Wednesday, August 18, 2010

မိမိကိုယ်ကို အမှန်အတိုင်းမြင်ကြည့်ခြင်း

၁။ အဖျားနဲ့အတူ ၁၀ပေါင်ကျသွားတော့ ၀မ်းနည်းပက်လက်ဖြစ်မိတယ်။

ကိုယ့်ကိုယ်ကိုပဲ ပြန်အားပေးလိုက်တယ် - သင်္ခါရ...လို့။

၂။ မိသားစုနဲ့ပြန်တွေ့တုန်း ကလေးဆန်တယ်လို့လူတိုင်းစွပ်စွဲတဲ့ အရင်လို အကျင့်ဆိုးပြန်ထွက်လာမယ်ထင်ခဲ့ပေမယ့်...မေ့သွေးတိုးကို စိုးရိမ်မိတော့ နေ့တိုင်း သွေးပေါင်ချိန်စက်နဲ့ တိုင်းတာပြီးစိတ်ပူနေမိခဲ့တယ်။

ကိုယ့်ကိုယ်ကို သုံးသပ်ကြည့်လိုက်တယ် - ကိုယ်အတော်ကြီးကို လူကြီးဆန်လာပြီ.....လို့။

၃။ GTalkမှာမြင်သမျှ ကိုယ်ခင်တဲ့ မိတ်ဆွေအပေါင်းအသင်းတွေကို စာတွေ တတောက်တောက်ရိုက်ပြီးစကားတွေအားပါးတရ ပြောလိုက်ချင်တယ်။
ညီရင်းအမ မောင်ရင်းအကိုလိုချစ်ခင်ရသူတွေကို အွန်လိုင်းမှာမတွေ့ပြန်တော့ ဖုန်းမက်ဆေ့ဂ်ျတွေရိုက်။ ဒါမှမဟုတ် ဖုန်းတွေတဂွမ်ဂွမ်ဆက်ပြီး စကားတွေတီတီတာတာ ကြည်ကြည်သာသာနဲ့ ဟာသတွေနှောကာ ပြောလိုက်ချင်တယ်။

မနေနိုင်စွာ မက်ဆေ့ဂ်ျရိုက်မိမယ်ကြံပြန်တော့ မျက်ရည်လေးအ၀ဲသားနဲ့ ကိုယ့်လက်ကလေးကိုယ်အသာပဲပြန်ဆွဲထားလိုက်တယ်- သူတို့မှ ကိုယ့်ကိုသတိမရလို့မဆက်သွယ်ကြတာ။ နေပါစေလေ အနှောင့်အယှက်မပေးပါနဲ့.....လို့။

၎။ ပြည်ပကသူငယ်ချင်းတွေနဲ့ ငယ်ဘ၀အကြောင်းပြန်ပြောတော့ သူငယ်တန်းတုန်းက သူငယ်ချင်းအကြောင်းတောင်ပါရဲ့။ သူငယ်ချင်းကပြောတယ် “ငယ်တုန်းက သူငယ်ချင်းတွေကိုတောင် မေ့မထားတတ်တဲ့နင့်ကို ငါတကယ်ကို ချီးကျူးပါရဲ့ဟာ” တဲ့။

သူ့စကားကြားတော့ ကိုယ့်ကိုယ်ကို မြင်သွားမိတယ်- သြော်...တော်တော်ကို သံယောဇဉ်အစွဲအလမ်းကြီးတဲ့ မိန်းကလေးပဲ...ကိုယ်သံယောဇဉ်ကြီးသလို ကိုယ့်ကို မိတ်ဆွေဘယ်နှစ်ယောက်က သံယောဇဉ်ပြန်ကြီးသလဲ။ ကိုယ်ကသာ မိတ်ဆွေအပေါင်းအသင်းသူငယ်ချင်းတွေ အသံလေးပြောင်းတာကအစ နေမကောင်းဘူးလား။
ဘာညာနဲ့စိုးရိမ်ပူပန်ရသလောက်..ကိုယ့်ကို မိတ်ဆွေဘယ်နှစ်ယောက်ကများ ပူပန်ဖူးသလဲ။....တယ်ဝဋ်ကြွေးကြီးတဲ့ ကိုယ်ပါလား.....လို့။

၅။ ဒီကိုပြန်လာခါနီးတော့ မျက်ရည်ကျခဲတဲ့မေက ကိုယ်မမြင်အောင် တစ်ဖက်ကိုလှည့်လို့ မျက်ရည်တွေသွန်ချတယ်။ လူတွေရဲ့ စိတ်ခံစားချက်ကို ဖတ်ဖို့အမြဲကြိုးစားတဲ့ ကိုယ်ကတော့ မြင်ဖြစ်အောင်ကို မြင်လိုက်တယ်။

ကိုယ်လဲမျက်ရည်လည်ရွှဲဖြစ်ပြီး တိတ်တိတ်လေးပဲ မှတ်ချက်ချမိတယ်- လူကြီးတွေက မသွားဖို့ အတန်တန်တားမြစ်တဲ့ကြားက ကိုယ့်ဆန္ဒကိုယ် ရှေ့တန်းတင်ပြီးထွက်လာတဲ့ မိန်းကလေး။ မေမေ့မျက်ရည်စက်တွေတောင်ရင်းပြီး မလွှတ်ချင်ဘဲ လွှတ်ခဲ့ရတဲ့မိန်းကလေး ဘာတစ်ခုမှဖြစ်ဖြစ်မြောက်မြောက်ဖြစ်မလာသေးပါလား။ တော်တော်ကို အသုံးမကျတာပဲ.....လို့။

သူများတွေ ဘွဲ့ရရှိရေးအတွက် ပရော့ဂျက်တွေအားသွန်ခွန်စိုက်လုပ်နေချိန်မှာ တောင်စဉ်ရေမရ အတွေးတချို့ကို နှစ်နှစ်ခြိုက်ခြိုက်တွေးပြီး....“ကွန်ပျူတာသမားမဟုတ်လို့ coding မရပါဘူးဆို....ဖျားနေတာကောင်းကောင်း အားပြန်မပြည့်သေးပါဘူးဆို”...စတဲ့ ကိုယ့်ကိုယ်ကို ပုန်းရှောင်တဲ့ခပ်ညံ့ညံ့ အကြောင်းပြချက်တွေနဲ့ Projectအနား ကပ်လို့တောင်မသီခဲ့တဲ့။ စာလုပ်ဖို့ဆို တော်တော်ပျင်းတ။ဲ့ ခပ်ဖျင်းဖျင်းလူတစ်ကောင်လို့သာ....ကိုယ့်ကိုယ်ကို အဆုံးသတ်နာမည်ပေးလိုက်တော့တယ်။

တကယ်တော့............ဘာဆိုဘာမှ ဖြစ်မြောက်အောင်မစွမ်းဆောင်နိုင်သေးသူရယ်ပါ။

11 comments:

နွေဆူးလင်္ကာ said...

ဒီလိုပါပဲဗျာ .. တခါတခါ ကိုယ့်ကိုကိုယ် အားမရကြတာ သိပ်မထူးဆန်းပါဘူး ... ပျော်ရွှင်ပါစေဗျာ ..

ဟန်နာ said...

တူတူပါပဲ...မမရေ..ကိုယ့်ရဲ့ မကောင်းတဲ့အကျင့်တွေ မတွေးဘဲ ကောင်းကွက်လေးတွေ တွေးပြီးပဲနေလိုက်လေ..အနည်းဆုံး နေပျော်သွားမှာပေါ့..း)))

ZT said...

လုပ်တိုင်းမဖြစ် စိတ်မညစ်နဲ့။ ကိုယ်လုပ်တိုင်းသာ ဖြစ်နေပါ ဘယ်မှာ အနတ္တ ရှိမည်နည်း။

(အတည်ဖတ်နော်။ ပြောင်ချော်ချော် အသံနဲ့ မဖတ်နဲ့။ :D )

ဝက်ဝံလေး said...

နေမကောင်းလို့ အားငယ်နေတာပါ မ ရယ်
စိတ်မပူနဲ့နော် သမီး ရှိတယ် သိလား
အာဘွားးးးးးးးး ရှလူးးးးးးးး မွ မွ

nyi said...

အချိန်တန်ရင်လူကြီးတော့ဖြစ်မှာပေါ့ကွ။ ဟားဟား
အားတင်းထားပါကွငါ့ညီမရ
ညည်းအကို ငါလာတွေ့ပါတယ်ကွ...
ညည်းအမနဲ့ဟိုနေ့ကဖုန်းဆက်တော့
တောင်ညည်းအကြောင်းပြောနေသေးတယ်
သိပ်သတိရတယ်တဲ့.....
ဝက်ကလေးပြန်လာတုန်းက
သူကြိုက်တဲ့...ဒန်ပေါက်တောင်ချက်ြပြီး
ဖိတ်မကျွေးလိုက်ရဘူးတဲ့။
ဖုန်းမဆက်ဖြစ် မေးလ်မပို့ဖြစ်ပေမယ့် စာဖတ်လို့ရတဲ့နေရာရောက်တိုင်းတော့
ငါ့ညီမလေးဆီ အမြဲလာလည်ပါတယ်ကွ။
ကြိုးစား

အကိုတော်
ညီသစ်

nyi said...

P.S ၁၀ပေါင်ကျသွားလို့ငိုမဲ့မဲ့ဖြစ်နေမယ့်
ခလေးတယောက်ကိုမြင်ယောင်လို့
ပြန်လာအားပေးတာ။
အစားများများပြန်စား။ အအိပ်များများအိပ်
အရင်လို ပြန်ဝလာပါစေ။
:D
Don't Give Up!
The World is perfect for you, my little sis!

WWKM said...

ပေါင် ၁၀ ကျသွားတယ်လား ညီမလေး။
မော်ဒယ်ဖြစ်သွားပြီပေါ့။

စိတ်ဓါတ်မကျနဲ့နော်.
မမသိတဲ့ ကြည်ဖြူပိုင်ဆိုတာ ငယ်ငယ်ရွယ်ရွယ် နဲ့ သွက်သွက်လက်လက် တက်တက်ကြွကြွ ညီမလေးတစ်ယောက်ပါပဲ။

ဖိုက်တင်။

ချစ်တဲ့

မမ၀ါ

ကြည်ဖြူပိုင် said...

@ကိုနွေဆူးလင်္ကာ ။ ညီမ ဟန်နာ။ အကိုဇက်တီ။ ညီမလေးဝက်ဝံလေး။ ကိုညီသစ်နဲ့ မ၀ါ ကျေးဇူးပါနော်။
ကိုယ့်ကိုယ်ကိုအစုတ်ပလုပ်လို့မြင်သွားတာ.. စိတ်ဓာတ်တော့ကျသေးဘူး။လမ်းတစ်
ဝက်မှာတော့ရောက်နေပြီ။ဟဲဟဲ
:D
ခုလိုအားပေးစကားပြောတဲ့အတွက်
ကျေးဇူးတွေတစ်သိန်းလောက်တင်တယ်နော်....
တကယ်ပြောတာ
:) :D

sosegado said...

မရောက်တာကြာလို့ ဝင်ခဲ့ပါသည်၊ ကျန်းမာပျော်ရွှင်ပါစေ၊
လူဆိုတာ ကိုယ်နေရမဲ့နေရာကို ရောက်သွားကြရတယ် ဒီနေရာမှာနေရမယ် ဒီလူတွေနဲ့တွေ့ရမယ် ဒီလိုကြုံရမယ်ဆိုတာ ရှိပြီးသားဖြစ်နေတဲ့ သဘောပဲ၊ ဘုရားသခင်ကဖန်တီးတယ်လို့ပဲပြောပြော၊ ရှေးဘဝ ကုသိုလ်ကံ ပဌန်းဆက်လို့ပဲဆိုဆို တစ်ခါတစ်လေမှာ ငါဒီကိုဘာလို့ရောက်ခဲ့တာလဲလို့ ပြန်စဉ်းစားရင် အံ့သြမှု့တွေ များစွာတွေ့ရတယ်။

PhyoPhyo said...

ညီမရေ မင်္ဂလာပါ၊
fb မှာ ကိုမျိုးသာထက်လင့်ပေးထားတဲ့ “မီးစာကုန်လို့ ဆီခမ်းချိန်”စာလေးဖတ်ရင်ရောက်လာတာ၊ သူငယ်ချင်းတစ်ယောက်တောင်ပေးဖတ်လိုက်သေးတယ်၊ ကြိုက်လို့တဲ့၊ အားကြီးစာရေးကောင်းတယ်၊ စာလေးတွေကြိုက်လို့ လင့်ယူထားတယ်နော်၊

မြစ်ကျိုးအင်း said...

ဘာပဲဖြစ်ဖြစ် မဖြစ်ဖြစ် ချစ်မေတ္တာ ရှိတာထက်တော့ မကောင်းနိင်ပါဘူး သူငယ်ချင်းရာ။
အရာရာအားလုံး ထားခဲ့ရမယ့် လောက အတွက် လိုအပ်နေတာက အကောင်းမြင်စိတ်နဲ့ ကိုယ်ချင်းစာစိတ်ပဲ မဟုတ်လား။
ပညာတွေ လွှင့်နေအောင် တတ်တာထက် ပါတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်အောင်နေတဲ့ သူကိုပဲ ငါတော့ ပိုခင်တွယ်ချင်တယ်။