြောက်တတ်တာမို့ ceiling ကြီးတောင် ထ ပေါက်တတ်မယောင်။

တကယ်တော့ စိတ်ဓာတ်ကျနေသူတွေအတွက် ချစ်ခင်သူတွေရဲ့ အားပေးစကား ဂရုစိုက်မှု ၊ အချိန်ပေးမှုတွေကြောင့် စိတ်ဓာတ်ပုံမှန်ပြန်ဖြစ်သွားတတ်သူတွေဟာ ၁၀၀% မှာ အနည်းဆုံး ၇၀%တော့ ရှိမယ်ထင်ပါရဲ့။ အတိတ်မှာကိုယ်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းသူတစ်ယောက်သာ ဖြစ်လိမ့်မည်။ ကိုယ့်ကြောင့် စိတ်ဓာတ်ကျသူ ပြန်တက်မလာခဲ့ဖူးတော့ ကိုယ်ဟာ ထိုသူအတွက် ချစ်ခင်သူတစ်ယောက်စာရင်းမှာ မပါတဲ့သဘောပေါ့။

ကိုယ့်ကြောင့် ၀န်ထုပ်ဝန်ပိုး ဖြစ်စေမယ့်ကိစ္စတွေ မဖြစ်စေဖို့အတွက်ရှောင်ရှားရင်း ၊ ကိုယ်က ပေါတာကြီးတစ်ယောက်လိုဖြစ်ရလောက်အောင် ခင်မင်ရင်းစွဲ ရင်ထဲမှာ ထားခဲ့ပေမယ့် ကိုယ့်အပေါ်မခင်တော့တဲ့ လူတချို့ရဲ့ သဘောထားကို နားလည်လာရင်း၊  ကိုယ့်ကို မတွေ့ရင် ပိုစိတ်ချမ်းသာမယ်ထင်တဲ့ လူတချို့ရဲ့ မြင်ကွင်းက ရှောင်ထွက်နေလိုက်ရင်း ၊ အမြဲတမ်း ပေါက်ကွဲဆူလွယ် ခံစားချက်မှန်သမျှကို မြိုသိပ်မထားတတ်တဲ့ အကျင့်နဲ့ ပြောင်းပြန်..် ခံစားချက်တချို့ကို ရင်ဘတ်ထဲမှာ ကျစ်ကုတ် မြိုသိပ်ရင်း ၊ လူတချို့ရဲ့ သဘောထားအမှန်ကို နားလည်လာရင်း ၊ ဟန်ဆောင်ကြွားဝါမှုတွေနဲ့ ပြည့်နှက်နေတဲ့ လူတချို့ကို ပဲ အထင်ကြီးအားပေး ချီးမြှောက်ကြတဲ့ လူ့အသိုင်းအ၀ိုင်းတချို့ကို သံဝေဂ ရသွားမိရင်း ….စတာတွေနဲ့ပဲ စိတ်ဓာတ်ကျခြင်းဟာ မျိုးစေ့ကျခဲ့လေသလား၊

တစ်နေ့ ၈နာရီအလုပ်ချိန်ထက်လွန်၍ တစ်ခါတရံ ၁၁ နာရီ နဲ့ ၁၄ နာရီကြား လနဲ့ချီ ဆက်တိုက်လုပ်လာရပြီး ကိုယ်ပိုင်ချိန်ဆိုတာ မရှိတော့သလောက်ဖြစ်လာတဲ့ ကာလ အပိုင်းအခြားတစ်ခုမှာ ပိုပြီး အပင်ရင့်သန်လာလေသလား။

မိမိကိုယ်တိုင် စိတ်ဓာတ်ကျနေပြီလို့ သိလိုက်ရတဲ့ အခိုက်မှာတော့ သိမ်းငှက်ပုံပြင် လင့်ခ်ကိုတောင် ပြန်ရှာဖို့ ခွန်အားမရှိတော့။

Mr Bean , Tom & Jerry , ရေချိုးခန်းထဲမှာ အော်ဟစ်သီချင်းဆိုခြင်းတွေကိုလည်း ၁၀ နာရီထက်ပိုတဲ့ အလုပ်တွေကြောင့် ပင်ပန်းနေတဲ့ ခန္ဒာကိုယ်က မလုပ်ချင်တော့။

ကိုယ်ချစ်ခင်သူတွေဆီက အားပေးစကားလေးကြားလိုက်ရရင် ceiling ကြီးပေါက်ထွက်သွားမှာ သိပေမယ့် ကိုယ့်ကိုချစ်ခင်သူတွေဆိုတာ လောကမှာ ရှိရဲ့လားဆိုတာလည်း မသေချာတော့။

mp3 တစ်ခု ၊ စီးဆင်းနေတဲ့ စိမ်းမြမြ ရေပြင်ကျယ် ၊  မိုးရွာပြီးစ စိုစွတ်ရေ တွဲခိုနေတဲ့ မြက်ခင်းစိမ်းကျယ် ၊ ကိုယ့်တင်ပါးအောက်က ရေစိုနေတဲ့းခုံလေးတစ်ခုကတော့ ကိုယ်ခုချက်ခြင်း ရွေးချယ်လိုက်တဲ့  စိတ်ဖြေရာတစ်ခုတော့ ဖြစ်နိုင်မယ် ထင်ပါရဲ့။

အနည်းဆုံးတော့ ကိုယ်ဟာ ဟိုးဝေးဝေးက သစ်ပင်စုတွေဆီ ငေးချင်ရာငေး တွေးချင်ရာ တွေးပြီး လူတွေအားလုံးပျော်ရွှင်ကြပါစေလို့ တိတ်တိတ်လေး ဆုတောင်းနေနိုင်တယ်လေ။

ကြည်ဖြူပိုင်
ည ၇ နာရီ ၅၁ မိနစ်
၁၅ - ၁၁- ၂၀၁၄









Monday, October 6, 2014

အားလုံးဟာ ပြောင်းလဲသွားခဲ့တယ်ဆိုရင်တောင်……



(photo credit to : Google) 

(ကာတွန်းလေးဆွဲပြီး ပို့စ်တင်မယ်လို့ စိတ်ကူးခဲ့ပေမယ့် ဒီညနေမှ ကဗျာကသီထရေးပြီး အချိန်မရှိတော့လို့ Google ကပုံလေးပဲ ရွေးပြီးတင်လိုက်ရပါတယ်။ပီးတော့ ဒီနေ့မိသားစုဓာတ်ပုံလေးတွေကြည့်ရင်း လွမ်းလွမ်းရှိတာမို့ မိသားစုအကြောင်းလေးနဲ့ဆက်စပ်ပြီးရေးလိုက်ပါတယ်။)



ရေမွှာစိမ်းလေးများကြားတွင် လျင်မြန်စွာကူးလူးနေသော ရွှေငါးသေးသေးလေးများကိုကြည့်ရင်း အသည်းယားလာသည်။ ကြည့်ပါဦး ချစ်ဖို့ကောင်းလိုက်တာ။ အိမ်က ကိုကြီးရဲ့ ငါးကန်ကျယ်ကြီးထဲရောက်သွားရင် ဟိုဖက် သည်ဖက် ယိမ်းထိုးကူးပြီးတော့ကို ပျော်နေကြဦးမှာလို့ တွေးကာ ငါးနှင့်ရေ ရောထည့်ထားသည့် ပလတ်စတစ်အိတ်လေးကို ထပ်မြှောက်ကြည့်မိပြန်သည်။

ထိုအခိုက်မိုးရေစက်လေးတချို့က ချို့မျက်နှာပေါ် ထိစင်လာ၏။ မျက်နှာပေါ်မှာ မေမေလိမ်းပေးထားတဲ့ သနပ်ခါးဘဲကြား ပျက်တော့မှာပဲ။

“ကိုကြီးရေ မိုးတွေ ရွာတော့မယ်။ နင်း နင်း မြန်မြန်နင်း”

စက်ဘီးနင်းနေသော ကိုကြီးရဲ့ ကျောပြင်တွင် ပါးကို မှီလိုက်ကာ မိုးစက်တွေကို ကာကွယ်ရင်း ပြောလိုက်သည်။ သည်အချိန်မှာ စက်ဘီးခုံကိုလည်း ကျစ်ကျစ်ပါအောင် ကိုင်ထားလေမှ။ ကိုကြီးတစ်ယောက် စက်ဘီးကို အမြန်နင်းလျှင် မည်သို့မည်ပုံ နောက်ကလိုက်ရမည်နည်းဟုလည်း ညီမငယ်တစ်ယောက်အနေဖြင့် အသိရှိနေပြန်သည်။ ကိုကြီးသည် အမြဲလိုပင် စက်ဘီးကို ကပ်ကာ သီကာ နင်းရတာ ၀ါသနာပါသည်။ တခါတရံ ဆိုင်ကယ်နှင့်အပြိုင်နီးပါး နင်းချင်လျှင်နင်းသေး၏။ သူ့စက်ဘီးနောက်တွင် လိုက်စီးလေ့ရှိသော ညီမငယ် ၂ယောက်နှင့် ညီငယ်တစ်ယောက်ကို စချင်ပါကလည်း စက်ဘီးကို ဘယ်ညာရမ်းကာ နောက်ကလိုက်စီးသူ အသည်းတယားယား ရင်တလှပ်လှပ်နေအောင်ပင် သူမို့ ကပ်ကာသီကာ နင်းတတ်သည်။ သို့သော် ဘယ်တော့မှ အန္တရာယ်မဖြစ်စဖူး။ ဒါသည်ပင် သူ့ကျွမ်းကျင်မှုဟု ဆိုရပေမည်။ ကိုကြီးရဲ့ စက်ဘီးနင်းကျွမ်းကျင်မှုကိုယုံကြည်သော ချိုကတော့ သူစက်ဘီးနင်းသည်ကို နောက်က ထိုင်စီးလေတိုင်း ဘယ်တော့မှ အငြိမ်ထိုင်မလိုက်ဘဲ ရှေ့လှည့်စီးလိုက် ဘေးလှည့်စီးလိုက်လုပ်တတ်သည်။ ဒီတစ်ခါတော့ လက်ထဲမှာ ငါးထုပ်လေးပါလာလို့မို့ မလွတ်လပ်လှ။ မိုးဖွဲလေးများကျလာတာမို့ ငြိမ်သက်စွာပဲ ထိုင်လိုက်ခဲ့သည်။



~~~~~  ဟိုး မိုးကောင်းကင်မှာ တိမ်ပြာပြာလေးများ လွင့်နေသည်။ ~~~~~~


တိမ်လွင့်လွင့်ကောင်းကင်အောက်က မြေပြင်ကျယ်မှာ ရစ်ဘီးနဲ့စွန် ၂စုံ၊ ကလေး၎ယောက် ခပ်စောစောပဲရှိသေး တက်ကြွနေကြ၏။ သူတို့ စွန်လွှတ်ဖို့အလုပ်ရှုပ်နေတုန်းအခိုက် သူတို့၏ စိတ်ချမ်းသာမှုအရ လူကြီးတွေက မတတ်သာပဲ ခွင့်ပြုမွေးမြူခွင့် ပေးထားရသော ကြောင်ကလေးတစ်ကောင် ၊ ရွှေဂဲလေးတစ်ကောင်နှင့် ရွှေငါးလေးများအပါအ၀င် ငါးအမျိုးအစားအစုံ ရောင်စုံလေးများသည် အိမ်တွင်စောင့်စားပျော်ပါးရင်း နေရစ်တတ်ခဲ့ကြသည်။ ကြက်ပေါက်စ၀ါဝါကလေးများ မွေးမြူချင်သည်ကို တောင်းဆိုထားဆဲ။ ခွင့်ပြုချက်မရသေးသည်မို့ သည်လောက်နှင့် ကျေနပ်နေရသည်။

အကို၂ယောက်လွှတ်တင်မည့်စွန်ကို ပင့်ကိုင်ပေးပြီး စွန်လေး၂စင်း မိုးပေါ်သို့ ပြန်တက်ဝဲသွားသည်နှင့် တစ်ပြိုင်နက် ချိုတို့ညီအမ ၂ဦး အိုးပုတ်လေးများဖြင့် ဆော့ရန်အိမ်သို့ ပြန်ခဲ့သည်။ အိမ်အပြန်လမ်း လမ်းဘေးတွင် အလေ့ကျ ပေါက်တတ်သည့် အပင်ငယ်များ၊ ခြံစည်းရိုးတစ်ချို့တွင် ပွင့်လန်းဝေဆာနေသော အပင်ငယ်များမှာ အရိုး အရွက် အပွင့် စသည်ဖြင့် စိတ်ကူးတည့်ရာ ခူးဆွတ်သွားကြမည်။

သစ်ရွက်ကြမ်းများကို အရွယ် ခပ်ကြီးကြီး လှီးဖြတ်ထားခြင်းသည် ခေါက်ဆွဲ၊ သစ်ရွက်နုတို့အား သေးသေးမျှင်မျှင်လေးဖြစ်အောင်ရိတ်ရိတ်လှီးထားပါက ကြာဇံဟူ၍ ချိုတို့သတ်မှတ်မည်။ ဟင်းခတ်မှုန့်နှင့် ပဲမှုန့်အတွက်ကိုတော့ အိမ်ရှေ့လမ်းမပေါ်မှ သဲမွမွလေးများကို ဇွန်းဖြင့် ခြစ်ယူမည်။ ထိုသဲလေးများကို အိုးပုတ်ထဲထည့်၍ ရေလောင်းလိုက်ရင်တော့ ထမင်းဖြစ်ပြန်သည်။ ဆီအတွက်တော့ မပူပေ။ လဲမှို့ပင်မှ အရွက်လေးများကို တံချူဖြင့်ချူ အုတ်နီခဲဖြင့် ထုပြီး ရေနှင့်ရောလိုက်လျှင် အရည်ချွဲချွဲဆီကို ရပေမည်။ လုပ်ရမှာ အလုပ်ရှုပ်လျှင်တော့ လဲမှို့ပင်ရှိသော သူငယ်ချင်း မောင်နှမတစ်တွေ အားပါးတရ ထုထောင်းဖျော်ထားသည် ထိုဆီကို သတင်းစာဖြတ်ပိုင်းများ၊ ကြွေပန်းကန်အကြွေပဲ့များဖြင့် လဲလှယ်ဝယ်ယူနိုင်သည်။ ထိုအချိန်တွင် သူတို့က ဆီကုန်သည်ကြီးများပေါ့။ သူငယ်ချင်းတစ်ယောက်၏အိမ်ခေါင်းရင်းမြေကတော့ မြေနီရောင်ပေါက်သည်။ ထို့ကြောင့် သူ့အတွက်ကတော့ ဟန်ကျလှသည်။ အုတ်နီခဲကို တကူးတက ထုရိုက်ချေမွပြီးမှ လက်ဖက်ရည်ဖြစ်အောင် လုပ်ဖို့မလို။ ခေါင်းရင်းမှ မြေလေး ခြစ်ယူပြီး ရေဖျော်လိုက်ရုံဖြင့် လက်ဖက်ရည်ရ၏။ ထို့ကြောင့် သူကတော့ လက်ဖက်ရည်ဆိုင် ပိုင်ရှင်။

ရပ်ကွက်လမ်းရိုးကိုးပေါက် လျှောက်ဆော့ဖို့ သူငယ်ချင်း အပေါင်းအသင်း စုံစုံညီညီမရှိလျှင်တော့ ညီအမ နှစ်ယောက်တည်း ပြောင်းဖူးပြုတ်နှင့်သကြားလုံးကို ဆေးအဖြစ်သုံးကာ၊ လူကြီးတွေ၏ ဇာဂနာနှင့် ၀ါဂွမ်းများကို ယူသုံးချင်သုံးရင်း ဆရာဝန်နှင့်လူနာ လုပ်တမ်းသော်လည်းကောင်း ၊ အိမ်ရှေ့ရှိ ကျောက်သင်ပုန်းမည်းကြီးနှင့် မြေဖြူကို အသုံးချကာ ကျောင်းဆရာနှင့် တပည့်လုပ်တမ်းသော်လည်းကောင်း၊ စိန်မမအမည်ရှိ စိန်ပွဲစားလုပ်တမ်းသော်လည်းကောင်း အိမ်ထဲမှာပဲ ခြံပြင်မထွက်တမ်း ဆော့ဖြစ်သည့်အခါတွေလည်းရှိခဲ့၏။

ထိုသို့ ဆီကုန်သည်ထံတွင် ဆီဝယ်ဖို့၊ အသုပ်စုံဆိုင်တွင် အသုပ်ဝယ်စားဖို့ ထမင်းဆိုင်တွင် ထမင်းစားရိတ်ရှင်းဖို့၊ လက်ဖက်ရည်ဆိုင်တွင် သွားထိုင်နိုင်ဖို့ ၊ ကျောင်းဆရာမထံတွင် ကျောင်းအပ်နိုင်ဖို့၊ စိန်ပွဲစား ကျောက်ပွဲစားများလာပါက ကြိုက်နှစ်သက်သည့် ရတနာများ ၀ယ်ထားနိုင်ဖို့ ၊ နေမကောင်းလျှင် ဆရာဝန်ထံသွားဖို့ စသည့်အရေးများအတွက် အလဲအလှယ်လုပ်ရန် အိမ်ရှိ သတင်းစာ၊ရွှေသွေးစာစောင်များသည်  အပိုင်းပိုင်းပြတ်ကာ ကလေးအုပ်စုထဲတွင် ငွေစက္ကူရွက်များအဖြစ်အသုံးချခံခဲ့ရ၏။ တခါတရံတော့လည်း သစ်ရွက်ကလေးများကို သုံးကြသည်။ ဘယ်သူငယ်ချင်းအိမ်မှ ကြွေပန်းကန်ကွဲကွဲ ချိုတို့အကုန်လုံးအတွက်ကတော့ ၀မ်းသာစရာသတင်းကောင်းပင်။ ဘာကြောင့်ဆို မကြာခင်မှာ ပိုက်ဆံအကြွေစေ့လုပ်ဖို့ ကြွေပန်းကန်ကွဲစများ ရတော့မည်ကိုး။ အိမ်မှ လူကြီးတွေ တခါတရံ ထိုးတတ်သော ဆုငွေ ငါးသိန်းတန် ထီလက်မှတ်တစ်အုပ်ရလျှင် ထိုထီလက်မှတ်ပိုင်သော ကလေးသည် ကစားသည့် ကလေးအုပ်စုထဲမတော့ အတန်ကြီးများကိုင်သူဖြစ်၍ သူဌေးအဖြစ် သတ်မှတ်ခံရပေလိမ့်မည်။

ခြံကွက်တစ်ကွက်ကို ပိုင်းရောင်းပြီး တစ်အိမ်ထောင်ကနေ နှစ်အိမ်ထောင်ပွားများတတ်ကြတဲ့ ပစ္စုပ္ပါန်ခေတ် လူနေမှုထူထပ်မှုစနစ်ကလည်း မထွန်းကားသေးတော့ ချိုတို့မောင်နှမ သူငယ်ချင်းတစ်စုအတွက် ဆော့ကစားစရာ ခြံကျယ်ဝန်းကျယ်လေးတွေလည်း လမ်းထဲက ဘယ်သူ့အိမ်သွားဆော့ဆော့ အတူတူသာ။



~~~~~မိုးတွေရယ်ညို့လာပြန်ပြီပေါ့။ သည်းသည်းမည်းမည်းသာရွာလိုက်စေချင်တော့၏ ~~~~

မိုးသည်းသည်းအောက်မှာ အိမ်မိုးသွပ်ပြားပေါ်ရေကျသံက တဗြောင်းဗြောင်း မြည်ဟည်းနေသည်။ လျှပ်စီးလက်ခြင်းနှင့် မိုးချိန်းသံတို့ကလည်း ကြိုကြား အားဖြည့်နေကြပြန်၏။ ထိုသို့ဆိုလျှင်တော့ မိုးရွာထဲ မိုးရေထွက်ချိုးခွင့် ကြုံမည်မထင်။ လူကြီးတွေ ဆင်ပေးထားသည့် အနွေးကိုယ်စီ ဘောင်းဘီရှည်နှင့်နေသော်ငြားလည်း လျှပ်စီးတစ်ချက်လက်လိုက်လျှင်ပဲ ကြက်သီးလေးက ထချင်ချင်။ အိမ်ပေါ်ထပ် ၀ရန်တာတွင်တော့ မိုးသည်းလျှင် ရေပက်တတ်သည်။ ဒီတော့ တံစက်မြိတ်အောက်က ပြူတင်းပေါက်လေးပေါက်ဖွင့်ကာ မောင်နှမ၄ယောက်သား မြေကြီးပေါ်တဝေါဝေါစီးနေသည့် မိုးရေစက်များနှင့် သူတကာတွေတံစက်မြိတ်အောက် ခေါင်မိုးနှင့်သွယ်ထားသည့် ပိုက်တန်းများမှ ရေအလုံးလိုက် စီးမြောဖြာကျနေသည်ကိုလည်းကောင်း စိုက်ကြည့်နေကြသည်။ ကလေး ၄ယောက်တွင် အတွေး ၄မျိုးရှိနေမည်မှာလည်း အသေအချာ။

ထိုသို့ကြည့်ခြင်းမှ ငြီးငွေ့လာလျှင်တော့ စောင်ကြီးဖြန့်ခင်းကာ ၂ယောက်က စောင်ပေါ်တက်ထိုင်ပြီး ကျန် ၂ယောက်ကဆွဲတာကို ထိုင်စီးသော ကစားနည်းကို ပြောင်းဆော့ကြမည်။ ထိုကစားနည်းအတွက် စိတ်မပါလျှင်တော့ ကိုယ့်နားကိုယ် ပိတ်လိုက်ဖွင့်လိုက် လုပ်ကာ မေမေပြောတတ်သည့် မိုးဒေ၀ါ ပုံပြင်လေးကို စိတ်ကူးထဲ ကြားမြင်ယောင်ရင်း မိုးသံကို တစ်ဝက် တစ်ပျက် နားစွင့်ကြဦးမည်။ ဒါမှ မကျေနပ်သေးလျှင်တော့ မွေ့ယာထဲ (သို့) ဖျာလိပ်ထဲ ကိုယ့်ကိုယ်ကို ပတ်ဆော့ချင် ဆော့နေလိုက်သေး၏။ မိုးတွေခြိမ်း လျှပ်စီးတွေလက်လို့မို့ လူကြီးတွေကမှ မိုးရေထွက်ချိုးခွင့် မပေးပဲကိုး။ နို့မို့ဆိုလျှင်ဖြင့် ဘောင်းဘီတိုလေးတွေ စွပ်ကျယ်လေးတွေ ကိုယ်စီဝတ်ပြီး ဘောလုံးလေးတစ်လုံးကို ၄ယောက်သား လုကန်ပြီး မိုးရေထဲ လျှောက်ပြေးဆော့ကန်နိုင်သည်။ အိမ်တံစက်မြိတ်အောက်က မိုးရေသန့်သန့်စီးကျနေသည့် ပိုက်အောက်မှာ ၄ယောက်သား တစ်ယောက်တလှည့်  ရေချိုးနိုင်သေးသည်။ ခုတော့မတတ်နိုင်။ မေမေက နက်ဖန် အုန်းထမင်းချက်ကျွေးမှာဆိုတော့ ဖေဖေရုံးက ပြန်လာလျှင် အုန်းသီးခွဲပေးလိမ့်မည်။ ထိုအခါမှ အုန်းစို့ပါမပါ စိတ်ဝင်တစားနှင့်စူးစမ်းပြီး ပါလျှင်စားမည်။ မပါလျှင်တော့ စိတ်လျှော့ပြီး အုန်းရည်ချိုချိုလေးပဲ သောက်တော့မည်။


~~~~~ ဆောင်းလေရယ် အေးပြန်တော့ အနွေးဓာတ်က လို ~~~~~


ပုံမှန်ဆိုလျှင်တော့ ဆောင်းအေးအေးမှာ စောင်ပုံနွေးနွေးထဲပဲ ပုစွန်တုပ်ကွေး ကွေးနေလိုက်ချင်သည်။ သို့သော် ကျန်းမာရေးလိုက်စားသော ဖေဖေက ရုံးပိတ်ရက်နံနက်တိုင်းလမ်းလျှောက်နေကြမို့သူ့သားသမီးတွေကိုလည်း ခေါ်သွားနေကြ။ သတ်မှတ်ထားသော နေရာသို့ရောက်လျှင် စားချင်သောမုန့်တွေဝယ်ကျွေး၊ပြီးလျှင် သားအဖတတွေ တပျော်တပါး အိမ်ပြန်နေကြ။ ဆော့ကစား လမ်းလျှောက်ပြန်လာပြီး ဗိုက်ပြန်ချောင်သွားချိန်နဲ့ ကွက်တိ အိမ်ပြန်ရောက်လျှင် ခြံနောက်ဖက်ရှိ သစ်ပင်အောက်မှာ မေမေနှင့်ကြီးမေတို့က မီးမွှေးထားနှင့်ပြီးသားအဆင်သင့် ၊ ကောက်ညှင်းပေါင်းနှင့် ငါးခြောက်ဖုတ်ကလည်း မွှေးမွှေးကြိုင်ပြီး ပူနွေးနွေး ။ ဒီတော့ သစ်ပင်အောက်က သစ်ရွက်ခြောက်နံ့လေးသင်းနေသည့် မီးပုံဘေးမှာ မီးလှုံလိုက် ကောက်ညှင်းပေါင်းနှင့် တခြားစားစရာတွေစားလိုက်နှင့် မိုးရယ်လင်းရပြန်သည်။


အချိန်တွေက အိုသွားသကဲ့သို့ ချိုတို့အားလုံးလည်း မနုပျိုတော့ပြီ။

ချိုစီးနင်းခဲ့သော စက်ဘီးနောက်ခုံတွင် ကိုကြီး၏ ရင်သွေးငယ်လေး အစားထိုးစီးနေပေပြီ။ ကလေးဆိုသော နာမ်စားဖြင့် အလိုလိုက်ခံချိုသည်လည်း အရွယ်ရောက်၍ လူကြီးအတော် ဆန်နေရပေပြီ။ လူကြီးတွေ၏ ပြုစုခံ မောင်နှမတစ်စုသည် လူကြီးတွေအား ပြန်လည် ပြုစုနေပေပြီ။
သို့သော်ရာသီစက်ဝန်းတို့အချိန်မှန်လည်ပတ်နေသကဲ့သို့ တစ်ဦးနှင့်တစ်ဦးချစ်ခင်တွယ်တာသော သွေးတို့သည်လည်း ခန္ဓာကိုယ်ထဲတွင် မပြောင်းလဲစွာလည်ပတ်ဆဲ။

နေရာတကာ ကွန်ကရစ်တွေ ကတ္တရာလမ်းတွေသာ မြင်ရတော့သည့် အခုခေတ်မှာ အနေရကြာလာတော့ …. ကလေးတွေကစားဖို့မြေကြီးသပ်သပ် ထားကိုထားသင့်တယ်လို့ဆိုတဲ့ကြီးမေရဲ့ စကားအရ အိမ်ရှေ့မှာ မြေကွက်လပ်၊ နောက်ဖေးမှာ မြေကွက်လပ်ထားပေးခဲ့တာမို့၊  ဟိုတုန်းက မြေကြီးပေါ်မှာ ကစားခွင့်ရခဲ့ရတာကို ကျေးဇူးတင်မိသလို။

ရပ်ကွက်ထဲ လမ်းထဲမှာ အိမ်ခြေတွေ များပြားထူထပ်လာပြီး လူစိမ်းတွေ တသုတ်ပြီးတသုတ် ၀င်ရောက်လာတော့ နှပ်ချေးတွဲလောင်းနဲ့ ငယ်တုန်းက (ဘယ်တွေကိုမသိပြောင်းရွှေ့ကုန်ကြတဲ့) သူငယ်ချင်းတွေကိုသာ လွမ်းမိပြီး ၊ ကိုယ်တွေ ခြေရာချင်းထပ်ခွင့်ရခဲ့တဲ့ ခြံကျယ်တွေကိုသာ ပြေးပြီး မြင်ယောင်မိသလို။

ကိုယ့်လူကြီးတွေ အရင်ငယ်ငယ်ကလို မသွက်လက်နိုင်တော့တာကို မြင်ရတော့ ရင်ခွင်ထဲအမြဲတိုးဝင်ပြီး ချွဲနွဲ့ချင်တတ်တဲ့သူက သူတို့တွေ ပင်ပန်းတော့မယ်ရယ်လို့ တွေးပူပြီး အရွယ်နဲ့အလိုက် ရင့်ကျက်ရပြန်တော့ အရင်က ငယ်ဘ၀ကို လှိုက်လှိုက်လှဲလှဲကြီး လွမ်းမိသလို။

ရုပ်ဝတ္ထုတွေ တိုးတက်မြန်ဆန်လာပြီးအရင်ကထက်အရာရာ ခေတ်မီလာခဲ့ပေမယ့် စိတ်ဓာတ်တို့ ယိုယွင်းပျက်စီးလာတဲ့ လူ့ပတ်ဝန်းကျင်တွေကို နေရာတကာနီးပါးမှာတွေ့လာရတော့ အသက်ရှူကြပ်မတတ် စိတ်တွေ မွန်းကျပ်လာရသလို။


ဒါပေမယ့် ……

ပစ္စုပန်မှာ ဘယ်လိုပင် မွန်းကြပ်နေမိသည် ဆိုဦးတော့ ၊ အနာဂတ်မှာ ဘယ်လို ကြုံဦးမည်မသိ ဆိုဦးတော့။

သနပ်ခါးဖွေးဖွေးနဲ့ မေမေ့မျက်နှာကိုကြည့်ပြီးနိုးထရတဲ့။ မေမေ့ပေါ်ပေါ်လှဲအိပ်ပြီးသနပ်ခါးဘဲကြားလိမ်းပေးခံခွင့်ရတဲ့ မနက်ခင်းမိုးလင်းတိုင်းကို ပိုင်ဆိုင်ခဲ့ရခြင်းအတွက်။ မိဘ၂ပါး အဒေါ်တွေနဲ့ မောင်နှမတတွေ လူတို့လုပ်ကြံဖန်တီးထားတဲ့ ခေတ်မီမီ ဖျော်ဖြေရေး စက်ကိရိယာတွေနဲ့ ကင်းကွာပြီး ကိုယ့်အပျော်ကို ကိုယ်တိုင်ရှာဖွေ ပျော်ခဲ့ရခြင်းအတွက်။ ပြီးခဲ့ပြီးသော အတိတ်နေ့ရက်တိုင်းအတွက် အလွန်ပင် ပျော်ရွှင် မိပါသည်။

ထိုသို့ဆိုပြန်တော့ ….ရုပ်ဝတ္ထုတိုးတက်မှုကိုမလိုလားလေသော အံဝင်ခွင်ကျမဖြစ်လေသော ခေတ်နောက်ပြန်ဆွဲသမားကြီးဟု ထင်ပေလိမ့်မည်။

သို့သော် ချိုဆိုသော ထိုသူသည် တခါတရံ ဆိုရှယ်ကွန်ယက်တွင် အချိန်ကုန်မှန်းမသိ မြောမြောသွားတတ်သော သူတစ်ယောက်လည်း ဖြစ်နေခဲ့ပြန်သည်။

စိတ်အချမ်းသာဆုံးဖြစ်စေခဲ့သော ဆိုရှယ်ကွန်ယက်တစ်ခုကတော့ blogspot ဖြစ်ခဲ့၏။ မိမိ၏ ရေးသားလိုသော ၀ါသနာကို အရိုးသားဆုံးဖွင့်ပြနိုင်သော နေရာ။ ပျော်ပျော်ပါးပါး ရိုးသားပွင့်လင်းမှုများစွာဖြင့် စနောက်အိမ်လည်ကာ တစ်ယောက်ကိုတစ်ယောက် အားပေးသမှုပြုခဲ့ကြသော ၀ါသနာတူ ဘလော့ဂါမိတ်ဆွေကြီးကြီးငယ်ငယ်တို့နှင့် ဆုံတွေ့ခဲ့ရသော နေရာလေးမို့ အခြားသော ဆိုရှယ်ကွန်ယာက်တို့ ဘယ်လောက်ပင် တိုးတက်များပြားလာသည်ဆိုဦးတော့ ဘလော့ဂ်ကို ချစ်ခင်မှုတို့ကတော့ ပျက်သုဉ်းလျော့နည်းသွားမည်မထင်။

------------------------------------------------------------------------------------------------------

အချိန်မလောက်ငှမှုကြောင့်၎င်း ၊ တခါတရံစိတ်လေလွင့်မှုကြောင့်၎င်း ၀ါသနာကြီးလွန်းသော စာတိုပေစ ရေးခြင်းဖက်ကို စိတ်တို့မလွင့်ပျံ့ခဲ့။ ထိုမတတ်တခေါက်စာလေးများကို သိုမှီးထားရာ ဘလော့ဂ်စာမျက်နှာလေးဖက်ကို ခြေဦးမလှည့်ဖြစ်ခဲ့။ ချစ်ခင်ရသော ဘလော့ဂါမိတ်ဆွေများရေးသော စာတို့ကိုအခါတိုင်းကဲ့သို့ သွားရောက်မဖတ်ဖြစ်ခဲ့ ခြေရာလေးများမချန်ဖြစ်ခဲ့။

၂၀၀၈ - ၂၀၁၀ အထိတော့ ချိုသည် ဘလော့ဂ်အပေါ်သစ္စာရှိလွန်းခဲ့၏။ ရေချိုးရင်း ၊ ထမင်းစားရင်း၊ အလုပ်သွားရင်းတောင် ဘယ်သို့ ဘယ်ပုံဘလော့ဂ်ရေးရမည်နည်းဟု ကိုယ်ရောစိတ်ပါနှစ်လိုပါဝင်ခဲ့ဖူးသည်။ ထို့နောက်ပိုင်းတွင်တော့ လာဆွယ်သော အိုင်တီအန်တာတိန်းမန့်များကြောင့် ချို့သစ္စာ ပျက်ယွင်းသွားခဲ့သည်မှာ ယနေ့ထက်တိုင်။

သို့သော် ဘလော့ဂ်ဆိုသော ရပ်ဝန်းလေးသည် သစ္စာရှိတည်ငြိမ်စွာဖြင့် ဘလော့ဂါများကို အိနြေ္ဒရရ အမြဲစောင့်မျှော်နေတတ်သည်။ သူ့အားမေ့လျော့ထားသော ဘလော့ဂါများအားလည်းခွင့်လွှတ်ပေးသည်။ ထို့ကြောင့်  ဘလော့ဂ်လေးများ၏ ပိုင်ရှင်များဖြစ်ကြသော ဘလော့ဂါတို့ကလည်း သူတို့ဘလော့ဂ်လေးများကို သံယောဇဉ်မပြတ်နိုင်ကြသည်မှာ လွန်အံ့မထင်။

ချိုက ဘလော့ဂ်သည်သစ္စာရှိလွန်းသည်ဟု ထင်ခဲ့သည်။ ဘလော့ဂါများသည် ပို၍ ပို၍သစ္စာရှိကြောင်း ဘလော့ဂ်ဒေးတွင်သိလိုက်ရ၏။ သူတို့သည် ဘလော့ဂါများအချင်းချင်းစာရေးဖြစ်အောင် ဘလော့ဂ်လေးအား မမေ့လျော့အောင်တိုက်တွန်းကြ၏။ သူတို့ကိုယ်တိုင်လည်း စဉ်ဆက်မပြတ်ရေးသားကြ၏။ ဘယ်လောက်တောင် လေးစားအတုယူဖို့ ကောင်းသည်နည်း။

၂၀၁၂မှ အစပြုကာ သူတကာတို့ မေ့လျော့ပြီဟု ထင်ထားခဲ့သော ချိုသည် သစ္စာရှိသော ဘလော့ဂ်ကလေးထံသို့ ရံဖန်ရံခါသာ ရောက်ဖြစ်ခဲ့၏။ ရိုးသားစွာဝန်ခံရလျှင်ဖြင့် အရင်ကလို ကိုယ်ရင်းနှီးသူတို့ထံတောင် အိမ်လည်မရောက်ပြန်တော့ တဂ်ဆိုတာဘာတုန်းဟင်လို့ ခေါင်းကလေးကုတ် ပြန်စဉ်းစားရမယောင်ယောင်။

ဒီကနေ့တော့ သစ္စာရှိသော ဘလော့ဂ်ကလေးနှင့် ထိပ်တိုက်တွေ့ဖို့ ဘလော့ဂ်ဒေးဆိုတာလေးကို ခံစားပါဝင်စေဖို့  မဆွေလေးက သတိတရနှင့် ဖိတ်ခေါ်ပြီး ရင်ငြိမ်းက အမှတ်တရ သတိပေးလို့မို့ သူတို့ကျေးဇူးနှင့် ဘလော့ဂ်လေးအား ဖုန်တက်သုတ်ဖြစ်ပါသည်။ နို့မို့ဆိုတကယ်ပါ။ဘာမှန်းတောင် မသိလိုက်ခဲ့။  တဂ်တာကို မသိလိုက်တာနဲ့ အချိန်နောက်ကျသွားတာကို ခွင့်လွှတ်ပေးပါလို့ နူးညွတ်စွာ တောင်းဆိုရင်း KPP ဆိုတာကို မမေ့မလျော့နဲ့ သတိတရ တဂ်ပေးတဲ့ မဆွေလေးကို ကျေးဇူးအထူးပါလို့ ပြောရင်းနဲ့

ဘလော့ဂ်ရေ…

မင်းဟာ

ငါသိပ်ချစ်တဲ့ ….နေရာ


ကြည်ဖြူပိုင်
၆-၁၀-၁၄ တနင်္လာနေ့
ည ၇ နာရီ ၁၃ မိနစ်



















Saturday, May 24, 2014

မျိုးတူသော (သို့မဟုတ်) ကွဲပြားလေသော နံရိုးများ





“ခရေပင်အောက်သို့ ရောက်လေတိုင်းဆိုတဲ့ ဇာတ်လမ်းလေးထဲကနှင်းဟာ ကြည်ဖြူပိုင်ရဲ့ တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ရေးထားခဲ့တာလားဟင်”

“နှင်းနေရာမှာသာ ကြည်ဖြူပိုင်ဆိုရင် ဘယ်လို ဆုံးဖြတ်မှာလဲ။”

ဒီမေးခွန်း၂ခုကို ရင်းနှီးသူ ၆ယောက်ထက်မနည်း မေးလာခဲ့တော့ နောက်ထပ် မေးလာခဲ့သူများ ရှိလာခဲ့သော် ဒီပို့စ်လေးကို လက်ညှိုးထိုးပြလိုက်ရင် ဇာတ်ကြောင်းအတူတူကို ပြန်ပြောရတဲ့ ဘ၀လေးက လွတ်အောင်ရယ်၊ နောက်ပြီး မမသက်ဝေရဲ့ facebook status လေးတစ်ခုမှာ အချစ်အကြောင်းဆိုတဲ့ တဂ်ပို့စ်လေးအကြောင်း ဖတ်မိရင်းနဲ့ ဆက်စပ်အတွေးလေးတွေ တိုက်ဆိုင်သွားတာရယ်မို့ ဒီပို့စ်လေးကို ရေးလိုက်ပါတယ်။ :D

၁။ ကြည်ဖြူပိုင်ရဲ့ တကယ့်အဖြစ်အပျက်လားဆိုတော့ ၁၀၀% ကြီးမဟုတ်တဲ့အတွက် မဟုတ်ပါဘူးလို့ပဲ ငြင်းဆန်ပါရစေလား။း)

-          ခရေပင်တန်းများ စီတန်းစွာရှိနေသည့် လမ်းတွင် KPP နေ့တိုင်းလျှောက်လှမ်းပါသည်။ သို့သော် ပြုံးတုံ့တုံ့တော့ မလုပ်ပါ။ ရထားဂိတ်ကို အမြန်ရောက်လိုဇောနှင့် အပြေးတပိုင်း လျှောက်သည့်အခါ လျှောက်သလို၊ လုပ်ဖော်ကိုင်ဖက်တွေနှင့် စကားဖောင်ဖွဲ့ပြီး လျှောက်သည့်အခါ လျှောက်သည်။ ထို့ကြောင့် ဤအချက်သည် လွဲပြန်လေသည် ;)

-          KPP သည် စိတ်ဆင်းရဲလျှင် ၊ စိတ်ဖိစီးမှုများလျှင် ၊ စိတ်ကြီးလျှင် (အကုန် စိတ်ချည်းပဲနော် :P ) နေမကောင်းဖြစ်တတ်ပါသည်။ အခန့်မသင့်လျှင် အိပ်ရာထဲတောင် လဲသွားတတ်ပါသည်။ ထို့ကြောင့် အခန်း (၅) ၊ စာမျက်နှာ (၄၂)ရှိ ဂရုစိုက်မှု ရှားပါးလွန်းသော ချစ်သူကြောင့် ချစ်သောကရောက်နေရသောသူ ဖြစ်ရပါလျှင် နှစ်အနည်းငယ်အတွင်း KPP ၏ အသက်ဝိဉာဉ်ထွက်ကိန်းမြင်၏။ ထို့ကြောင့် ထိုကဲ့သို့ချစ်သူမျိုးရခဲ့ပါက မည်မျှပင်ချစ်သည်ဖြစ်စေ တရားနှင့်ဖြေ၍ သံယောဇဉ်ဖြတ်မိစေရန် ကြိုးစားရပါလိမ့်မည်။ အပျိုကြီးလုပ်သင့်က ပျော်ပျော်ကြီးလုပ်လိုက်မည်။ သို့ကလိုကြောင့် ဤအချက်လည်း လွဲပြန်လေသည်။ :D

၂။ နှင်းနေရာမှာ ကြည်ဖြူပိုင်ဆိုရင့် ဘယ်လိုဆုံးဖြတ်မလဲ ဆိုတဲ့မေးခွန်းအပေါ်တော့ အိမ်ထောင်ရေးအပေါ် KPP ဘယ်လိုမြင်သလဲ ၊ အိမ်ထောင်သည်တိုင်းကို ဘယ်လိုဖြစ်စေချင်သလဲ ဆိုတာနဲ့ ဖြေပါရစေလား။း)

-          ဘ၀ဆိုတာ ခဏပါ။ ဒါပေမယ့် ခဏလေးအတွင်းမှာပဲ ကလိုက်ရတဲ့ဇာတ်တွေက စုံလို့။ တစ်ယောက်တည်း ဘ၀နောက်ဆုံးအချိန်အထိ ကသွားကြသလို သံယောဇဉ်ကြိုးတွေနဲ့ ကသွားကြသူတွေလည်းရှိရဲ့။

-          တစ်ယောက်တည်း ကသူတွေမှာ အတွယ်အတာမရှိတော့ တခါတလေ လူးလူးလိမ့်လိမ့်၊ ဘ၀ဆိုတာ ဘာအဓိပ္ပါယ်လဲလို့ တွေးယူရတဲ့အချိန်တွေရှိသလို ၊ ကိုယ့်ကိုယ်ကို ကြိုးကိုင်ပြီး လွတ်လွတ်လပ်လပ်ကြီးတွေ ပျော်ရွှင်ချိန်လည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် နေ၀င်ချိန်အတွက် သေချာဖို့တော့ ကြိုတင်စီစဉ်ဖို့ လိုလိမ့်မယ်။

-          သံယောဇဉ်ကြိုးတွေငြိ၊

တချို့ကတော့ ချစ်ကြည်ပြီး သစ္စာတည်တဲ့ ဇနီးမောင်နှံ ၊ သားသမီးတွေက အတောင်နဲ့ပျံသွားရင်တောင်မှ သိတတ်လိမ္မာလွန်းတော့ နွေးထွေးကြည်နူးတဲ့ သူတို့ဘ၀၊ သူတပါး အားကျရတဲ့အထိငြိ သွားကြသလို၊ တချို့ကျပြန်တော့ မျက်ရည်နဲ့စစ်ခင်း၊ ကတုပ်ကျင်းထဲက မထွက်ရတဲ့ ဘ၀သာသာ အဖြစ်မျိုးနဲ့ လင်အပူ ၊ ဇနီးအပူ ၊ သားသမီးအပူတွေနဲ့ နေ၀င်ချိန်ဆိုတာ မသေဆုံးခင်က မှောင်မိုက်နှင့်ပြန်တယ်။

တခါတလေတော့ အိမ်ထောင်ရှင် မိတ်ဆွေတွေရဲ့ ဘ၀တွေကို ဘေးလူအနေနဲ့ ကြည့်ပြီး အမျိုးမျိုးတွေးခဲ့ဖူးပါတယ်။

အင်း…သူ့အိမ်ထောင်ရေးလေးကတော့ ကံကောင်းလိုက်တာ။

ဖြစ်ရလေ..သူကတော့ အိမ်ထောင်ရေး ကံဆိုးရှာတယ်။  စသည်ဖြင့်ပေါ့။

အိမ်ထောင်ရေးကံကောင်းသူတွေကို တွေ့ပြန်တော့ သူတို့ဘ၀လေးတွေအတွက် မုဒိတာ ပွားမိပါတယ်။ ကြည်နူးဖို့ ကောင်းတဲ့ သူတို့ဘ၀လေး သားသမီးမြေးမြစ်တွေရလာသည်အထိ ဒီတိုင်းဆက်တည်မြဲဖို့၊ သားသမီးမြေးမြစ်တွေကလည်း သူတို့ကို အားကျအတုယူပြီး ကောင်းသောအကျင့်ကို အမွေခံဆက်ယူစေဖို့ ဆန္ဒလေးက ဖြစ်လာပါတယ်။

အိမ်ထောင်ရေးကံဆိုးသူတွေကို တွေ့ရင်တော့ စိတ်မကောင်းတော်တော်ဖြစ်မိပါတယ်။ လင်ဆိုးမယား တဖားဖား၊ သားဆိုးမအေ တပေပေ အမျိုးသမီးတွေကို တွေ့ရင် ဒီအမျိုးသမီးတွေ ကိုယ်စား ရင်မောမိပြန်တယ်။

တကယ်တော့ အိမ်ထောင်ရေးဆိုတာ လူတိုင်းပြောကြသလို ထီထိုးတာနဲ့ထပ်တူပါပဲ။ ထီထိုးတာက ဘ၀နဲ့ မရင်းရပေမယ့် အိမ်ထောင်ရေးကတော့ ဘ၀နဲ့ရင်းရလို့ ကြိုးတန်းပေါ်လမ်းလျှောက်ရသလိုပဲဖြစ်နေမှာ သေချာပါတယ်။

မိတ်ဆွေတွေထဲမှာ လူမျိုးတူကို ယူထားပြီး ဖောက်ပြန်မှုတွေနောက် စီတန်းလိုက်နေတာကြောင့် အတွင်းကျိတ်လှိုက်စား စိတ်ဆင်းရဲနေရတဲ့ မောင်နှံတွေကို တွေ့ဖူးတယ်။ ထို့အတူ သိပ်ကို ပျော်ရွှင်ချမ်းမြေ့ကြပြီး ဘေးလူအားကျအတုယူနေရတဲ့ မောင်နှံတွေလည်း ဒုနဲ့ဒေး။

လူမျိုးမတူသူကို ယူထားသော်လည်း သက်ဆိုင်ရာ နှစ်သက်ရာဘာသာကို လွတ်လပ်စွာယုံကြည်ကိုးကွယ်ကြတယ်။ တစ်ဦးနဲ့တစ်ဦး ဖေးမပြီး သစ္စာရှိရှိနဲ့ ချစ်သွားလိုက်ကြတာများ အသက်တောင် ၇၆နှစ်ရှိပေါ့ဆိုတဲ့မောင်နှံမျိုးနဲ့လည်း ခင်မင်ဖူးတာကြောင့် ဒါဟာ လူမျိုးနဲ့မဆိုင်ဘူးလို့လည်း သတ်မှတ်ထားပါတယ်။

အဓိကအနေနဲ့ အိမ်ထောင်ဆိုတဲ့ အသိုက်အမြုံတစ်ခု တည်ဆောက်ပြီးရင် တည်မြဲအောင် ကြိုးစားကြစေလိုပါတယ်။ တစ်ဦးနဲ့တစ်ဦး ငဲ့ညှာစေချင်တယ်။ တစ်ဦးဆန္ဒကို တစ်ဦးက ထည့်သွင်းစဉ်းစားသင့်တယ်။ ဖေးမကြင်နာသင့်တယ်။ ဘယ်တော့မှ လျစ်လျှူရှု ချောင်ထိုးခြင်းမပြုသင့်ပါဘူး။ အဲ့အချက်တွေအားလုံးကို ပေါင်းပြီးလူတွေ သတ်မှတ်တာက နားလည်မှုတဲ့။ ဟုတ်ကဲ့….အဲ့သည့်နားလည်မှုလေး၊ ကြင်နာမြတ်နိုး သစ္စာရှိမှုလေးတွေကို မြင်သူတိုင်း အားကျရတဲ့အထိ အိမ်ထောင်သည်တိုင်းကို ဖြစ်စေလိုပါတယ်။

KPP ဟာ ခုချိန်ထိ ကိုယ့်ကံကိုယ် မမြင်နိုင်သေးသူပါ။ မျက်စိတစ်မှိတ် လျှပ်တစ်ပြတ်အတွင်းမှာ အမျိုးမျိုးဖြစ်သွားတဲ့ အခြေအနေတွေလည်း အထိုက်အလျောက်ကြုံဖူးတဲ့အတွက် အိမ်ထောင်မပြုဘဲ နေဖြစ်သွားမလား၊ ဘယ်လိုလူမျိုးနဲ့ အိမ်ထောင်ပြုဖြစ်မလဲ ဆိုတာတွေဟာလည်း ကြိုမသိနိုင်သေးတဲ့ကံ ဖြစ်နေတာကြောင့် KPP သာ နှင်း နေရာမှာဆိုရင် ဘယ်လို  ဆုံးဖြတ်မလဲလို့ မေးလာတဲ့ မေးခွန်းမှာတော့ ဆွံ့အ နေပါရစေ။ တစ်နေ့နေ့ကြုံလာရင် တစ်ခုခုတော့ ဆုံးဖြတ်ဖြစ်သွားမှာပါ။ သေချာတာကတော့ မည်သို့ပင် တွဲဖက်ထားသည်ဖြစ်စေ ပျော်ရွှင်အောင်မြင်စွာဖြင့် ကျေနပ်တည်မြဲနေသော အိမ်ထောင်ရေးကိုသာ ဖြစ်စေဖို့ ဦးတည်စဉ်းစားမည်ဖြစ်သည်။

ပတ်ဝန်းကျင်က ချစ်သူတွေ ဇနီးမောင်နှံတွေကို ကြည့်ပြီး သုံးသပ်မိတာကတော့

အချစ်သည်
-          အသက်အရွယ်နှင့်မဆိုင်
-          လူမျိုးနှင့်မဆိုင်
-          ရုပ်ရည်နှင့်မဆိုင်
-          အကျင့်စာရိတ္တနှင့်မဆိုင်
-          ရင်ထဲမှ ချစ်ခြင်းတရားနှင့်သာ သက်ဆိုင်၏။

တစ်ကိုယ်တည်းဘ၀တွင် မိမိ၏ ဂုဏ်ရောင် ကိုယ်ရည်ကိုယ်သွေးသည် မိမိ၏ လုပ်ရပ်တစ်ခုတည်းပေါ်တွင် မူတည်နေသော်လည်း..

ဘ၀ ၂ခုကိုပေါင်းစပ်၍ တစ်ဘ၀အဖြစ် တည်ထောင်ထားကြသော ဇနီးမောင်နှံတို့တွင်မူ ခင်ပွန်းသည်၏ စီးပွားရေး ၊ လူမှုရေး ၊ မိသားစုအရေးတို့တွင် ဘက်စုံညီမျှအောင်မြင်အောင် စွမ်းဆောင်နိုင်မှုကြောင့် ဇနီးသည်၏ ဂုဏ်ရည်တက်သကဲ့သို့ ၊ ထိုကဲ့သို့စွမ်းဆောင်နိုင်စေရန်ပံ့ပိုးကူညီသော ဇနီးသည်၏ လိမ္မာသိတတ်သော စွမ်းရည်ကြောင့် ခင်ပွန်းသည်၏ ဂုဏ်ရောင်လည်း ထွန်းပြောင်ပြန်သည်။ ထို့ကြောင့် မိမိ၏ ကိုယ်ရည်ကိုယ်သွေးသည် ခွဲခွာထား၍ မရစကောင်းသော မိမိနံရိုးတစ်ချောင်းပေါ်တွင် မှီတည်နေပြန်သည်။


အမျိုးအစား တူညီသော နံရိုးလေးများ ပေါင်းစပ်ထားသည် ဖြစ်စေ ၊ မတူညီစွာ ကွဲပြားနေသည့် နံရိုးလေးများ ပေါင်းစပ်ထားသည် ဖြစ်စေ။ နေ၀င်ချိန်ကို အတူတကွ လှပစွာ ၀င်သွားကြစေလိုပါသည်။

ခရေပင်အောက်တွင် လမ်းလျှောက်သွားသော ၀တ္ထုတိုလေးထဲမှ ဇာတ်ကောင်နှင်းသည် အမျိုးအစားမတူသော နံရိုးလေး သောမက်စ်အား ချစ်စိတ်မ၀င်သောကြောင့် ငြင်းပယ်ခဲ့သော်လည်း စိတ်ချစ်ကြည်မွေ့ခဲ့သည် ရှိသော် သူမအား တစ်ဘ၀စာ စိတ်ချမ်းသာစေမည့် ထိုနံရိုးလေးအား လက်ခံလေမည်လား မသေချာ။ ထို့ကြောင့် ထိုမေးခွန်းကို ဖြေဖို့ရာ….ဇာတ်လမ်းဆင်ခဲ့သူ KPP အား ဆွံ့အ နေခွင့်ပြုလှည့်ပါ။


ကြည်ဖြူပိုင်
၂၅။ မေ ။ ၂၀၁၄
တနင်္ဂနွေနေ့








Saturday, April 19, 2014

ပထမဆုံး စာမျက်နှာမှ ဦးဆုံးသော မှာတမ်း




(၁)
“လာပါ မင်းမင်းရယ်။ ဒါကြောင့် အစတည်းက မောင်ပြောခဲ့တာပေါ့။ မလာပါနဲ့ဆိုတာကို။ ခုတော့ ဇွတ်မလေးပဲ စိတ်ဆင်းရဲရပြီ။”

နဖူးကို လက်ညှိုးလေးနဲ့ လာထိုးကာ ပြောလိုက်သော မောင့်အား သာမန်အချိန်တွင် စိတ်ဆိုးမိလိမ့်မည် ဖြစ်သော်လည်း ခုလို အပူလုံးကြွနေသောအချိန်တွင် စိတ်မဆိုးအား။ တကယ်တော့ သူမ ဇွတ်ပူဆာ၍သာ မောင်က ကန့်လန့်ကန့်လန့် ပါလာခဲ့ခြင်းဖြစ်သည်။ ဗေဒင် ယတြာတွေကို အယုံအကြည်မရှိသော မောင်က ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မည်။ မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်ဟုသာ လက်ခံယုံကြည်ထားသူဖြစ်၏။ ထို့ကြောင့် အလာခရီးတွင် တဖြစ်တောက်တောက်။ အကြားအမြင်ဆရာရှေ့ရောက်သောအခါတွင်လည်း ခေါင်းကိုသာ တွင်တွင်ကုတ်ရှာသည်။ သူမကတော့ ဆရာ၏ ဟောချက်များနှင့် ကိုက်ညီကာ စီးပွားတရှိန်ထိုး တိုးတက်သွားသော သူငယ်ချင်းမောင်နှံကို အားကျ၍ မောင်နှင့်သူမအတွက်လည်း ကောင်းသော ရလဒ်များသာ ဟောမည်ဟု စိတ်ကူးယဉ်ကာ မောင်မကြိုက်သည့်ကြားက ဇွတ်ထွက်လာခြင်းဖြစ်သည်။

(၂)
“သမီးတို့ ၂ယောက်က အသစ်စက်စက် ဇနီးမောင်နှံတွေဖြစ်တယ်။ သမီးဘ၀မှာ အများကြီးမျှော်လင့်ထားတယ်။ သားသမီးတွေ စည်စည်ပင်ပင်နဲ့ ပြည့်စုံတဲ့မိသားစုကြီးအဖြစ်ပေါ့။ သမီးဟာ ဘ၀မှာ ပေးသလောက် ပြန်မရတဲ့ မေတ္တာမျိုးတွေပဲ တွေ့ခဲ့ရပေမယ့် ခုသမီးရဲ့ ခင်ပွန်းနဲ့တွေ့တဲ့အခါ သူဟာ သမီးအတွက်ပဲ ပေးဆပ်နေဖို့ အဆင်သင့်ရှိခဲ့တဲ့အတွက် သမီးဟာ ရယူသူတစ်ယောက်လိုကို ဖြစ်နေခဲ့တယ်။ ဟုတ်တယ်မလား သမီး။”

သူမတို့ ၂ဦး အကြားအမြင်ဆရာရှေ့ ခပ်ကျုံ့ကျုံ့ ထိုင်လိုက်ရုံရှိသေးချိန်ပြောလိုက်တဲ့ စကားများကြောင့် သူမ အံ့သြ မှင်သက်သွားမိသည်။ သာမန်အားဖြင့်တော့ သူမအပေါ် မောင်၏ ကြင်နာယုယမှုများကြောင့် အကြောင်းမသိသူဆိုလျှင် သမီးရည်းစား အဆင့်ဟုပင် ထင်မှတ်တတ်ကြ၏။ သူမတို့ နှုတ်မှ ဇနီးမောင်နှံပါဟု မပြောသရွေ့ မသိတတ်ကြ။ ယခုမူ…..အို အကြားအမြင်ဆရာပဲလေ လူကဲခတ် တစ်ဖက်ကမ်း ခတ်နေတော့မပေါ့။ ဟူ၍သာ ခပ်တိမ်တိမ်ပြန်တွေးလိုက်သည်။ ဆရာဟောချက်တွေ သိပ်မှန်တာပဲ မင်းမင်း။ ငါတို့အကြောင်းကို အရင်စုံစမ်းပြီးမှ ဟောသလားတောင် ထင်ရတယ်။ နင်သွားပြီးမှ ငါပြောတာ မှန်ကြောင်းတွေ့မယ်။ ဟူသော သူငယ်ချင်းမ၏ စကားကို ပြန်ကြားယောင်မိ၏။

“သမီးတို့ ၂ယောက်ဟာ အိုအောင်မင်းအောင် ပေါင်းကြရမယ့် ကံဇာတာမပါဘူး။ ရှင်ကွဲဆိုတာထက် သေကွဲ ကွဲကြရမှာ။”

ယောင်ကန်းထိတ်လန့်စွာဖြင့် မောင့်ခြေသန်းလေးကို ဆွဲကိုင်မိသည်။

”ဆရာတတ်နိုင်သမျှတော့ ယတြာစီစဉ်ပေးပါမယ်။ ဒါပေမယ့် တချို့လူတွေရဲ့ဇာတာတွေကတခါတရံ ပြင်မရတတ်ဘူး။ ဆရာတို့အနေနဲ့ အချိန်ရွှေ့ဆိုင်းသွားအောင်သာ ကြိုးစားပေးနိုင်တယ်။ သမီးတို့မောင်နှံ ဒါန၊ သီလ၊ ဘာဝနာ မြဲမြံကြစေဖို့ ကြိုးစားကြပါ။ ကဲ.. မေးခွန်း ၃ခုမေးနိုင်တယ်။ဘာသိချင်လဲ မေးကြ”

ဖြူဖျော့နေသော သူမ၏ မျက်နှာကို မောင်က တစ်ချက်လှည့်ကြည့်ကာ လက်ဖျားမှ အသာဆွဲယူ မတ်တပ်ရပ်စေသည်။

“မရှိတော့ပါဘူးဆရာ ကျွန်တော်တို့ကို သွားခွင့်ပြုပါဦးခင်ဗျ”

ထို့နောက် သူမသည် မည်သို့မည်ပုံ အပြင်သို့ ပြန်ရောက်ခဲ့သည် မသိတော့။ ခုတော့ နဖူးကို မောင်က လက်ညှိုးလေးထိုးပြီး ပြောနေတာတောင် အခါတိုင်းကဲ့သို့ ကတ်ကတ်လန် ရန်တွေ့ဖို့ သတိမရ။

(၃)
မယုံကြည်သော်လည်း မောင်ကတော့ ထိုနေ့မှစ၍ သူမကို ပိုလို့ဂရုစိုက်ခဲ့သည်။ အရာရာ စိတ်ထိခိုက် ခံစားလွယ်တတ်သော နှလုံးရောဂါသည် သူမအတွက် မောင်သည် အားဆေးတစ်ခွက်ပေပဲ။ မိဘမဲ့တစ်ကောင်ကြွက် သူမဘ၀တွင် မောင်သည်သာ အမိ ၊ အဖ၊ တွယ်တာစရာ မောင်နှမ သူငယ်ချင်းအဖြစ် ရပ်တည်ပေးခဲ့၍ ကျေးဇူးတင်ရသည်။ သူမဘ၀ အတိတ်တွေကခါးလှ၏။ မောင်နှမမဲ့၊ မိဘ ၂ပါးကွယ်လွန်တော့ ငတ်မွတ်ခဲ့သော အချစ်တို့ကို ရှာဖွေခဲ့သော်လည်း ရခဲ့သော အချစ်များက သူမအား အရှုံးတောထဲသို့သာ ထိုးသိပ်သွားခဲ့ကြသည်။ အချစ်စစ်စစ်ကို ရှာဖွေခဲ့သော သူမသည် မျက်နှာများလှချည့် ဟူသော ဂုဏ်ပုဒ်တစ်ခုကို ပိုင်ဆိုင်ခဲ့ဖူး၏။ ထိုသို့ဖြင့်  မိမိကိုယ်ကိုသာ ချစ်တတ်စေရန် ကြိုးစား၍ တည်ငြိမ်နေချိန်တွင် မောင်နှင့် ဆုံခဲ့ရခြင်းဖြစ်ပေသည်။ သူမရဲ့ အတိတ်ခါးခါးတို့ကို မောင့်ရဲ့ အရိပ်မားမားဖြင့် ပြန်လည် မိုးပေးခြင်းဖြင့် အနာဂတ်တို့ ပြန်လည် တောက်ပြောင်လာခဲ့ရသည်။ အချစ်ကို ငတ်မွတ်စွာ ရှာဖွေခဲ့ဖူးသောသူမအတွက် အေးမြနားလည်နိုင်စွမ်းသော ကြင်နာမြတ်နိုးမှုများဖြင့် မောင်က ချစ်ပြခဲ့သည်။ သူမ၏ အတိတ်တို့အတွက်လည်း နားလည်ပေးနိုင်စွမ်းရှိသူဖြစ်သည်။ ထို့ကြောင့် သူမသည် မအေကို ကပ်ဘိလေသော သားငယ်ကဲ့သို့ မောင့်အား တွယ်တာမြတ်နိုးမိသည်မှာ ဆန်းလေသည်လား။ ဆန်းသည်အံ့တော့ မထင်ပေ။

“မင်းမင်း မောင်တို့ကို ဟိုဆရာဟောတာ မှတ်မိသေးလား။ သေကွဲ ကွဲမယ်တဲ့။ ခုကြည့်စမ်း မောင်တို့ အိမ်ထောင်သက် ၂နှစ်ခွဲကျော်ပြီ။ ခုလောက်ဆို မင်းမင်း အစွဲတွေ ပြယ်သင့်ပြီနော်။ စိတ်ထဲမှာ ဘာမှ မထားနဲ့။ သူပြောတဲ့အထဲက ကောင်းတဲ့ အကြံလေးတွေယူ။ ဘုရားတရားမမေ့နဲ့ ဟုတ်ပြီလား။ မင်းမင်းကျန်းမာရေးအတွက် မောင်စိတ်ပူတယ်။ ဒါပေမယ့် စိတ်ကို ကျင့်ယူမှ၊ ပြောင်းလဲယူမှ မင်းမင်း ကျန်းမာမယ်။ အဲ့ဒါကလည်း ကာယကံရှင်မင်းမင်း အပေါ်မှာပဲ မူတည်နေတယ်။ မောင်ပြောတာ သဘောပေါက်လား။ လိမ္မာရမယ်နော်။”  

“အင်းပါ…မင်း ကြိုးစားပါ့မယ်။ သဘက်ခါ မောင့်မေမေတို့ဆီသွားရင် မင်းမင်းလည်း လိုက်ချင်တယ်မောင်။ မင်းမင်း တောင်ကြီးကို မရောက်တာ ကြာပြီ။”

“ဒီတစ်ခေါက်တော့ မလိုက်ပါနဲ့ဦးကွာ။ မိုးတွေက အဆက်မပြတ်ရွာနေတာ။ ဟိုရောက်ရင်လည်း မင်းမင်း လျှောက်လည်လို့ရမှာမဟုတ်ဘူး။ မောင်ကလည်း အလုပ်မအား။ မိုးတွေကလည်း ရွာမို့ မင်းမင်း ပျင်းနေမှာကွ။ လိမ္မာတယ်နော် နွေကျမှ လိုက်ခဲ့။”

“အင်း…အဲ့ဒါဆိုလည်း ပြီးရော။ မိုးခြိမ်းရင်တော့ မင်းမင်းတစ်ယောက်ထဲ ကြောက်နေရတော့မှာ။”

ငိုမဲ့မဲ့ မျက်နှာထားနဲ့ သူမပြောမိတော့ မောင့်မျက်နှာ ညှိုးလျသည်။ တကယ်တော့ ၂ယောက်အတူ ဘ၀ကို တည်ထောင်ပြီ ဆိုကတည်းက မခွဲခွာစဖူးမို့ မောင်လည်း သူမလိုပင် ၀မ်းနည်းနေရှာမည်။
နောက်တစ်နေ့ရောက်တော့ နာမည်ကြီး အမှတ်တံဆိပ် ပန်းဆီရောင် နှင့် လိမ္မော်ရောင် နှုတ်ခမ်းဆီ ၂ဗူးကို ၀ယ်လာပြီး သူမ နှုတ်ခမ်းတွင် ခပ်ဖျော့ဖျော့ တွဲစပ်ဆိုးပေးသည်။

 “ကြည့်စမ်း ဘယ်လောက်တောင် လှသွားသလဲလို့ ။ နှုတ်ခမ်းလေးတွေလည်း အရင်လို ခြောက်မနေတော့ဘူး တွေ့လား။ မင်းမင်း နေ့တိုင်း နှုတ်ခမ်းနီဆိုးပြီး မောင့်ကို စောင့်နေနော်။  မောင်ပြန်လာရင် ဟောဒီ့ နှုတ်ခမ်းဖူးလေးနဲ့ ကြိုနေ။ သိပ်လှတဲ့ မောင့်မိန်းမ။  မိုးခြိမ်းသံ မကြားရအောင် MP3 ထဲမှာ တရားတွေ မောင်အပြည့်ထည့်ထားတယ်။ နားကြပ်လေးနဲ့ တပ်ပြီး တရားနာရင်း အိပ်နော်။ သိပ်မကြာပါဘူးကွာ။ ၆ရက်တင်ပါ။”

“မောင်လည်း ကားကို သတိထားမောင်းနော်။ ဟိုရောက်ရောက်ချင်း မင်းမင်းကို ဖုန်းဆက်ပေး”

“အိုကေ…စိတ်ချ”

နောက်တစ်နေ့တွင် မင်းမင်းအိပ်ရေးပျက်မှာစိုးတာကြောင့် ညင်သာစွာလှုပ်ရှားပြီး ရက်တိုခရီးတစ်ခုကို သွားခဲ့တဲ့ မောင်ဟာ မင်းမင်းကို ထားပြီး ထာဝရထွက်သွားခဲ့လိမ့်မယ်လို့ မင်းမင်း မထင်မှတ်ထားခဲ့ပါ။ တောင်ကွေ့လမ်းမှာ ဘီးချော်တိမ်းမှောက်ပြီး ပွဲချင်းပြီး လူ့လောကကို စွန့်ခွာသွားသူဟာ မောင်တဲ့လား။

(၄)

ပဋာမြေလူးသည်ဆိုသော ခံစားချက်ကို ယခုတော့ သူမခံစားဖူးပြီ။ ကံတရားက မျက်နှာသာ မပေးချင်တော့ မောင်နှင့်အတူ တောင်တက်လမ်းသို့ မလိုက်ခဲ့ရယုံမျှမက မောင့်သတင်းကြားရတော့လည်း သေဆုံးခြင်း လမ်းကို သွားခွင့်မပေးခဲ့။ အတွင်းလူနာအဖြစ် လောကကြီးနှင့် ၄ရက်တာ အဆက်ပြတ်ကာ မောင့်ဈာပနပင် မမီလေတော့ ခါးခဲ့သော အတိတ်ထက်ပင် ပစ္စုပ္ပန်က သူမအား ကျဉ်လေ၏။

အသက် ၂၅နှစ်အရွယ် မုဆိုးမ ချောချောလေးတစ်ယောက်မှာ ပစ္စည်းဥစ္စာတွေ လျှံပယ်စွာ ကျန်ခဲ့တော့ အချစ်ရိပ်တို့ဖြင့် မိုးပေးချင်သူတို့ ဒုနဲ့ဒေး။ ဒါပေမယ့် ဘယ်လောက်စစ်နိုင်မှာမို့လို့လဲ။ မောင်ပေးခဲ့တဲ့ အရိပ်စစ်အောက်မှာ အခက်တော့ မချိုးလိုပေ။

မင်းမင်း ခု နေ့တိုင်း နှုတ်ခမ်းဖူးလေးကို ဆေးဆိုးပြီး လှအောင်ပြင်နေတယ်မောင်။ ဒါပေမယ့် တရားတော့ နေ့တိုင်းမနာဖြစ်ဘူး။

စီးကရက် မီးခိုးငွေ့တွေ မှုတ်ထုတ်ပြီး အငွေ့တွေကြားထဲ မောင့်ပုံရိပ်ဖော်ကြည့်ရတာလည်း မောင် မင်းမင်းအနား ရှိသလိုပါပဲ။ စီးကရက်သောက်တာ မောင်မကြိုက်ဘူးလို့ မပြောရဘူးနော်မောင်။ အငွေ့တွေထဲ မောင့်အရိပ်ရှာခွင့်လေးတော့ မင်းမင်းကို ပေးပါ။

မောင်နဲ့ အတူ လျှောက်သွားဖူးတဲ့ နေရာတွေ မင်းမင်း သွားတယ်လေ။ မောင်ကြိုက်တဲ့ အစာတွေလည်း မောင့်ကိုယ်စား စားပေးတယ်။ မောင့်အနား ရှိနေသလို ခံစားချင်ရင်တော့ မင်းမင်း စီးကရက်ဖွာပစ်လိုက်တာပဲ။ မင်းမင်းရောဂါ အခြေအနေအရ အဲ့လိုလျှောက်လုပ်မနေသင့်ဘူးတဲ့ ဆရာဝန်က ဆူတယ်။ ဒါပေမယ့် ဘာဖြစ်လည်းမောင်ရယ် မောင့်ကို စိတ်ကူးနဲ့ မြင်နေရရင်ပဲ မင်းမင်း ကျေနပ်လှပေါ့။

မောင်ဝယ်ပေးတဲ့ နှုတ်ခမ်းဆီလေးတွေက နောင် ၃နှစ်ကြာမှ expire ဖြစ်မှာတဲ့။ အဲ့အချိန်ထိ မင်းမင်း ဆိုးခွင့်ရပါ့မလား မသေချာဘူးမောင်။ ခုတော့ နေ့တိုင်းဆိုးတယ်။ 

မနက်ခင်းတိုင်း ဆွမ်းလောင်းတယ်။ စိတ်ထဲမှာ ဘာမှ မတွေးဖြစ်အောင် ကြိုးစားပြီးနေတယ်။ တွေးဖြစ်လာတဲ့ အသိကိုသိမိတဲ့အခိုက်မှာတော့ စိတ်ကြည်နူးစရာတွေကိုပဲ ရှာကြံတွေးတယ်။ ကြုံလာသမျှ အကူအညီလိုအပ်သူတွေကို မင်းမင်းတတ်နိုင်သမျှကူတယ်လေ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ဘ၀ဟောင်းကို စွန့်ခွာသွားခဲ့တဲ့ မောင်က နေတတ်အောင်သာမက သေတတ်အောင်လည်း သင်ပေးသွားတယ်တဲ့ မိတ်ဆွေတွေက ပြောကြတယ်မောင်။ ဟုတ်မှာပါ။ ခုဆို မင်းမင်း အချိန်တိုင်း ဖြစ်ပျက်သဘောတရားကိုလည်း ပွားများနေတတ်ခဲ့ပြီ။ 

မင်းမင်းနဲ့ မောင်တို့က လက်ရှိရခဲ့တဲ့ ဘ၀မှာ တစ်ယောက်ကို တစ်ယောက် တန်ဖိုးထားပြီး မြတ်နိုး ကြင်နာ နားလည်မှုတွေ ပေးခဲ့ကြပြီးပြီပဲ။ နောင်တဆိုတာ ရစရာမလိုတော့ဘူးလေ နော်မောင်။ တစ်ယောက်အတွက် တစ်ယောက်က အတတ်နိုင်ဆုံး ပေးဆပ်ခဲ့ကြဖူးတာပဲ။ 

သေတမ်းစာဆိုတာ မင်းမင်းတို့မြန်မာလူမျိုးတွေ တော်ရုံမရေးကြပါဘူး။ ဒါပေမယ့် တစ်ကောင်ကြွက် မင်းမင်းကတော့ရေးခဲ့တယ်။

မင်းမင်းတို့ ၂ယောက်ပိုင်တဲ့ အိမ်လေးကို ရောင်းချပြီ့း မိဘမဲ့ကလေးတွေ နောင်ရေးအတွက် လိုအပ်တဲ့ နေရာမှာ အသုံးချဖို့ အဓိကထား ရေးခဲ့တယ်။ မောင်ကျေနပ်နေမှာပါ။

နိဂုံး

သေမယ့်အချိန်ကို ပျမ်းမျှတွက်ချက်လို့ရတဲ့ အခြေအနေကလည်း အနည်းဆုံးတော့မင်းမင်းအတွက် လုပ်သင့်တာလေးတွေ လုပ်သွားခွင့်ရတယ်။

အချိန်မရွေး ခေါက်ကနဲ သေသွားနိုင်တဲ့ အခြေအနေကိုလည်း သိနေတာမို့ မင်းမင်း အိတ်ထဲမှာ ဒိုင်ယာရီ စာအုပ်လေးတော့ အမြဲသယ်သွားတယ် သိလား။

မင်းမင်း ဖြစ်ချင်တဲ့ ဆန္ဒတွေ၊ ဖြစ်ခွင့်မရတဲ့ အရာတွေ။ ဖြစ်လာခဲ့တဲ့ အဖြစ်တွေကို လူတွေ ဖတ်မှာ မဖတ်ဘူး သေချာမသိတဲ့ ဒိုင်ယာထဲမှာ နေ့တိုင်းရေးဖြစ်တယ်မောင်။

စာအုပ်လေးရဲ့ ထိပ်ဆုံးမှာ လူတိုင်းမြင်သာတဲ့ စာလုံးလေးနဲ့ အရေးအကြီးဆုံးအချက်ကို မင်းမင်းရေးထားတယ်။ ဒါမှ စာအုပ်လေးကို ဖတ်မိသူက ဈာပနအတွက် မင်းမင်းဆန္ဒအတိုင်းစီစဉ်ပေးနိုင်မယ်လေ။

ကျွန်မမျက်နှာပေါ်တွင် သနပ်ခါး မိတ်ကပ်များ ရှိနေပါက အသင်တို့အား ဖယ်ရှားခွင့်ပြုသည်။ သို့သော် နှုတ်ခမ်းနီတစ်စက်ကိုတော့ ကျေးဇူးပြု၍ ချန်ထားပေးလိုပါသည် လို့။

ရည်ရွယ်ချက်ကတော့ သေသည့်တိုင်အောင် မောင့်အမှတ်တရဟာ မင်းမင်းနဲ့အတူ ပါသွားမယ်ဆိုတာပါပဲ။

ကြည်ဖြူပိုင်
၂၀ ရက် ၄ လ ၂၀၁၄ ခုနှစ်

နေ့လည် ၁နာရီ

Friday, April 18, 2014

ကျောင်းသူ


Photo Source : Google

(၁)
သူမအကြိုက်ဆုံးအရောင်ကို သူကမေးလာခဲ့တော့ အဖြူရောင်ဟုရဲရင့်စွာပဲဖြေခဲ့သည်။ ဒုတိယနဲ့တတိယအကြိုက်ဆုံးအရောင်ကိုပြောပါဦးဟု သူကထပ်မေးပြန်သည်။ အဲ့သည့်မေးခွန်းမှာတော့ သူမအနည်းငယ်တွေဝေခဲ့ရသည်။ အနီရောင်ဟာ သူမရဲ့ ဒုတိယအနှစ်သက်ဆုံးအရောင်ဖြစ်တတ်သလို တခါတရံကျပြန်တော့ အပြာရောင်လေးကလည်းသူမရဲ့နှစ်သက်မှုများကို ခိုးယူတတ်ပြန်သည်လေ။ တတိယအရောင်ကိုတော့ သူမ မဆိုင်းမတွပဲဖြေလိုက်နိုင်ပါတယ် အနက်ရောင်ပါလို့။

သူမရဲ့အဖြေကိုကြားတော့ ရယ်စရာ မပါခဲ့ပါဘဲလျက် သူကဟက်ဟက်ပက်ပက်ရယ်မောပြန်သည်။

“နင်ကလည်း ဘာအထာလဲဟ။ ငါ့စကားထဲမှာ ရယ်စရာပါတယ်လို့တော့ ငါမထင်ပါဘူး။ ဘာတွေများရယ်နေရပြန်တာတုန်း”

ခေါင်းမော့ရယ်နေသောသူက အရယ်ကိုရပ်ကာ သူမကို စေ့စေ့ကြည့်ကာပြောလာသည်။

“နင့်ကိုငါကြည့်နေတာ။ နင်ဟာပြတ်သားမှုနဲ့တွေဝေမှုတွေ ဒွန်တွဲနေတဲ့ကောင်မလေးတစ်ယောက်ပဲ။ ပြတ်သားလိုက်ရင်လည်း နင့်ထက် ၂ယောက်မရှိဘူး။ တွေဝေငြိတွယ်ပြန်ရင်လည်း ဆင်ကော်တောင်အရှုံးပေးရလောက်အောင်ခွာဖို့ခက်တယ်။ တကယ့်ကို ဂွတီးဂွကျ ကောင်မလေး။ အဲ့သည့်အခေါ်အဝေါ်နဲ့ နင်ခုဝတ်ထားတဲ့ ဘောင်းဘီနဲ့ စဉ်းစားမိလို့ရယ်တာဟေ့။ ရှင်းပြီလားဟ”

သူပြောမှ သူမလည်း ကိုယ့်ကိုယ်ကို ပြန်လို့ငုံ့ကြည့်မိသည်။ ဟင်း…ဒါများရယ်စရာကျလို့ အာလာဒင်ဘောင်းဘီကြိုက်လို့ အချိန်ပိုင်းအလုပ် ပင်ပင်ပန်းပန်းလုပ်ပြီး ရတဲ့ပိုက်ဆံထဲက၀ယ်ထားရတာ။ လူများသူ့ရယ်စရာကျလို့…ဟု မကျေမနပ်တွေးလိုက်မိသည်။

အတွေးနှင့်အတူ နှုတ်ခမ်းစူသွားတဲ့ သူမကို စေ့စေ့ကြည့်ရင်းက သူကရှေ့တွင်ချထားသော လက်ဖက်ရည်ခွက်ကို တချိုက်တည်း မော့ချလိုက်သည်။

“ကဲ…နှုတ်ခမ်းစူထော်ထော်နဲ့ ဒေါ်စူပုတ်လေးရေ။ ငါတော့ အတန်းတက်ဖို့သွားတော့မယ်ဟေ့။ နင်လည်းစာကြည့်နေရင်း ငိုက်မနေနဲ့ဦး” ဟုဆိုကာ ခပ်သုတ်သုတ်ထွက်သွားခဲ့သည်။

ထွက်သွားတဲ့သူ့ကျောပြင်ကို အဓိပ္ပါယ်မဲ့ ငေးကြည့်နေရင်းက ဖတ်လက်စ lecture slide ကိုဆက်ဖတ်နေမိသည်။ ခဏပါပဲ။ အတွေးတို့က စာကျက်စရာမလိုသောဘ၀ ဆီသို့သာ  တ၀ဲလည်လည်။ မျက်စေ့ကိုမှိတ် ခေါင်းကို ခပ်ပြင်းပြင်းခါရမ်းလိုက်ရင်း စာထဲသို့သာ စိတ်ကိုဇွတ်နှစ်လိုက်သည်။  First Semester စာမေးပွဲနီးပြီလေ။

(၂)
Part Time လုပ်ရတာ ပင်ပန်းလှသည်။ စာမေးပွဲနီးပြီမို့ စာကြည့်ရချိန်ပိုများတော့ ပိုဆိုးသည်။ တချို့ကျောင်းသားတွေအတွက် မထောင်းသာလှပေမယ့် မတ်တပ်ကြာကြာရပ်တိုင်း နေမကောင်းဖြစ်တတ်တဲ့ သူမအတွက်တော့ Part Time လုပ်သော နေ့ရက်တိုင်းဟာ ပင်ပန်းလွန်းခဲ့ရတာ။

အဲယားကွန်းများစွာဖွင့်ထားတဲ့ Hyper Market ကြီးထဲမှာ တနေ့ကို အနည်းဆုံး ၆ နာရီလောက် မတ်တပ်ရပ်ရင်း လက်ကိုလည်း ဇယ်ဆတ်သလို မရပ်မနား လှုပ်ရှားရင်း ပစ္စည်းတွေကို scan ဖတ်ရသေးတာ။

တခါတရံ အသက်ကြီးသူတွေဈေးလာဝယ်လို့ ဆန်အိတ်အလေးကြီးတွေ နဲ့ဆပ်ပြာရည်ပုံးအကြီးကြီးတွေဝယ်လာရင်းနဲ့ scan ဖတ်ရန်လွယ်ကူစေဖို့ ကောင်တာပေါ်တင်ပေးဖို့မတတ်နိုင်တဲ့အခါနဲ့ Portable scanner လေးပျက်နေလို့မို့ ပစ္စည်းတွေဆီကို scanner လေးနဲ့သွားမဖတ်ပေးနိုင်တဲ့အခါမျိုးမှာ သက်ကြီးရွယ်အိုတွေ ပင်ပန်းတာမကြည့်ရက်တဲ့ သူမကပဲ အလေးခံပြီး ဆန်အိတ်အလေးကြီးတွေ ဆပ်ပြာပုံးအကြီးကြီးတွေကို ကိုယ်တိုင်သယ်ထုတ်ပြီး ကူညီခဲ့ရသည်။ ထိုကဲ့သို့ ဈေးဝယ်လာသူများ ၄ ယောက်လောက်စုံသောနေ့တွင်တော့ ညဖက်ရောက်တိုင်း အပြင်းဖျားတော့သည်။

ထိုအချိန်များတွင်တော့ Decogen လိုမျိုး Biogesic လိုမျိုးအကိုက်အခဲပျောက်ဆေးတွေ နှင့် အားဆေးတွေကို ပဲလှော်စားသလို တလှေကြီးသောက်၍ သူမ၏ ညတာများတွင် မကြာခဏဆိုသလို ၀င်ရောက်စိုးမိုးလာသော အဖျားကို မောင်းထုတ်ခဲ့ရသည်။ နောက်နေ့မနက်တွင်တော့ ဆေးရှိန်ကြောင့် နှုံးလျအိပ်ချင်လွန်းနေသောသူမ အလုပ်သို့မသွားနိုင်ခဲ့။ ထို့ကြောင့် သူမ၏အလုပ်ချိန်များသည် ၁ရက်ခြား သို့မဟုတ် ၂ရက်ခြားများသာဖြစ်ခဲ့ရသည်။ ဤကဲ့သို့ ပင်ပင်ပန်းပန်းလုပ်နေရသည်များကို အိမ်ကတနည်းနည်းဖြင့်ပြန်သိသွားမှာစိုးသောကြောင့် နီးစပ်ရာအသိုင်းအ၀ိုင်းကိုလည်းပိတ်ပင်ထားရသေးသည်။ အိမ်ကကျောင်းလခတွေ အိမ်ခန်းငှားခတွေ အများကြီးပို့ပေးရတော့ တခါတရံတော့ ကိုယ့်အိမ်ငှားခလေး ကိုယ်ပေးချင်တာမို့ ကြိုးစားရှာချင်သေးသည်။ သို့ပေသည့် ထိုခဲ့သို့ အဖျားဝေဒနာကို မကြာခဏပေးလေသောအလုပ်တွင် အချိန်ကြာကြာတော့ ဒဏ်မခံနိုင်ခဲ့ပေ။ တပတ်ကို ပျမ်းမျှ ၃ရက်မှ ၄ရက်နှုန်း ဖြင့် ၃လအကြာလုပ်အပြီးမှာတော့ မျောက်ခေါင်းရုပ်ပေါက်လာခါ ယိုင်နဲ့နဲ့ဖြင့်လှုပ်လီလှုပ်လှဲ့သာကျန်တော့သည်။ ဒါပေမယ့် လူကြီးတွေပိုက်ဆံအကုန်သက်သာစေချင်သော ဆန္ဒဖြင့် ဇွဲကတော့ ဖြင့်မလျှော့ချင်သေး။

(၃)
First Semester အပြီး ကျောင်းပိတ်ရက်များတွင်တော့ အိမ်လခ ကိုယ့်ဖာသာရှာချင်တဲ့ သူမ ပြက္ခဒိန်လုပ်ငန်းမှာက အစ အချိန်ပိုင်းဝင်လုပ်ဖူးသည်။ second semester ပြန်တက်ချိန်တွင် ကံဇာတာတစခန်းလောက် တက်ချင်လာတော့ မနက်တိုင်းလို သူမအလုပ်လုပ်သောဆိုင်မှာ သစ်သီးလာဝယ်တတ်သည့် မန်နေဂျာတစ်ယောက်နှင့်မျက်မှန်းတန်းမိသည်။ သူကလည်း ကိုယ့်မြန်မာပြည်မှာအလုပ်တာဝန်ကျဖူးသည်ဆိုပဲ။ သည်တော့ “မင်္ဂလာပါ” ဆိုသောနှုတ်ဆက်စကားကို မပီကလာ ဆိုရင်း သူမရှိသောကောင်တာသို့သာ ရင်းနှီးမှုဖြင့်ရောက်လာတတ်သည်။ သူမအလုပ်မှဒဏ်မခံနိုင်၍ ထွက်ချင်နေသော ၂လခွဲလောက်အကြာမှာတော့ သူနဲ့အတော်အတန်ရင်းနှီးလာကာ လူရှင်းသောနေ့တစ်နေ့တွင်တော့ စကားစပ်မိရင်း သူမကလျှပ်စစ်အဓိကဖြင့် ကျောင်းပြီးကြောင်းသိသွားသော မန်နေဂျာကြီးက သူတို့ကုမ္ပဏီတွင် တပတ် ၅ရက်နှုန်းဖြင့် ကျောင်းမတက်ခင်အချိန်များမှာ အချိန်ပိုင်းအလုပ်ဝင်ဖို့ ကမ်းလှမ်းလာပါသည်။

ဝါသနာပါရာစာရေးစာဖတ် သီချင်းနားထောင်ရင်းတို့ဖြင့် အားလပ်ချိန်များကုန်လွန်တတ်ပြီး အလုပ်လုပ်ချိန်များအပြီးတွင် ဖျားတတ်သောသူမ သင်ခန်းစာများလည်း မလေ့လာမကျက်မှတ်သည်မှာ ကြာပြီ။ သည်တော့….တပတ် ၅ရက်လုံး အလုပ်လုပ်ရမည်မှာ ဖြစ်နိုင်ပါမည်လော ပြန်စဉ်းစားရသည်။

နောက်တော့ စနေတနင်္ဂနွေ ပိတ်ရက်မှာစာကျက်လို့ရတာပဲဟု စိတ်ပိုင်းဖြတ်ကာ သူမအတွက် ဖျားနာမှုများစွာ ပွင့်လန်းစေခဲ့သော Casher အလုပ်ကို ၃လတိတိမှာ ကျောခိုင်းခဲ့သည်။

(၄)
Mechanical & Electrical Help Desk ဘ၀နှင့် မနက် ၈နာရီခွဲမှ ၅နာရီခွဲထိ complain များစွာပါဝင်သော အီးမေးလ်များကိုစစ်ရင်း ဖြေရှင်းပေးဖို့ နည်းပညာရှင်များဆီသို့ ကွန်ပျူတာနှင့်ဆက်သွယ်ထားသော ဖုန်းထဲမှတဆင့်စာတိုလေးများပို့ရင်း သူမရဲ့တစ်နေ့တာများဟာ ငြိမ်သက်တိတ်ဆိတ်နေတဲ့အခန်းကျဉ်းလေးထဲက အီးမေးလ်အသစ်ဝင်လာတိုင်း တတုံတုံမြည်တတ်တဲ့ ကွန်ပျူလေးရှေ့မှာ ကုန်လွန်ခဲ့ရသည်။

မနက်တိုင်း ၀င်ခွင့်ကတ်ပြားနှင့် ၀င်ပေါက်ဟူသမျှကို scan ဖတ်ဝင်ရသော။ မြို့လယ်ခေါင်တွင်တည်ရှိသော။ ကြီးကျယ်ခမ်းနားကာ အထပ်ပေါင်းများစွာရှိသော ဆင်တူတာဝါ ၂ခုအားအလယ်တွင် ပေါင်းကူးတံတားဖြင့် ဆက်သွယ်ထားသော။ မျက်နှာဖြူများနှင့် လစာမြင့် ရေပေါ်ဆီလူတန်းစားအသွင်ရှိဝန်ထမ်းများလုပ်ကိုင်သော အဆောက်အဦးကြီးသို့ မနက်၈နာရီထိုးတိုင်းအချိန်မှီရောက်ရှိရန် သူမကွန်းခိုနားရာ တိုက်ခန်းလေးမှ မနက်၆နာရီထိုးတိုင်း ထွက်ခွာသွားခဲ့ရသည်။

ရုံးခန်းထဲမှာ များသောအားဖြင့် သူမ တစ်ယောက်ထဲရှိမှာမို့ကျောင်းစာတွေလည်း လုပ်နိုင်မှာပါဟု အလုပ်မ၀င်ခင်က အလုပ်အခြေအနေကို မန်နေဂျာကြီးကပြောထားခဲ့တာကြောင့် စာဖတ်နိုင်မည်ပဲထင်ခဲ့သည်။ ဒါပေမယ့် လက်တွေ့ဘ၀အခြေအနေကတော့ မိနစ်တိုင်းနီးပါး တတုံတုံတက်လာတတ်သည့် complain king , complain queen များဟု သူမနာမည်ပေးထားသည့် ကျွန်းသူ ကျွန်းသားအပေါင်းတို့၏ အဲယားကွန်း အအေးလျော့လို့မို့ ။ အေးလွန်းလို့မို့။ ဆူညံသံတွေထွက်နေလို့မို့။ ဘယ်နေရာမှာ power trip ဖြစ်တော့မယ်ထင်လို့မို့။ ဘယ် socket outlet ပုံကို မကြိုက်လို့မို့။ မီးချောင်းအလင်းက ဘယ်လိုမို့။ ဆိုသည့် မရိုးနိုင်သော complain များစွာကို ရေးထားတဲ့ အီးမေးလ်များကိုဖတ်လို့ ဒါကတော့ Mechanical Technician ကိုလွှတ်ရမယ်။ ဒါကတော့ Electrical Technician စသည်ဖြင့်ခွဲခြားရင်း သက်ဆိုင်ရာ လူဆီသို့မက်ဆေ့ဂ်ျတိုလေးတွေရိုက်ပို့။ သူတို့ဆီမှ ဘယ်အချိန်သွားပါပြီဆိုတာ reply ပြန်လာသည်နှင့် complain queen/king များဆီသို့ အကြောင်းပြန်နှင့် လက်၂ဖက်ဆိုတာ အနားပေးဖို့သိပ်အချိန်မရှိလှ။ သို့ပေသည့် ဘာစိတ်ဖိစီးမှုမှမရှိဘဲ ဘာနည်းပညာမှသုံးစရာမလိုပဲ လူလည်း ပင်ပန်းမှုမရှိဘဲ။ အိမ်လခ။ ရထားခ များအတွက် ပူစရာမလိုအောင်လုံလောက်သည်ထက် အနည်းငယ်ပိုနေသေးသော လစဉ်ဝင်ငွေသည် သူမအား ဤအလုပ်မှာ အချိန်ပိုင်းဆက်လုပ်စေဖို့ ဆွဲထားခဲ့သည်။

ညနေ ၅နာရီခွဲရုံးဆင်းလျှင်တော့ ကျောင်းသို့အချိန်မီရောက်ရန် အူယားဖားယား ပြေးရတော့သည်။ ဒါပေမယ့်လည်း ဘယ်သောအခါမှ သင်ခန်းစာအစကို သူမ မမီခဲ့ပေ။ အလုပ်လုပ်သော မြို့လယ်ခေါင်မှ ကျောင်းရှိသော ရထားလမ်းဂိတ်ဆုံးနီးပါးသို့ ရထားဂိတ်ပေါင်းများစွာစီးရမည်မှာ အနည်းဆုံး၄၅မိနစ်တော့ ရှိမည်။ ဒါတောင်ရထားဂိတ်မှကျောင်းသို့ရောက်ရန် ကားတစ်ဆင့်စီးရဦးမည့် အချိန်နှင့် စာသင်ဆောင်ဆီသို့ရောက်အောင်သွားရမည့် အချိန်မပါသေး။

သည်တော့ အလုပ်လုပ်သော ကုမ္ပဏီနှင့်အနီးဆုံး ရထားဂိတ်မှသည် စာသင်ရာကျောင်းတော်နှင့်အနီးဆုံးရထားဂိတ်သို့ ရထားတစ်ဆင့်စီး ထိုမှတဆင့် စာသင်ရာ Lecture Theatre နှင့်အနီးဆုံးရောက်သည်ထိ တက္ကစီကိုသာ ငှားစီးရလေ့ရှိသည်။ ဒါတောင် သူမရောက်သွားချိန်များမှာ ဆရာစာသင်နေသည်မှာ အရှိန်ရနေပြီဖြစ်သည်။ ၁နာရီစာသင်ပြီးလို့ အားလပ်ချိန် ၁၅မိနစ်ပေးချိန်များတွင်တော့ ကော်ဖီစက်ရှိရာသို့အပြေးသွားလို့ ကော်ဖီတခွက် ၀ယ်သောက်ရတတ်သည်။ တကယ်တော့ ကော်ဖီ။ လက်ဖက်ရည်ဆိုသည်မှာ သူမ၏ ရန်သူ။ ၁၀ခါသောက်တိုင်း ၇ခါလောက်က ၀မ်းထဲသို့ရောက်သွားသည်နှင့် လည်ချောင်းတွင်ပျို့လာတတ်ကာ မထိန်းသိမ်းနိုင်ပါက ဝေါ့ကနဲ ထိုးအန်တတ်တာကြောင့် အန်ရတဲ့ ဝေဒနာဆိုးကို စိုးရွံ့မိသည့် သူမ ဘယ်တော့မှ မသောက်တတ်ခဲ့။ သို့ပေမယ့် ကော်ဖီမှ မသောက်လျှင်လည်း တနေကုန် ပင်ပန်းထားသော သူမမျက်ဝန်းများ ပွင့်နိုင်တော့မည် မထင်။ ပြီးတော့ စက်မှ အကြွေစေ့ပေးဝယ်ကာ သောက်ရသည့် ကော်ဖီက ဆိုင်ဖျော်လို မပြင်းတတ်တာကြောင့် သူမဒဏ်ခံနိုင်ပါသည်လေ။ ကျောင်းကပြန်ရောက်လျှင်တော့ ဆရာရှင်းပြခဲ့သည့် စာများကိုလည်း ပြန်လည်လေ့လာသုံးသပ်ခြင်းမပြုနိုင်တော့။ ငိုက်မြည်းနေသော မျက်လုံးများက အိပ်ရာဆီသို့သာ မျက်စောင်းထိုးနေတတ်ခဲ့သည်။

ကိုယ်ယူသောဘာသာရပ်အလိုက်သာကျောင်းတက်ရတာမို့ တပတ်မှာ ၃ရက်သာတက်ရသောကြောင့်သာတော်တော့သည်။ သို့မဟုတ်ပါက နောက်ကျမှ ရောက်လာတတ်သော။ စာသင်သော ဆရာကို  ပင်ပန်းသော မျက်လုံးများဖြင့်ရီဝေေ၀ကြည့်တတ်သော။ တခါတရံ လက်ဖက်ရည်ခွက်ကြီးရှေ့ချလို့ ဟန်မဆောင်နိုင်လောက်အောင်ပင် စားပွဲခုံနှင့် ထိမိမတတ် တဒိုင်းဒိုင်း အိပ်ငိုက်တတ်သော သူမကို နိုင်ငံပေါင်းစုံမှ ကျောင်းသားတိုင်း မှတ်မိပေရော့မည်။

(၅)
စနေတနင်္ဂနွေ ပိတ်ရက်လေးတွေမှာတော့ ကျောင်းတွင် စာစုလုပ်တတ်သော အတန်းဖော် မြန်မာများထံမှ လွတ်သွားသောစာများကိုပြန်မေးရသည်။ အိပ်ငိုက်လို့ နားမလည်လိုက်သော ပုစ္ဆာများကို ပြန်ရှင်းပေးစေရသည်။ First semester အချိန်ပိုင်းအလုပ်လုပ်စဉ်ကတော့ Formula Derivation တွေများလှတာကြောင့် ကျောင်းမပြတ်တက်ခဲ့သော စာတော်သော မောင်ငယ်တစ်ယောက်က သူငယ်ချင်းများကို စုရှင်းလေ့ရှိသည်ကို သွားရောက်နားထောင်ရင်း မှတ်ဥာဏ်ပြန်ခေါ်ခဲ့ရသည်။ တပြည်ရပ်ခြားမှာရောက်နေခဲ့သော မြန်မာများ ဤကဲ့သို့စည်းရုံးကူညီမှုကို သူမ ကျေးဇူးတင်စွာဖြင့် မေ့မရပါ။ စာနားမလည်မှာကိုသာ သူမစိတ်ပူသည်။ နားလည်ပြီးလျှင်တော့ တနေ့စာတနေ့ ချက်ခြင်းမှန်မှန်လုပ်သည့်ထဲမပါခဲ့။ သည်တော့ နားလည်အောင် စာရှင်းပြသည်ကို သွားနားထောင်သည်။ ပြီးလျှင်တော့ ပစ်ထားပြီး စာမေးပွဲနီးမှ ကုန်းလုပ်တတ်သည်မှာ သူမအကျင့်။ ပထမနှစ်ဝက်တုန်းကတော့ သိပ်မဆိုးခဲ့ပါ။ သူငယ်ချင်းအုပ်စုကြီးနှင့်စာစုလုပ်ဖြစ်ကြကာ အနည်းဆုံးတော့ ၂ပတ်တခါလောက် သင်ပြီးသားစာများကို စုရှင်း စုလုပ်တတ်ကြတော့ စာကြွေးသိပ်မရှိခဲ့။ နောက်တော့ အလုပ်ချိန်များနှင့်မဆုံဖြစ်ကြတော့သော သူမသည် သူငယ်ချင်းများအလယ်တွင် တကိုယ်တည်းဖြစ်လာခဲ့သည်ပေါ့။ ကျောင်းမတက်ရသော နေ့များတွင် အလုပ်ကပြန်လာသည်နှင့် ရေချိုးထမင်းစားခါ စာရေးစာဖတ်ခြင်းများနှင့်သာ သူမပျော်ဝင်ချင်ခဲ့သည်။ သို့ပေမယ့် စက်ရုပ်ဆန်လူသားဘ၀နှင့် တနေကုန်ကျင်လည်ခဲ့ရသော ကိုယ့်ဦးနှောက်လေးက စာပေအလှအပနုရွမှုလေးတွေ ထွက်မလာတတ်ခဲ့တော့။

အလုပ်သို့သွားသည့် လမ်းမှာ အမြဲတမ်း မြေအောက်shopping centre လေးတစ်ခုကို ဖြတ်သွားရသည်။ အိပ်ငိုက်နေသော မျက်လုံးများနှင့် ခပ်သုတ်သုတ်သွားရသည့်သူမကတော့ လမ်းလျှောက်နေရင်းနှင့်ပင် လိုဏ်ခေါင်းတလျှောက်ဖွင့်ထားသော ခပ်အုပ်အုပ်လေးပျံ့လွင့်လာသည့် တေးသံသာများကို ခံစားနားဆင်တတ်သေးသည်။ ဂီတနှင့်စာပေဟာ သူမရဲ့ အကောင်းဆုံးမိတ်ဆွေပါပဲ။ သို့ပေမယ့် အိမ်ပြန်ချိန်များမှာတော့ ဂီတကို မခံစားနိုင်ခဲ့ဘဲ ကျောင်းချိန်မှီဖို့ ပြေးလွှားရပြန်သည်ပေါ့။

(၆)
စာမေးပွဲနီးလာတော့ စနေတနင်္ဂနွေ ပိတ်ရက်များတွင် စာလုပ်ဖို့အချိန်ပေးကာ ကျောင်းသို့သွားလေ့ရှိသည်။ အိမ်မှာနေလျှင်တော့ မကြာခဏစာရေးချင်တတ်သော လက်များနှင့်… မကြာခဏ အိပ်ယာပေါ်ပစ်လှဲအိပ်တတ်သော မျက်လုံးများကို တားမရနိုင်ခဲ့။

နားမလည်သောစာများကို ဆိတ်ငြိမ်စွာဖြင့် ဖတ်ရသည့်အချိန်များ။ Formula Derivation များနှင့်လုံးပမ်းရသော အချိန်များနှင့် စာကြည့်တိုက်မှ စာအုပ်များကိုးကားရန်လိုသောအချိန်များတွင်တော့ တဦးးချင်းသီးသန့်ထိုင်နိုင်သော ။ နံရံလေးနှစ်ဖက်နှင့် သူမ၏ အဆီထစ်နေသော ၀မ်းဗိုက်လေးကိုသာမက ခန္ဓာကိုယ် ခပ်သေးသေးလေးကိုပါ လုံခြုံအောင် ကွယ်ပေးနိုင်သော ထောင့်ကောင်းကောင်း ရှုခင်းကောင်းကောင်းနေရာများကို သူမရွေးချယ်လေ့ရှိ၏။ ထိုအခါ စာလေးလုပ်လိုက် မျက်စိညောင်းလျှင်ဖြင့် မှန်ပြတင်းမှ မြင်တွေ့ရသည့် ဟိုခပ်ဝေးဝေးမှိုင်းပျပျဆီမှ  နန်ယမ်းတောင်ကုန်းလေးကို မျှော်ငေးလိုက်ဖြင့် မိဘများကိုလွမ်းရင်း စိတ်အပန်းဖြေခဲ့သည်။

စာများကို နားလည်ပြီး တခါတရံမှတ်သားရမည့်စာများပါလာလျှင်တော့ နားလည်ရုံသာမက ဦးနှောက်ထဲစွဲသွားစေရန် သူမသည် အသံထွက်၍သာ ရွတ်ဖတ်လေ့ရှိသည်။ ထိုအခါ ဆိတ်ငြိမ်နေသော စာကြည့်တိုက်ထဲတွင် သူမ၏ အသံကြောင့်တော့ အနီးပတ်ဝန်းကျင်မှသူများကို အနှောင့်အယှက်မဖြစ်စေလို။ ထို့ကြောင့် ဆေးကျောင်းသားများ သုတေသနပြုလုပ်ရာ သင်ခန်းစာများသင်ကြားလေ့ရှိသည့် biomedical school ဖက်က ခုံတန်းရှည်များပေါ်သို့ သူမခြေချဖြစ်ခဲ့သည်။ ဤနေရာလေးတွင် သူမ နှင့် သူစတင်၍ သူငယ်ချင်းဖြစ်ခဲ့သည်။

။။။။
ဆိတ်ငြိမ်စွာ စာကိုတိတ်တိတ်လေးဖတ်ချင်လို့ ဆေးကျောင်းဖက်သို့ခြေချခဲ့သည့် Triple E (Electircal & Electronic Engineering) မှကျောင်းသားတစ်ဦ်းနှင့် စာတွေကို ငယ်ငယ်က စာအံကျက်သလို တတွတ်တွတ်နှင့် အော်ကျက်ကာ ဆိုချင်ခဲ့သော (Computer Engineering) မှကျောင်းသူတစ်ဦးတို့ မတူညီသော ကျောင်းပရ၀ုဏ်ထဲတွင် တွေ့ဆုံမိကြရာဝယ်….

သူကတော့ သူမကို ဒီလိုအကဲခတ်ခဲ့သည်။

တစာစာနှင့် အာဗြဲကြီးစာအော်ဆိုနေသော ပုတက်တက် အသားညိုညိုကောင်မလေးတစ်ယောက်ကို သူမျက်စိစပါးမွေးစူးခဲ့သည်။ အာဗြဲနှင့် စာအော်ဆိုကာ ပတ်ဝန်းကျင်ကို ဒုက္ခပေးရုံနှင့်မ၀သေး။ တခါတရံ သူမဆီကို မကြာခဏ ၀င်လာတတ်သည့် ဖုန်းတွေကိုလည်းပြောလိုက်သေးသည်။ တော်တော်အမြင်ကတ်ဖို့ ကောင်းအောင်အာရုံနောက်သည့်ကောင်မလေး။ အနားမှာ သူပဲရှိလို့သာပေါ့။ တခြားနိုင်ငံခြားသားတွေသာရှိလျှင် စာအော်ဖတ်သည့်ကောင်မလေးအဖြစ် ကွက်ကြည့်ကြည့်တာ ခံရဦးမည်။

သူမကတော့ သူ့ကို ဒီလိုအမြင်ကတ်ခဲ့သည်။

ငါ့ဖာသာ လွတ်လွတ်လပ်လပ်လေး စာအော်ဆိုချင်လို့  ဘယ်သူမှမရှိတဲ့ ဒီနေရာကို လာဦးထားပါတယ်။ ဒီတစ်ယောက်ကရောက်နေပြန်ပြီ။ ဒီကောင်လေးကတော့ အနှောင့်အယှက်ပဲ။ အမြင်ကို ကတ်တယ်တော်။ သူမကျေနပ်လို့ပြောင်းပြေးသွားလည်း အေးတာပဲ။ ငါတစ်ယောက်ထဲစာအော်လို့ရတယ်။ လို့တွေးကာ ပိုတောင်အော်ပစ်လိုက်သည်။

သည်လိုနှင့် စနေတနင်္ဂနွေ ၂ပတ်လောက် တယောက်ကို ခုံကြီးတခုံစီနေရာယူပြီး အနိုင်မခံအရှုံးမပေး ဘယ်သူမှမဖယ်ခွာကြပဲ စာအတူလုပ်လာရင်းနှင့် သူမ၏ စာအော်သံကို ကျင့်သားရကာ မိတ်ဆွေဖွဲ့ရင်းနှင့် သူငယ်ချင်းတွေဖြစ်ခဲ့သည်။

(၇)
စာလုပ်ရင်းနားသောအချိန်တွင် သူကသီချင်းတွေဖွင့်သည်။ သူ့ချစ်သူကောင်မလေးပို့ထားသော အီးမေးလ်များနှင့် ဓာတ်ပုံများကိုဖွင့်ကာ အလွမ်းဖြေသည်။  သူမက အင်တာနက်ဖွင့်ကာစာတွေ ကွန်မန့်တွေလျှောက်ရေးတော့သည်။ တခါတလေတော့ ရေးထားတတ်သည့် စာတို ကဗျာတိုလေးများကို သူ့ကိုပေးဖတ်သည်။ သူကတော့ မခံစားတတ်။ မှတ်ချက်မပေးတာများသည်။ တခါတရံပေးတတ်သည့်မှတ်ချက်လေးကတော့ ဘာတွေရေးထားမှန်းမသိဘူးဟူ၍….

ရံဖန်ရံခါံပိတ်ရက်လေးစာလုပ်နေချိန်တွင် အရင်လုပ်ခဲ့သော ပြက္ခဒိန်လုပ်ငန်းက လူလိုလို့ လာကူပေးပါဆိုလျှင် နောက်ဆုံး semester အတွက် အချိန်ပြည့်လုပ်ရသောရုံးလုပ်ငန်းမှ ခဏထွက်ပြီး ကိုယ်လုပ်ချင်ချိန်မှ သွားရောက်လုပ်ကိုင်နိုင်သော အချိန်ပိုင်းအလုပ်များကို ပြန်လုပ်မည် စိတ်ကူးတာကြောင့် မိတ်ပျက်၍မဖြစ်။ ထိုအခါ စာလုပ်နေရင်းနှင့် အလုပ်သို့ထပြေးရ၏။ ထိုအခါမျိုးတွင်တော့ သူက “နင့်မလည်း စာမေးပွဲနီးတာတောင် အလုပ်ကိုပြေးရသေးတယ် ဒုက္ခ“ ဟုပြောသည်။ သူမကလည်း သူ့ရှေ့တွင် ၀မ်းနည်းသယောင်မျက်နှာထားလေးထားလိုက်ကာ “တချို့တချို့အတွက်လွယ်ပေမယ့် ကိုယ်ဟာ ရုန်းကန်လာခဲ့ဖူးတယ်“ ဟု သီချင်းလေးတပိုင်းတစဆိုပြလိုက်လျှင်တော့ “နင်က အိမ်ကယူလည်းရလျက်နဲ့ မယူတာကိုး လူဆိုးမရဲ့“ ဟုပြောဆိုရင်းကျန်ရစ်တတ်၏။

(၈)
သို့နှင့် နောက်ဆုံး semester တွင် စာတမ်းပြုစုရန် နှင့် Dissertation ကြီးအောင်မြင်စေရန်အတွက် သူမအတွက် အချိန်ပိုရမည်ဖြစ်သော  အချိန်ပိုင်းအလုပ်ခွင်ထဲသို့ပြန်လည်ဝင်ရောက်ရပြန်သည်။ သည်တော့လည်း အဖျားနှင့် ပြန်မိတ်ဆွေဖွဲ့ခဲ့ရပြန်၏။

အချိန်ပိုင်းအလုပ်ဝင်တော့ ၀င်ငွေက ၃ပုံ ၂ပုံနီးပါးလျော့ကျသွားပြန်သည်။ သည်တော့ အချိန်ပြည့်အလုပ်ပဲ ပြန်လုပ်ချင်တော့တာပါပဲ။ စာမေးပွဲနီးမှ စာစုပုံရှင်းတတ်လေ့ရှိတဲ့ သူမက စာကိုတော့ နောက်မှ စုပုံရှင်းဖို့ စိတ်ကူးထားသည်။ ဒါပေမယ့် Dissertation လုပ်ရင်းနဲ့ အဆင့်အလိုက်ရလဒ်တွေ ဆရာကို ပြနိုင်ဖို့ နှင့် ရလာဒ်တွေရရှိပုံအဆင့်ဆင့်ကို စာတမ်းပြုစုဖို့ရန်အတွက်ကတော့ အချိန်ပြည့်အလုပ်ပြန်လုပ်ပါက မဖြစ်နိုင်ခဲ့။ သို့နှင့် ငွေကြေးနှင့် အချိန်ကို လဲလှယ်ခဲ့ရသည်။ 

ဤသို့နှင့် လိုအပ်သောငွေကြေးနှင့်မရှိမဖြစ်သော အချိန်တို့ကို ယှဉ်ကြည့်နေဖို့အချိန်များမရခဲ့ဘဲ။ ပရော့ဂျက်များ။ ကျောင်းသင်ခန်းစာများ Dissertation လုပ်ရန်အချိန်များကို လောက်ငှအောင် ခွဲဝေသုံးစွဲရင်း အသားကျလာချိန်တွင်တော့ စိတ်ဖိစီးမှု များသလောက် ၀င်ငွေလည်း လုံလောက်စွာကောင်းမွန်သော အလုပ်တစ်ခုက ကမ်းလင့်လို့ကြိုလာပြန်သည်။ 

ထိုအချိန်ကတော့ Dissertation က ၇၀%ရာခိုင်နှုန်းလောက်ပြီးခဲ့ပြီး ဆက်လုပ်ဖို့ရာ တစ်နေခဲ့သည့်အချိန် ထို့ကြောင့် စာတမ်းကြီးတစ်ခုစာပြုစုဖို့ အစပျိုးထားခဲ့ပြီး ..ပြန်ဝင်မည်လော။ ဆက်မလုပ်နိုင်ခဲ့လျှင် သူမရဲ့ Dissertation ကြီးမပြီးခဲ့လျှင် ဒီဂရီမရတော့မှာမို့ စာတမ်းအခြေအနေကလည်း ဘယ်လောက်ကြာမည်မသိ။ Result ထွက်ဖို့ရာလည်း တစ်နေခဲ့သည့်အချိန်မို့စိတ်တွေ ထွေပြားကာ အလုပ်ကိုလည်း လုပ်မည်မလုပ်မည်အကြောင်းမပြန်ခဲ့။ 

အလုပ်မှဖုန်းဆက်ခေါ်ပြီး စာမေးပွဲနီးပါက ခွင့်ယူခွင့်ပေးမည်ဖြစ်တာကြောင့်လက်ခံစေလိုကြောင်း ပြောလာတဲ့အခါတွင်တော့ သူမအချိန်ပြည့်အလုပ်တစ်ခုတော့ ပြန်ရောက်ခဲ့ရသည်။ ဒီတစ်ကြိမ်တွင်တော့ ပထမ အချိန်ပြည့်အလုပ်လို စိတ်ဖိစီးမှုမနည်းခဲ့။ အချိန်တိုင်းဟာ စိတ်ဖိစီးမှုများအောက်တွင် ကုန်ဆုံးခဲ့ရသည်။

နေထိုင်ခွင့် ကဒ်ကိုလည်း ကျောင်းသားကဒ်မှ ၀န်ထမ်းကဒ်သို့ကူးပြောင်းပြီးပြီမို့ အားတင်းခါပင် ၂ခုလုံးနိုင်အောင်လုပ်ရတော့သည်။ အထက်တန်းစာမေးပွဲဖြေဆိုချိန်မှာတောင် ည၁၂နာရီထက် ပိုညဥ့်နက်အောင် စာမကျက်တဲ့သူမရဲ့ ညအိပ်ချိန်များသည် စာတမ်းရေးရန်အတွက်  ရလဒ်ကြီးပြီးအောင်လုပ်ဖို့ရန်အတွက် အမြဲပဲ ၂နာရီကျော်ခဲ့ရသည်။ မနက်ရောက်လျှင် အိပ်ရာမှထလို့ စိတ်ဖိစီးမှုများစွာပြည့်နေသော အလုပ်သို့သွားရပြန်၏။

တခါတလေ ကျောင်းအီးမေးလ်ကို အလုပ်ထဲတွင် ၀င်စစ်ခိုက် ပရော်ဖက်ဆာက ကိုယ်ရေးထားတဲ့ စာတမ်းကို မကြိုက်လို့ မှတ်ချက်တွေပေးကာပြင်ခိုင်းချိန်နှင့် သူမ၏့ အလုပ်မှလည်း စိတ်ဖိစီးများ မမျှအောင် တွေ့ကြုံနေရချိန်များနှင့် တိုက်ဆိုင်လျှင်တော့ မခံစားနိုင်တဲ့စိတ်နဲ့ ဘယ်သူ့မှ ဂရုမစိုက်နိုင်တော့ဘဲ ချုံးပွဲချကာ အားပါးတရ ငိုမိတော့သည်။ လုပ်ဖော်ကိုင်ဖက် နိုင်ငံခြားသားများက ဘာများဖြစ်သလဲဟ။ ဆိုကာမေးကြမြန်းကြနှစ်သိမ့်ကြလုပ်ကြ၏။ ထိုအခါမျိုးတွင်တော့ သူမက ငိုရင်းလက်စနဲ့ ပရော်ဖက်ဆာ ပို့ထားတဲ့ အီးမေးလ်ကို လက်ညှိုးထိုးပြလိုက်သောအခါတွင်တော့ သူတို့သဘောပေါက်သွားတော့သည်။ ထိုအခါ ခွင့်ယူမလားဘာလုပ်မလည်း ဟုမေးလာတော့ သူမက ရှိုက်လက်စမရပ်တန့်နိုင်ဘဲရှိုက်ကြီးတငင်ဖြင့် ငါက ည၂နာရီထိ ရေးထားတာကို ပရော်ဖက်ဆာကြီးက မကြိုက်ဘူးတဲ့။ ဟု လက်ညှိုးတထိုးထိုးဖြင့် ရင်ဖွင့်မိတော့သည်။ 

(၉)
ထိုအချိန်မှ စ၍ စိတ်ထဲရှိတိုင်း မအောင့်အည်းတတ်ဘဲ တုံ့ပြန်တတ်သော။ စိတ်ကို ထိန်းချု့ပ်နိုင်မှုနည်းသော။ ခံစားလွယ်သော  သူမ၏ စိတ်ရင်း စရိုက်ကို လူတိုင်းသိမြင်သွားခဲ့သည်။ ( စီနီယာကတော့ သူမအား “ကလေးမဟုတ်တော့ဘူး။ စိတ်ကို တင်းထား တင်းထား“ ဟု အမြဲအားပေးလေ့ကျင့်နေခဲ့သည်မှာ ယခုထက်တိုင် ဒါပေမယ့် ယခုထိတိုင်လည်း သူမစိတ်များကို မပြောင်းလဲနိုင်ခဲ့သေးပါ)။ သို့နှင့် မအောင့်အီးနိုင်သောအချိန်များတွင် ငိုကြွေးရင်း။ ငိုက်တလှည့် စိတ်ညစ်တလှည့် ကြားမှ ကျောင်းစာများကိုလုပ်လိုက်ရင်းနှင့်…သူမ  ကျောင်းပြီးသွားခဲ့သည်။

(၁၀)
ပိုက်ဆံကို သူတပါးတိုင်းပြည်မှာ ကိုယ်တိုင်ရှာဖွေရတော့မှ စိတ်ဖိစီးမှုများနှင့် ရင်းကာရခဲ့သော ၀င်ငွေများအဖြစ် သူမတန်ဖိုးထားတတ်ခဲ့လာသည်။ 

တခါတရံ ဖုန်းဆက်မိချိန်များတွင် သူငယ်ချင်းကသူ့အိမ်ထောင်ရေး ရှေ့ရေးများကိုပြောပြတတ်သည်။ နင်လည်း ယောက်ျားယူတော့ဟု တိုက်တွန်းတတ်သေးသည်။ ထိုကဲ့သို့ တိုက်တွန်းတိုင်း “သူငယ်ချင်းရေ…. ကိုယ်က စာတွေကို သင်ယူခဲ့ရတဲ့ ကျောင်းသူလေးပဲဖြစ်ခဲ့ဖူးတာလေကွယ်။ အချစ်အကြောင်းလေး ကြေညက်အောင် အချစ်ရဲ့ကျောင်းသူလေး လုပ်ဖို့တော့ လိုလိမ့်ဦးမယ်။ ဒါမှလည်း နင်ပြောတဲ့ အိမ်ထောင်ပြုရေး ခိုင်မြဲအောင်ထိန်းသိမ်းနိုင်မှာပေါ့။“ ဟု ရယ်သွမ်းသွေးကာ ပြန်လည်စနောက်ခဲ့သည်။


တကယ့်လက်တွေ့မှာ ပညာသင်ကြားရသော့ ကျောင်းသူလေးဘ၀နှင့် စာတွေကို ကျေညက်အောင် ကြိုးစားလေ့လာသင်ယူလို့..ကံ၊ဥာဏ်၊၀ီရိယ ထပ်ပေါင်းကာ ဘ၀အသက်မွေးမှုအတွက် မြင့်မားသောခုံတစ်ခုံရရှိအောင် ကြိုးစားရမည်မှာ ဖြစ်နိုင်ပေသေးသည်။ အချစ်ရဲ့ကျောင်းသူအဖြစ် မြတ်နိုးတွယ်တာချစ်ခင်မှု၊ သစ္စာရှိမှု နှင့် မေတ္တာမပျက်ယွင်းမှုတို့ကို ကိုယ့်ခင်ပွန်းဆီက ဘ၀တစ်သက်တာလုံး မပျက်မယွင်းအောင် ထိန်းသိမ်းရရှိစေဖို့ ကြိုးစားရမည်မှာ တကယ်ရော လွယ်ပါမည်လော၊ ဖြစ်နိုင်ပါမည်လောဟု။ သူတစ်ပါးစိတ်ကို ထိန်းချုပ်ဆွဲငင်ဖို့ရာ ယုံကြည်မှုနည်းလွန်းသော သူမတွေးနေမိပါသည်။